မီတာခတစ္ဆေ ဘယ်အချိန်ထိ ဆက်ခြောက်နေဦးမှာလဲ

0
383

ယခုလအတွက် မီတာတစ်ယူနစ် ၄၀၅ ကျပ်နှုန်း စတင်ပေးဆောင်ရသော မြိတ်မြို့သို့ တစ်ယူနစ် ၃၅ ကျပ်မှ ၅၀ ကျပ်ကြားသာ ပေးဆောင်ရမည့် ဓာတ်အားလိုင်း ၂ နှစ်ဝန်းကျင်အတွင်း ရောက်ရှိလာမည်ဟု တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုလိုက်သည်။
ဇွန်လ ၅ ရက်က မြိတ်မြို့တွင် ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ရပ် /ကျေးအုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံ ပွဲအပြီးတွင် သတင်းမီဒီသမားတို့က လျှပ်စစ်ကိစ္စ မေးမြန်းကြရာ ဝန်ကြီးချုပ် က ယင်းကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

“လိုင်းဆွဲနေတဲ့ နှုန်းနဲ့ဆိုရင် မော်လမြိုင်ကနေပေါ့၊ ကျွန်မထင်တယ် နှစ်နှစ်ခန့် နှစ်နှစ်ခွဲခန့် ကြာဦးမယ် ထင်တယ်”ဟု ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
လျှပ်စစ်ဌာန၏ ထုတ်ပြန်ပြော ဆိုချက်များအရမူ မြိတ်သို့ မဟာဓာတ် အားလိုင်း ရောက်နိုင်မည့်လမ်းကြောင်း (အစီအစဉ်)၂ ခုရှိပြီး ၂ခုစလုံးက အချိန် အနည်းဆုံး ၃ နှစ်မှ ၄ နှစ်ခန့်ကြာဦး မည် ဖြစ်သည်။

ပထမ အစီအစဉ်က မော်လမြိုင်မှ ထားဝယ်အထိ ၂၃၀ ကေဗွီ မဟာဓာတ် အားလိုင်းဖြစ်ပြီး လက်ရှိတွင် ဓာတ် ကြိုးဆွဲမည့် လမ်းကြောင်းကို အတည် ပြုရန် တိုင်းတာရေး လုပ်ငန်းများ EIA , SIA စစ်တမ်းများ လုပ်ဆောင် နေကြောင်း ဒုတိုင်းလျှပ်စစ်အင်ဂျင်နီယာ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ပြောသည်။
ထားဝယ်သို့ ရောက်လာမည့် မဟာဓာတ်အားလိုင်းကို မြိတ်အထိ ဆက်လက်သွယ်တန်းနိုင်ရေး လုပ်ဆောင် ရမည်ဖြစ်ကာ လာမည့် ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း ပြီးစီးနိုင်မည် ဖြစ်ကြောင်း ဦးထွန်းဝဏ္ဏက ပြောသည်။

ဒုတိယအစီအစဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်ထောင်စု အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် ကံပေါက် ဒေသတွင် LNG ဖြင့် လျှပ်စစ်ထုတ်မည့် စီမံကိန်းမှ ၂၃၀ ကေဗွီလိုင်းဖြင့် မြိတ်မြို့ သို့ သွယ်တန်းမည်ဖြစ်ကြောင်း ဦးထွန်း ဝဏ္ဏက ဆိုသည်။
ကံပေါက်ဒေသတွင် Total& SIEMENS ကုမ္ပဏီက LNG လောင်စာ ဖြင့် လျှပ်စစ် ၁၂၃၀ မဂ္ဂါဝပ် ထုတ်လုပ် မည့် အဆိုပါစီမံကိန်း အကောင်အထည် ဖော်ရန် လုပ်ငန်းစီမံချက်များ ကြိုတင် လေ့လာမှု၊ ဒီဇိုင်းထုတ်ခြင်းနှင့် အကြို အင်ဂျင်နီယာ လုပ်ငန်းများ စတင်လုပ် ဆောင်နိုင်မည့် သဘောတူညီမှုကို ပြည်ထောင်စု အစိုးရနှင့် လက်မှတ်ရေး ထိုးခဲ့သည်။
အဆိုပါစီမံကိန်း ပထမအဆင့်မှာ ၃၆ လ(၃နှစ်)၊ စီမံကိန်း ဒုတိယ အဆင့် မှာ ၄၈ လ (၄နှစ်)အတွင်း ပြီးစီးမည်ဟု ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထွက်လာမည့် လျှပ်စစ်ကို ပြည် ထောင်စုဓာတ်အားကွန်ရက်သို့ ၅၀၀ ကေဗွီလိုင်းဖြင့် ပဲခူးတိုင်းကို ပို့ဆောင် မည်ဖြစ်ကာ ထားဝယ်နှင့် မြိတ်ကိုမူ ၂၃၀ ကေဗွီလိုင်းဖြင့် သွယ်တန်းမည်ဖြစ် ကြောင်း ဦးထွန်းဝဏ္ဏက ဆိုသည်။
ထို့ကြောင့် မြိတ်လူထုအတွက် ယခုဈေးထက် ၁၀ ဆခန့် သက်သာသော ဝန်ကြီးချုပ်ပြောသည့် ၃၅ ကျပ်မှ ၅၀ ကျပ်ကြားသာ ပေးဆောင်ရမည့် ဓာတ် အားလိုင်းမှာ သာမန်အားဖြင့် ၃ နှစ်မှ ၄ နှစ်အထိ ထပ်ကြာဦးမည် ဖြစ်သည်။
“မြန်မြန်လိုချင်တဲ့အတွက် ဒေသ ရဲ့ဆန္ဒနဲ့ ဘယ်လိုမျိုးနဲ့ လျင်မြန် အောင် လုပ်မလဲဆိုတာတော့ ဝန်ကြီး ချုပ်တို့က ပိုအသိဆုံး ဖြစ်မှာပါ”ဟု ဦးထွန်းဝဏ္ဏက ပြောသည်။

