အဆင့်တိုးကျောင်းများ သင်ကြားရေး အခက်တွေ့နိုင်

0
434

တနင်္သာရီတိုင်းအတွင်း အဆင့်တိုး မြှင့်လိုက်သည့် ကျောင်းများအတွက် ဆရာ၊ ဆရာမ မခန့်နိုင်သေး၍ သင်ကြား ရေးအတွက် အခက်အခဲရှိနိုင်ကြောင်း တိုင်းပညာရေးမှူးက ပြောသည်။
ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် တိုင်းအတွင်း အခြေခံပညာ မူလတန်း လွန်ကျောင်းမှ အထက်တန်း ကျောင်း အထိ စုစုပေါင်း ၁၂၉ ကျောင်း ကို အဆင့်တိုးမြှင့်လိုက်သော်လည်း ဆရာ၊ ဆရာမ ခန့်အပ်ရေးအတွက် ညွှန်ကြား ချက် မရောက်သေးကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။

အဆင့်တိုးမြှင့်လိုက်သည့် အလယ် တန်းကျောင်းများအတွက် အလယ်တန်း ပြ ၇ဦးစီ၊ အလယ်တန်းကျောင်း(ခွဲ)များအတွက် အလယ်တန်းပြ ၅ ဦးစီ၊ မူလွန်ကျောင်းများအတွက် အလယ်တန်း ပြ ၃ ဦးစီနှင့် မူလတန်းကျောင်းများ အတွက် မူလတန်းပြ အနည်းဆုံး ၄ ဦးစီ အသီးသီး ခန့်အပ်ရမည်ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။
အဆင့်တိုးမြှင့်လိုက်သည့် ကျောင်း များအနက် အလယ်တန်းကျောင်းမှ အထက်တန်းကျောင်း(ခွဲ)သို့ အဆင့်မြှင့် လိုက်သည့် ကျောင်းအတွက် အခက်အခဲ ဆုံးဖြစ်နိုင်ပြီး တစ်ကျောင်းလျှင် အထက် တန်းပြ ၇ ဦး လိုအပ်မည် ဖြစ်သည်။
“အ.ထ.က(ခွဲ)ကနေပြီးတော့ အ.ထ.က ဖြစ်ဖို့အတွက်ဆိုရင် နဂိုရှိပြီး အထက်တန်းပြတွေရှိနေတဲ့အတွက် ပြဿနာ မရှိဘူး။ ရှိရင်းဆရာနဲ့ သင်လို့ ရတယ်။ တကယ်လို့ အလယ်တန်း ကျောင်းကနေပြီး အ.ထ.က(ခွဲ) ဖြစ်မယ် ဆိုရင်တော့ လုံးဝဥဿုံ အခက်အခဲရှိ သွားပြီ”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ပြောသည်။

၎င်းအပြင် မူလတန်းမှ မူလွန် ကျောင်းသို့ အဆင့်မြှင့်လိုက်သည့် ကျောင်းများတွင်လည်း ဆရာ၊ ဆရာမ အခက်အခဲရှိနိုင်ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။
“ပြည်ထောင်ဝန်ကြီးရဲ့ သဘော ထားကတော့ အခုမေလထဲမှာ တိုး ပြောင်း တွေ တစ်ကြိမ် တင်လိုက်ပြီး ပြီပေါ့။ ဒီဇင်ဘာမှ နောက်တစ်ကြိမ် ပြန်ကိုင်မယ် လို့ ပြောနေတယ်။ ဒါဆို ဒီဇင်ဘာအထိ လစ်လပ်နေမယ်ဆိုတဲ့ သဘောကြီးဖြစ် သွား တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆-၂၀၁၇ ပညာရေးနှစ်က ကျောင်းအဆင့်မြှင့်လိုက်သော်လည်း ဆရာ၊ ဆရာမ ခန့်အပ်ရမည့် ကျောင်း ဖွဲ့စည်းပုံမကျသည့်အတွက် တစ်နှစ် လုံးနီးပါး ဆရာ၊ ဆရာမ မခန့်နိုင်ဘဲ နေခဲ့ရပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင်မူ ကျောင်းအဆင့်မြှင့်ခြင်းနှင့် တပြိုင်နက် ကျောင်းဖွဲ့စည်းပုံပါ ရောက်လာခဲ့ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။
မူလွန်ကျောင်းကို တိုးမြှင့်လိုက် သည့် အလယ်တန်း ကျောင်း(ခွဲ)နှင့် အလယ်တန်းကျောင်းကို တိုးမြှင့်လိုက် သည့် အထက်တန်းကျောင်း(ခွဲ)များတွင် သင်ကြားရေးဆရာ၊ ဆရာမ မရှိသည့် အတွက် ခက်ခဲနိုင်သည်ဟု ပုလောမြို့နယ် ကျောက္ကာကျေးရွာမှ အထက်တန်းကျောင်း အုပ် ဦးကိုကိုလေး က ပြောသည်။

