ဆလုံတို့၏ လူသိလွဲမှား၊ လူသိနည်းပါး ဓလေ့စရိုက်များ(၁)

0
518

ဆလုံလူမျိုးတို့က သူတို့အကြောင်း အား လူတို့ခေတ်အဆက်ဆက် ရေးသား ဖော်ပြခဲ့သည်များထဲမှ လွဲမှားစွာ ကောက်ချ ရေးသားဖော်ပြမှု အချို့ကို ငြင်းပယ်လိုက်ကြသည်။
မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်း ကျွန်း ၈ ကျွန်းမှ ဆလုံရွာ ၁၀ ရွာမှ ဆလုံလူမျိုးများအား သွားရောက် တွေ့ဆုံမေးမြန်းကာ ဆလုံတို့၏ လူသိ လွဲမှားနေသောအချက်များ၊ လူသိနည်း ပါးသေးသော ဓလေ့စရိုက်များကို တင် ဆက်လိုက်ပါသည်။

အင်္ကျီဝတ်ပါသည်
ဆလုံဟုဆိုလိုက်လျှင် အမျိုးသား ရော အမျိုးသမီးပါ အပေါ်ပိုင်းဗလာဖြင့် နေတတ်သည့်လူမျိုးဆိုသည်ကို ဆလုံတို့ က ငြင်းဆိုကြသည်။
သူတို့သည်လည်း အခြားလူမျိုးများ နည်းတူ မဖော်အပ်သည့် ခန္ဓာကိုယ်အ စိတ်ပိုင်းများကို ဖုံးကွယ်တတ်ကြပြီး လှ ချင်ပချင် ပြင်ဆင်ချင်စိတ်ရှိသော လူ မျိုးများဖြစ်ကြောင်း ပြောကြသည်။
တစ်ခေတ်တစ်ခါက ကျွန်းများတွင် အဝတ်အထည်ဝယ်ရန် ခက်ခဲခြင်း၊ ရှား ပါးခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ ကြောင့်သာ အင်္ကျီဝတ်လိုလျက်နှင့် မ ဝတ်ခဲ့ရသည်များရှိခဲ့ကြောင်း ကျွန်းစု မြို့နယ်၊ ဒုံးညောင်မှိုင်းကျွန်းနေ အသက် ၇၀ ကျော်အရွယ် ဆလုံအဖွားအို ဒေါ်ချိုလပ်က ပြောသည်။

“(တစ်ချိန်က)အင်္ကျီက ဝတ်ချင် တယ်၊ မဝယ်နိုင်ခဲ့လို့ မဝတ်ရဘူး”ဟု ဒေါ်ချိုလပ်က ပြောသည်။
အသက် ၃၅ နှစ်ရှိပြီဟု ပြောသော ဒုံးညောင်မှိုင်းကျွန်းသူ ဆလုံအမျိုးသမီး ဒေါ်အထွေးကလည်း သူမဘ၀သက်တမ်း တစ်လျှောက် အင်္ကျီမရှိဘဲ မနေခဲ့ဖူးဟု ဆိုသည်။
“အရင်တုန်းက အင်္ကျီမဝတ်ချင်တာ မဟုတ်ကြဘူး၊ ဝတ်ချင်တယ်၊ အင်္ကျီမရှိ ဘူး၊ အခုခေတ်ကတော့ အင်္ကျီသူများ ရောင်းသလောက် ဝယ်မယ်။ ဒီနေ့ သူ များ ဘာအရောင်ဝတ်မယ်၊ သူများလည်း အလှအပနဲ့နေရင် ကိုယ်လည်းသူများလိုပဲ နေချင်တယ်”ဟု ဒေါ်အထွေးက ပြော သည်။

လက်ရှိ တိုင်းရင်းသားပွဲတော်များ၊ ဆလုံရေးရာပွဲလမ်းများတွင် ဝတ်ဆင်နေ သည့် “ဆလုံရိုးရာဝတ်စုံ”ကိုမူ ဆလုံအ ချို့က သူတို့လူမျိုး၏ သတ်မှတ်ဝတ်စုံဟု အသိအမှတ် မပြုပေ။ သူတို့တွင် သီးခြား သတ်မှတ်ထားသော ဝတ်စုံ မရှိသေးဟု ပြောကြသည်။
ထိုဝတ်စုံမှာ ထမီရင်လျားပုံစံဖြစ်၍ ရိုင်းသည်ဟုမြင်ကြောင်း ကော့သောင်း မြို့နယ် မကြုံကလက်ရွာမှ ဆလုံသမီးပျို များက ပြောသည်။
အခမ်းအနားတစ်ခုမှ ဆလုံရိုးရာဟူ သည့်ဝတ်စုံဝတ်အမျိုးသမီးတစ်ချို့၏ ဓါတ်ပုံကိုပြရာ ” အမလေး၊ ရှက်စရာ ကြီး”ဟု မကြုံကလက်ရွာမှ ဆလုံသမီး ပျိုများက ထအော်သည်။