ထို မဟာဓာတ်အားလိုင်းများ မြိတ်သို့ သွယ်တန်းပါက ထားဝယ်ခရိုင်အတွင်း အစိုးရဓာတ်အားလိုင်း ဖြန့်ကျက်ရောက် ရှိပြီးသော နေရာများအတွက်ပါ ခံစား ခွင့်ရှိမည် ဖြစ်သော်လည်း ကော့သောင်း ခရိုင်နှင့်တကွ အစိုးရဓာတ်အားလိုင်း မရောက်ရှိသေးသော မြို့ရွာများ အတွက် မူ မီးလင်းရေးလုပ်ငန်းရှင်များ၏ ဒီဇယ် မီးဖြင့် ဆက်လက် နှစ်ပါးသွားနေရဦးမည့် အခင်းအကျင်း ဖြစ်သည်။
ကော့သောင်းမြို့နယ် ပုလုံး တုံတုံး ရွာတွင် ယခုလ တစ်ယူနစ် ၁၉ ဘတ် (မြန်မာငွေ ၇၉၈ ကျပ်ခန့်) ကောက်ခံ နေသည်။
ထိုသို့ ကော့သောင်းခရိုင်နှင့်တကွ အစိုးရမီးလိုင်း မရောက်သည့် ဒီဇယ် မီးဖြင့် မီးလင်းနေသော မြို့ရွာများသည် ရှေ့တွင် မီတာခတစ္ဆေ၏ ခြောက်လန့်မှု ကို ရက်အကန့်အသတ်မဲ့ ဆက်ခံနေရ ဦးမည် ဖြစ်သည်။

ဈေးဆယ်ဆခန့်သက်သာသည့် လျှပ်စစ်လိုင်း ရောက်လာမည်ဆိုသော ဒေသများသည်လည်း အစိုးရမှ ကတိ အတိုင်း ဆောင်ရွက်နိုင်သည့်တိုင် လက်ရှိကြားကာလတွင် ဒီဇယ်ဈေး အတက်အကျပေါ်မူတည်သော မီတာခ တစ္ဆေ၏ ခြောက်လှန့်မှုကို ၃ နှစ်မှ ၄ နှစ်အထိ ခံနေရဦးမည် ဖြစ်သည်။
ယခုဇွန်လတွင် ဒီဇယ်ဈေး (တစ်လီ တာတွင် ၅၅ ကျပ်ခန့်) တက်လာသည် ကို အကြောင်းပြုကာ ဒီဇယ်ဖြင့်မီးပေး သည့် မြို့၊ ရွာများအားလုံးနီးပါးတွင် ယခင်နှုန်းထက် တစ်ယူနစ်လျှင် ၃၀ ကျပ်မှ ၅၅ ကျပ်ထိ ပိုတိုးကောက်ခံခဲ့ရာ မီးသုံးစွဲ သူတို့ကြား မကျေမချမ်း ညဉ်းတွားသံတို့ ပွက်လောရိုက်ခဲ့သည်။

