တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအားလုံး ထားဝယ်တက္ကသိုလ်သို့ ပို့ရမည်

0
483

အဆင့်မြင့်ပညာ ဦးစီးဌာသို့ လျှောက်ထားရမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအားလုံးကို ထားဝယ် တက္ကသိုလ်က လက်ခံမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ပြောကြားသည်။
ယခုနှစ်မှ စတင်၍ တက္ကသိုလ်ဝင် ခွင့် လျှောက်လွှာများကို နည်းလမ်း နှစ်မျိုးဖြင့် လျှောက်ထားနိုင်သည်။
ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၁၁ ခုတွင် တက်ရောက်လိုသူ များက ယင်းတက္ကသိုလ်များကို တိုက် ရိုက်လျှောက်ထားရမည်ဖြစ်ပြီး ကျန်ရှိ သော တက္ကသိုလ်များကို အဆင့်မြင့် ပညာဦးစီးဌာနမှ တစ်ဆင့် လျှောက်ထား ရမည်ဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာနသို့ လျှောက်ထားသည့် တနင်္သာရီတိုင်းမှ လျှောက်လွှာများကို ထားဝယ်တက္ကသိုလ် မှတစ်ဆင့် လျှောက်ထားရမည် ဖြစ်သည်။

ထားဝယ်တက္ကသိုလ်က တိုင်းအတွင်း တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများ၏ လျှောက် လွှာများကို စုစည်းလက်ခံပြီး အဆင့်မြင့် ပညာဦးစီးဌာကို ပို့ဆောင်ပေးမည်ဖြစ် ကြောင်း ဒေါက်တာချိုချိုမြင့်က ပြော သည်။
“(ထားဝယ်တက္ကသိုလ်က) လျှောက် လွှာတွေကို စုစည်းလက်ခံပေးတာပဲ ရှိတယ်။ ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်တာက သူတို့ ဘာသာ အ.ဆ.ည (အဆင့်မြင့်ပညာ ဦးစီးဌာန)က ရွေးတာ”ဟု ၎င်းက ဆိုသည်။
လျှောက်လွှာများကို ဇွန်လ ၂၀ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ လက်ခံ ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်လွန် သူများမှာ အဆင့်မြင့်ပညာဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားရမည်ကြောင်း ထားဝယ်တက္ကသိုလ် သင်တန်းရေးရာ ဌာန လက်ထောက်မော်ကွန်းထိန်း ဦးကျော်စိုး က ပြောသည်။

“လျှောက်ရမှာကတော့ ထားဝယ် တက္ကသိုလ်ကို လျှောက်ရမှာ၊ အ.ဆ.ည ကလည်း လက်ခံတယ်။ သူတို့ကတော့ မှားယွင်းပြီး ရောက်လာတဲ့သဘောနဲ့ လက်ခံတာ”ဟု ဦးကျော်စိုးက ဆိုသည်။
မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့မှ ကျောင်းသားများသည် ထားဝယ် တက္ကသိုလ်စာတိုက်သို့ ပေးပို့လျှောက် ထားနိုင်ကြောင်း ၎င်းက ပြောသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ အထက်တန်းကျောင်း များတွင် ဇွန်လ တတိယအပတ်မှ စတင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာန တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ စုစုပေါင်း ဦးရေခြောက်ထောင်ကျော်ရှိ သည်။
တိုက်ရိုက်လျှောက်ထားရမည့် တက္ကသိုလ် ၁၁ ခုမှာ ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (မန္တလေး)၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ရန်ကုန် သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တို့ ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ကို သက်ဆိုင်ရာ တက္ကသိုလ်များထံတွင် စုံစမ်းနိုင်ပါသည်။