အထူးစီးပွားရေးဇုန်-ထီးခီး လမ်းဒီဇိုင်း သုံးသပ်ရန် အကြံပေးအဖွဲ့ ထိုင်းဘက်က ငှားမည်

0
563

ထားဝယ်အထူးစီးပွားရေးဇုန်- ထီးခီး လမ်းဒီဇိုင်းကို ပြန်ပြီးသုံးသပ်ရန် အကြံပေးအဖွဲ့ကို ထိုင်းနိုင်ငံဘက်က ငှားမည်ဟု သိရကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။
လက်ရှိ ရှိနေသည့် မြေသားလမ်းကို အီတာလျှံ-ထိုင်းကုမ္ပဏီက ဖောက်လုပ် ထားပြီး လမ်းဒီဇိုင်းမှန်/မမှန် သုံးသပ် နိုင်ရန် ဖြစ်ကြောင်း ဒေါက်တာမြင့်ဆန်း က ဆိုသည်။

“ဖောက်သွားတဲ့ လမ်းကို လမ်းဒီ ဇိုင်းပိုင်းတွေကို လမ်းရဲ့အစိတ်အပိုင်းတို့ ပြန်ပြီးတော့ ပြန်စစ်မယ့်သဘောပါ” ဟု ၎င်းက ပြောသည်။
အဆိုပါလမ်း အဆင့်မြှင့်မည့် လုပ် ငန်းအတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ချေးငွေယူရန်မတ်လ ၂၆ ရက်က ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ယင်းချေးငွေကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂၀ တွင် ၀.၁ ရာခိုင်နှုန်း အတိုးဖြင့် ပေးဆောင် ရမည် ဖြစ်သည်။

လမ်းအဆင့်မြှင့်မည့် ပုံစံတွင် လမ်းတစ်ဖက်တစ်ချက်ကို မီတာ ၂၀ ရှင်းလင်းမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန် များ ဖြတ်သန်းနိုင်မည့် နေရာ ၁၁ ခု ပါဝင်မည်ဖြစ်ကြောင်း အဆိုပါလမ်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ အပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါလမ်းအဆင့်မြှင့်ခြင်း လုပ်ငန်းကို လပေါင်း ၃၀ အပြီး လုပ် ဆောင်မည်ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၅ ရွာကို ဖြတ်သန်းရမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်ကို မြေသားလမ်းဖောက် လုပ်ထားပြီး ပြန်လည်အဆင့်မြှင့်တင် ချိန်တွင် လက်ရှိ လမ်းအူကြောင်း၏ ၈၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုမည် ဖြစ်ကြောင်း ပတ်ဝန်းကျင်နှင့် လူမှုဘ၀ အပေါ်သက်ရောက်မှု ဆန်းစစ်ခြင်း အစီ ရင်ခံစာအရ သိရသည်။
လမ်းလုပ်ငန်းအတွက် ထိုင်းနိုင်ငံ တွင် မှတ်ပုံတင်ထားသည့် ဆောက်လုပ် ရေးကုမ္ပဏီကို တင်ဒါခေါ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စံနှုန်းဖြစ်သည့် အဆင့် ၄ ရှိ မြ၀တီ- ကော့ကရိတ်လမ်းကဲ့သို့ အဆင့်မြှင့်မည်ဖြစ်ကြောင်း သိရသည်။