တနင်္သာရီတိုင်း၏ စီပွားရေး မြို့တော် မြိတ်မြို့တွင်လည်း မေလတွင် တစ်ယူနစ် ၃၇၅ ကျပ်ရှိခဲ့ရာမှ ဇွန်လ တွင် ၄၀၅ ကျပ် ကောက်ခံခဲ့သောကြောင့် ဒီဇယ်ဈေးပေါ် မှီခိုနေရသော ၎င်းတို့၏ လျှပ်စစ်ခံစားခွင့်က ပြည်ထောင်စုနှင့် မညီမျှမှုအပေါ် ပိုမို မချင့်မရဲဖြစ်လာ ကြကာ တိုင်းအစိုးရအဖွဲ့အား မေးခွန်း ကြမ်းကြမ်းများ ထုတ်လာကြသည်။
“(အစိုးရက) ၅၀(ကျပ်) လောက် ပြန်မပေးနိုင်ဘူးလား၊ တစ်ယူနစ်သုံး တိုင်း တစ်ယူနစ်သုံးတိုင်း တိုင်းအတွက် ပြန်မထောက်ပံ့ ဘူးလား”ဟု မြိတ်မြို့ခံ တစ်ဦးက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား မျက်နှာချင်းဆိုင် မေးခွန်း ထုတ်ခဲ့သည်။
ဝန်ကြီးချုပ်ကမူ အစိုးရမှ တစ်စုံ တရာ ထောက်ပံ့ပေးမည့် အစီအစဉ် မရှိကြောင်း ဖြေဆိုခဲ့သည်။
မဟာဓာတ်အားလိုင်း မရောက်ရှိ မီအတွင်း နည်းအမျိုးမျိုးဖြင့် လျှပ်စစ် မီးဖြန့်ဝေရန် စီစဉ်နေသူတို့ကိုလည်း အစိုးရမှ အကူအညီ တစ်စုံတရာ မပေး နိုင်သေးပေ။

မြို့၊ ရွာ အသီးသီးတွင် ဒီဇယ်ဖြင့် မီးပေးသူအသီးသီးအားလည်း အစိုးရမှ ဓာတ်အားခနှုန်းထား ညှိနှိုင်းပေးခြင်း မျိုးမှအပ တစ်စုံတရာ ထောက်ပံ့ခြင်းမျိုး မရှိဟု မီးပေးသူတို့က ညဉ်းတွားကြသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ဒီဇယ်ဖြင့် လျှပ်စစ်မီးပေးသူတို့က တစ်ယူ နစ်အတွက် ၄၀၅ ကျပ်မှ ၈၀၀ ကျပ် ဝန်းကျင်အထိ ကောက်ခံနေကြသည်။
ယခင်အစိုးရလက်ထက်က အစိုးရမှ မီးလင်းရေးအဖွဲ့များအား အစိုးရပေါက် ဈေးဖြင့် ဒီဇယ်ခွဲတန်းတွေ ရောင်းချပေး ခြင်းမျိုး ရှိခဲ့သော်လည်း ယခုတွင် အပြင် က ဝယ်သုံးနေရပြီး ၂၀၁၇ နှစ်ကုန်ခါ နီးအချိန်ကစပြီး ဒီဇယ်ဈေးတက်လာ ကြောင်း မြိတ်မြို့မှ မီးပေးသူတို့က ပြော ကြသည်။