လူစိမ်းမှန်သမျှ ကြောက်ခဲ့ရစဉ်က ဂုံနီအိတ်များကို ပတ်၍ဝတ်ဆင်ခြင်း၊ စောင်ဖြင့် ခြုံအိပ်ရခြင်း၊ အင်္ကျီရှိလျှင် ပင် ဟောင်းနွမ်းဆွေးမြည့်သွားမည်စိုး၍ မဝတ်ရက်ခြင်းတို့ ကြုံတွေ့ခံစားခဲ့ရ ကြောင်း ဆလုံလူကြီးသူမတို့က ဖွင့်ဟ ကြသည်။
ယခုအချိန်တွင်မူ အင်္ကျီမဝတ်သည့်၊ မဝတ်နိုင်သည့် ဆလုံ မရှိတော့ပေ။

ကိန်းဂဏန်းများကို မမှတ်သားပါ
ဆလုံလူလတ်ပိုင်းမှအထက် မိမိအ သက်ကို မှန်အောင်ပြောနိုင်သူ မရှိပါ။
“တစ်နှစ်လား၊ နှစ်နှစ်လား မသိဘူး အသက်က”ဟု ကျွန်းစုမြို့နယ် ဒုံးဒဟွန်း ကျွန်းမှ သက်လတ်ပိုင်း ဆလုံအမျိုး သမီးတစ်ဦးက ခန့်မှန်းပြောဆိုသည်။

မေးမိသည့် ဆလုံအားလုံနီးပါးက အသက်ကို မှတ်သားထားခြင်း မရှိဟု ဖြေကြသည်။
“ခန့်မှန်းပေါ့နော် အသက် ၄၀ က၊ ဒါပေမဲ့ ဘယ်နေ့ဘယ်ရက်တော့ မသိ ဘူး”ပြောသည့် သရောသတန်ကြီးကျွန်း၊ ဆလုံကုန်းရွာမှ ဦးပဒတ်မှာ ခန့်မှန်း အသက် ၇၀ အရွယ်ခန့် ရှိနေပြီဖြစ်ပြီး ဆံပင်များပင် ဖြူနေပြီ ဖြစ်သည်။
ကိန်းဂဏန်းများကို မှတ်သားရ ကောင်းမှန်းသိစေရန် သင်ပြပေးမည့်သူ များ သူတို့နေထိုင်သည့်ကျွန်းများတွင် မရှိခဲ့ဟု ဆိုသည်။
“ကျောင်းမဖြစ်သေးဘူး၊ ဆရာ ဆရာမတွေလည်း တစ်ယောက်မှ မရှိဘူး၊ ဆလုံပဲဟာ ကျောင်းဘယ်လို သွားတက် မှာလဲလေ၊ အမိအဖလည်း (မြို့ကျောင်းမ ထားနိုင်ဘူးလေ”ဟု ဆလုံမကြီး ဒေါ်ချေဝါး က ပြောသည်။
လက်ရှိတွင်မူ ဆလုံများနေထိုင် သည့်ကျွန်းများတွင် အစိုးရစာသင် ကျောင်းများ ရှိနေပြီဖြစ်ကာ ဆလုံကလေး ငယ်တို့ တက်ရောက်သင်ကြားနေကြပြီ ဖြစ်သည်။

လောဘနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း
ကိန်းဂဏန်းများကို မမှတ်သား တတ်ခြင်းနှင့် တစ်ဆက်တည်းတွင် လော ဘနည်းခြင်းက ကပ်ပါလာသည်။
ဆလုံတို့သည် နောင်ရေးအတွက် မဆိုထား မနက်ဖြန်အတွက်ပင် ကြိုတင် တွေးပူတတ်သည့်ဓလေ့ မရှိတတ်ကြောင်း ဆလုံအမျိုးသမီးတစ်ဦးနှင့် အိမ်ထောင် သက် ၁၈ နှစ်ကြာ ကျော်ဖြတ်ပြီးသည့် ပရောဝါးကျေးရွာတာဝန်ခံ ဦးဝင်းအောင် က ပြောသည်။
“ရရင်စားမယ်၊ များများရရင် များ များစားမယ်၊ နည်းနည်းရရင် နည်းနည်း စားမယ်၊ ဝင်ငွေများများရရင် များများ သုံးမယ် အဲလိုမျိုး၊ နောင်ရေးအတွက် စဉ်းစားတာမျိုး သိပ်ပြီးတော့ မရှိဘူး၊ ထမင်းစားစရာ လေးငါးမျိုးရှိရင် လေးငါး မျိုးလုံး ချက်စားတယ်၊ မနက်ဖြန် ငါးပိ ထောင်းနဲ့ စားတဲ့အခါလည်း စားတယ်” ဦးဝင်းအောင်က ပြောသည်။