“အဲဒီကျောင်းတွေက ကျောင်းအုပ် တွေတော့ လုပ်ရကိုင်ရ အတော်ခက်ခဲမှာ” ဟု ဦးကိုကိုလေးက ဆိုသည်။
ကျောင်းအဆင့်မြှင့်ကြောင်း ညွှန် ကြားချက် မရောက်ခင်က တိုင်းအတွင်းရှိ မဟာဘွဲ့ရအချို့ကို ယာယီအထက်တန်းပြ အဖြစ်လည်း ကောင်း၊ နြိ ကျောင်းဆင်း ၁၄ ဦးကို အထက်တန်းပြများအဖြစ် လည်းကောင်း ကျောင်းများတွင် ဖြန့် ကျက်ကာ တာဝန် ထမ်းဆောင်စေခဲ့ ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

လာမည့် ဩဂုတ်လဝန်းကျင်တွင် စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများအနက်မှ တနင်္သာရီတိုင်း အတွက် ခွဲတမ်းအချို့ ရရန်ရှိပြီး ယင်းဆရာ၊ ဆရာမများကို အဆင့်တိုး မြှင့်လိုက်သည့် ကျောင်းများတွင် တာဝန်ထမ်းဆောင်စေ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လာမည့် နှစ်လ၊ သုံးလအတွင်း တွင်လည်း ဖွဲ့စည်းပုံအတိုင်းခန့်အပ်ရန် ညွှန်ကြားလာနိုင်ပြီး ယင်းသို့ မဟုတ် ပါက အဆင့်တိုးကျောင်းများတွင် ဆရာ၊ ဆရာမများ မခန့်နိုင်သေးချိန် တွင် ရပ်ရွာက ထည့်ဝင်ငွေဖြင့် ဒေသခံ ပညာ တတ် ဆရာ၊ဆရာမတွေကို ငှားရမ်း သင်ကြားစေနိုင်မှ အခက်အခဲကို ပြေလည်စေလိမ့်မည်ပြီး ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြော သည်။
“ဒီလိုမျိုးမဟုတ်ဘူးဆိုရင်တော့ (အထကခွဲ)ကျောင်းမှာရှိတဲ့ အလယ် တန်းပြတွေကကိုပဲ သင်ခိုင်းပြီး ကျောင်း အုပ်ကြီးကတော့ မောင်းရမှာပဲလေ။ ဆရာမရှိလို့ ဒီဘာသာရပ်တွေကို မသင်ဘဲ တော့ ထားမှာမဟုတ်ဘူး ပေါ့လေ။ သင်တော့ သင်မယ် ဒါပေမယ့် အရည် အသွေး အပြည့်မနိုင် ဘူးပေါ့”ဟု ၎င်းက ဆိုသည်။

၎င်းအပြင် အခက်အခဲကို ပြေလည် စေရန်အတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများနှင့် ညှိနှိုင်းကာ အဆင့် တိုးကျောင်းများထံသို့ ကျောင်းဆရာ၊ ဆရာမများကို အလှည့်ကျ (သို့မဟုတ်) လဖြတ်စနစ်ဖြင့် စေလွှတ်ကာ သင်ကြား နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

ယခုနှစ်တွင် တိုင်းအတွင်း ကိုယ့်အား ကိုယ်ကိုး မူလတန်းကျောင်း ၁၀ ကျောင်း ကို အ.မ.က(ခွဲ)သို့လည်းကောင်း၊ အ.မ.က(ခွဲ) ၁၅ ကျောင်းကို အ.မ.က သို့လည်းကောင်း၊ အ.မ.က ၂၆ ကျောင်း ကို မူလွန်သို့လည်းကောင်း၊ မူလွန် ၃၁ ကျောင်းကို အ.လ.က(ခွဲ)သို့ လည်း ကောင်း၊ အ.လ.က(ခွဲ) ၂၇ ကျောင်းကို အ.လ.က သို့လည်းကောင်း အဆင့် တိုးမြှင့်လိုက်သည်။
၎င်းအပြင် အ.လ.က ၁၀ ကျောင်းကို အ.ထ.က(ခွဲ)သို့လည်း ကောင်း၊ အ.ထ.က(ခွဲ) ၁၀ ကျောင်းကို အ.ထ.က သို့လည်းကောင်း အဆင့်တိုး မြှင့်ခဲ့ခြင်း ဖြစ်သည်။