“ခက်ခက်ခဲခဲလည်ပတ် နေရတဲ့ ကိုယ်ထူကိုယ်ထ မီးလင်းရေးအဖွဲ့ တွေကို လက်ရှိအစိုးရက ကူညီထောက် ပံ့မှု တစ်စုံတစ်ရာပေးခြင်း မရှိတဲ့အပေါ် မှာ ပြဿနာတွေ ဖြစ်နေရတယ်လို့ ပုဂ္ဂလိ က မီးလင်းရေးအဖွဲ့တွေက ရှုမြင်နေ ကြပါတယ်။ အခွန်ငါးကျပ် လျော့ပေးပါ ဆိုတော့ လျော့မပေးဘူး၊ ကျွန်တော်တို့ ငါးကျပ်တိုးကောက်ရင်တော့ မကောက် နဲ့လို့ (ဌာနက)ပြောတယ်”ဟု မြို့သစ်မီး လင်းရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရေနံဈေး အတက်အကျမှာ ကမ္ဘာ့ ရေနံဈေးအတက်အကျပေါ် ၉၀ ရာခိုင်နှုန်း ခန့်၊ ဒေါ်လာဈေး (တနင်္သာရီ တိုင်းဆိုက ဘတ်ဈေး) အတက်အကျပေါ် ၁၀ ရာခိုင်နှုန်း ခန့် မှီခိုနေရသဖြင့် ဒီဇယ်ဈေးအတက် အကျမှာ နိုင်ငံခြား ရေနံဈေးကွက်ကို လုံးလုံးမှီခိုနေရကြောင်း မြန်မာ့စက်သုံး ဆီဈေးကွက်၏ ထိပ်တန်း ကုမ္ပဏီတစ်ခု မှ အမှုဆောင် အရာရှိချုပ်တစ်ဦးက ပြောသည်။
“အဓိက နံပါတ်တစ်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ပိုင် ရေနံမထွက် ဘူး၊ ဂက်စ်ပဲထွက်တယ်။ နိုင်ငံခြားက အဓိက တင်သွင်းရတယ်”ဟု ထိုအရာရှိ က ပြောသည်။

ရေနံဈေးနှုန်းမှာ ကမ္ဘာရေနံ ရောင်းချ နေသော နိုင်ငံများအဖွဲ့ (ဥဏနဃ)နှင့် ရုရှားနိုင်ငံတို့က ရေနံတိုး လျှော့ထုတ် ခြင်း၊ တိုးထုတ်ခြင်းနှင့် ထိုနိုင်ငံများ၏ နိုင်ငံရေးအခြေအနေ၊ ဒေါ်လာဈေးကွက် စသည်တို့ပေါ် မှီတည်၍ အတက်အကျ ဖြစ်နိုင်ပြီး ထိုအတက်အကျဈေးအား မည်သူမျှ ကံသေကံမ မခန့်မှန်းနိုင်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးကွက် တည်ငြိမ်ရေးအတွက် အစိုးရမှ ရေတို ရေရှည်စီမံကိန်းများ ကြိုးစားရေးဆွဲ နေဆဲ အဆင့်တွင်သာ ရှိသေးကြောင်း ၎င်းက ပြောသည်။

“အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ် တယ်၊ ရေနံပို့တဲ့လမ်းကြောင်းတွေမှာ တစ်ခုခုဖြစ်တာတို့ ဘာတို့ အဲလိုမျိုး ဆိုရင်ကို တစ်ခါတည်း ဆောင့်တက်ချင် လည်း တက်သွားတယ်”ဟု ၎င်းအရာရှိ က ပြောသည်။
တနင်္သာရီတိုင်းအတွက်မူ ဒီဇယ်ဖြင့် မီးပေးနေသရွေ့၊ အစိုးရက တစ်စုံတစ်ရာ မထောက်ကူပေးနိုင်သရွေ့၊ လျှပ်စစ်ဈေး နှုန်းက အစိုးမရသော ကမ္ဘာ့ရေနံဈေးကွက် အပေါ်တွင် တည်မှီနေရမည် ဖြစ်သည်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) မှ ၂၀၁၇ ခုနှစ်အတွင်း အာဆီယံ နိုင်ငံများ၏ လျှပ်စစ်ဓာတ်အားရရှိမှု လူဦးရေ ရာခိုင်နှုန်းအား ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား ရရှိမှုနှုန်း အနည်းဆုံးနိုင်ငံအဖြစ် ဖော်ပြ ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း သည် တစ်ယူနစ် ၃၅ ကျပ် မဟာ ဓာတ်လိုင်း လုံးဝ မရောက်သည့် တစ်ခု တည်းသော တိုင်းဒေသကြီး ဖြစ်သည်။

၃ နှစ်မှ ၄ နှစ်အထိ ကြာဦးမည် ဆိုသော တစ်ယူနစ် ၃၅ ကျပ်တန် မဟာဓာတ်အားလိုင်း အိပ်မက်ရှင် တနင်္သာရီတိုင်းသား အချို့သည် လည်း ကောင်း၊ ၎င်းအိပ်မက် မမက်နိုင်သေး သော တိုင်းသူတိုင်းသား (အများစု)တို့သည် လည်းကောင်း လက်ရှိတွင် ဒီဇယ်ဈေး အတက်အကျ ပေါ်မူတည် သော မီတာခတစ္ဆေ၏ လစဉ်ခြောက် လှန့်မှုကို ခံနေကြရ ဦးမည် ဖြစ်သည်။