မူးယစ်ဆေးစစ်သည့် ယာဉ်ထိန်းရဲ ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံရ

0
535

လောင်းလုံးမြို့နယ်၊ ကမြေကင်း တံတားအနီးတွင် မူးယစ်ဆေးဝါး စစ်ဆေး ရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတစ်ဦး ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံ ခဲ့ရကြောင်း မောင်းမကန်နယ်မြေ ရဲစခန်းထံမှ သိရသည်
ဗထူးပန်းခြံအနီးတွင် ဇွန်လ ၈ ရက်ညနေပိုင်းက မူးယစ်ဆေး သတင်းအရ ဆိုင်ကယ်များကို ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးနေစဉ် လောင်းလုံးဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်မှာ မရပ်ပေးဘဲ တားဆီးသည့် ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးကို ဝင်တိုက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရဲတပ်ကြပ်ကြီးကို ဝင်တိုက်ပြီးနောက် ဆိုင်ကယ်လဲကျသွားရာ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက ခြေလျင်ထွက်ပြေးသဖြင့် လုံးထွေး ဖမ်းဆီးခဲ့ရကြောင်း ဖမ်းဆီး ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးသွင်က ဆိုသည်။
ဆိုင်ကယ်အတိုက်ခံခဲ့ရသည့် ယာဉ်ထိန်းရဲသည် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် အပြင် နှာခေါင်းတွင် ထိခိုက်မိပြီး သွေးအထွက်များနေသည့်အတွက် ထားဝယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာတင်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

ဆိုင်ကယ်ဖြင့် ဝင်တိုက်ခံ ရမှုကြောင့် ရဲတပ်ကြပ်ကြီးတွင် ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်သက်သာနေပြီဖြစ်ကြောင်း မောင်းမကန် နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်သက်ဦး က ဇွန်လ ၉ ရက်တွင် ပြောသည်။
ယာဉ်ထိန်းရဲအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ခဲ့သူ နှစ်ဦးထံမှ WY စိတ်ကြွ ဆေးပြား ၅၂၆ ပြားဖမ်းမိခဲ့ကြောင်း မောင်းမကန် နယ်မြေရဲစခန်းထံမှ သိရသည်။

ရဲတပ်ကြပ်ကြီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်သည့် ထားဝယ်မြို့ ထိန်သစ် ရပ်ကွက် နေ အသက် ၂၁ နှစ်အရွယ် အမျိုးသားနှင့် လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာနေ အသက် ၂၃ နှစ် အရွယ်အမျိုးသားတို့ကို ရာဇသတ်ကြီး ပုဒ်မ-၃၃၃/ ၁၁၄ နှင့် မူးယစ်ပုဒ်မ- ၁၉(က) (ရောင်းချရန်အလို့ငှာ လက် ဝယ်ထားရှိမှု) / ၂၁ (အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်း အရ သိရသည်။
ရာဇသတ်ကြီးပုဒ်မ- ၃၃၃ မှာ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင် ရွက်ခြင်းမှ ဟန့်တားရန် အပြင်း အထန်နာကျင်စေမှုနှင့် ပုဒ်မ- ၁၁၄ မှာ ပြစ်မှုကျူး လွန်ရာတွင် အားပေး ကူညီမှုဖြစ်ပြီး ယင်းပုဒ်မများကို ဖောက် ဖျက်ကျူးလွန်ပါက ဆယ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်နိုင်ပြီး ငွေဒဏ်ပါ ချမှတ်နိုင်သည်။