ဆလုံတို့သည် ကမ်းခြေများတွင် နေထိုင်ပြီး တံငါလုပ်ငန်းငန်းကိုသာ တ စိုက်မတ်မတ်လုပ်ကိုင်နေချိန်တွင် အခြား လူမျိုးစုများက သူတို့နေထိုင်သည့်ကျွန်း များသို့ရောက်လာကာ ဥယျာဉ်များ တည် ကြရာ အချို့ကျွန်းကြီးများတွင် အုန်း ပင်၊ ကွမ်းပင် စသော ဥယျာဉ်ကြီးများ ဟီးထနေသည်။ ယင်းကျွန်းများသို့ ယခင်ရောက်နှင့်သည့် ဆလုံတို့တွင် ဥယျာဉ်ရှိသည်ဟု မကြားသိရပေ။
သူတို့ထဲမှ အချို့သည် အသက်ကြီး ရင့်သည်အထိ တံငါဖြင့်ပင် အသက်မွေး ကြလေသည်။

“အိမ်က မနက်စောစောထွက်လာ တယ်၊ သားသမီးလှေနဲ့ (သူ့လှေငယ်ကို) တွယ်လာတယ်၊ သူတို့က ဟိုနားမှာ ကင်းမွန်မျှားနေတယ်၊ ရေကြီးလည်း မနားဘူး၊ ရေဆုတ်လည်း မနားဘူး ဒီ အလုပ်ပဲရှိတာကို ဆလုံပဲဟာ၊ အရင်ကဆို ခရင်းထု ခရုကောက်ပေါ့၊ နွေရောမိုးရော နွေရောမိုးရော ဒီအလုပ်ပဲကို၊ လှိုင်းကြီး မိုးရွာလို့ လုပ်လို့မရရင် ထမင်းငတ်ပြီ၊ အကျွေး(တောကန်ဇွန်းဥ) စားရတာပေါ့”ဟု အသက် ၈၀ ခန့်ရှိ ဒေါ်ချေဝါးက ပြောသည်။

သေသူကို ပစ္စည်းခွဲပေး
ဆလုံတို့သေဆုံးပါက သေဆုံးသူ ၏ ပိုင်ဆိုင်မှုများ၊ ပိုင်ဆိုင်သင့်သည် များကို ခွဲဝေပေးလေ့ရှိသည်။ (ရှိလျှင်)ရွှေနှင့် အဖိုးတန်ပစ္စည်းတို့ပါ သင်္ချိုင်းတွင် မြှုပ်နှံပေးခြင်း၊ ထားပေးခြင်းမျိုး ပြုလုပ် လေ့ရှိသည်။ ထို့ကြောင့် လောဘသားတို့ က ဆလုံသင်္ချိုင်းများကို ပြန်ဖော်တတ်ကြ သဖြင့် ဆလုံတို့က သူတို့၏ သချိုFင်း အား တာဝန်ရှိသူများကို စောင့်ရှောက်ပေး စေလိုကြသည်။
ထို့ပြင် သေသူမပျင်းရိရန် မြေပုံ ခြေရင်းတွင် တီဗွီများ စင်ပေါ်တင်ထား ပေးခြင်း၊ အခါအားလျော်စွာ အရက် သွားတိုက်ခြင်းမျိုး ပြုတတ်ကြကြောင်း သိရသည်။

ဆလုံတို့အခေါ် တစ္ဆေကုန်းတွင် သေသူနှစ်သက်သော ပန်းပင်များ မြေပုံ တစ်ဝိုက် စိုက်ပျိုးပေးခြင်းဖြင့် ဆလုံ သချိုFင်းမြေတွင် ပန်းတို့ ဝေဆာနေတတ် ပါသည်။ အချက်အပြုတ်ဝါသနာပါသူ သေဆုံးပါက ၎င်းချက်ပြုတ်စားသောက် နိုင်ရန် အိုးခွက်ပန်းကန်းများလည်း အမြဲ သွားရောက်ထားပေးတတ်သေးသည်။
“ချက်စားဖို့နဲ့၊ ထည့်စားဖို့ အိုးမ ရှိခွက်မရှိ ပင်ပန်းနေမှာစိုးလို့ ထားပေး ထားတာပါ”ဟု ပရောဝါး(ဆလုံ)ရွာမှ ဆလုံအမျိုးသား ဦးဖိုးရှော့က ပြောသည်။

ဆက်လက်ဖော်ပြပါမည်။