မြိတ်တွင် ထီးတော်တင်ရန်ဟု လိမ်လည်ကာ ငွေအလှူခံသူရှိလာ

0
496

မြိတ်တွင် ဘုရားထီးတော်တင်ရန် ဟု လိမ်လည်ကာ ငွေလိုက်လံအလှူခံသူ ရှိလာကြောင်း ငွေအလိမ်ခံရသူအချို့နှင့် ရွှေအင်းဝတောင် ရာမညကျောင်းထံမှ သိရသည်။ မြိတ်မြို့ စန္ဒဝတ်ကျေးရွာ သဲအင်းဂူ ရိပ်သာလမ်းရှိ ရွှေအင်းဝတောင် ရာမ ညကျောင်းတွင် ထီးတော်တင်ရန် အတွက် အလှူငွေလိုအပ်သည်ဟု လိမ် လည်ပြီး အလှူခံနေခြင်းဖြစ်ကြောင်း ယင်းကျောင်းဆရာတော် အရှင်နေမိန္ဒ (ဓမ္မာစရိယ)က မိန့်ကြားသည်။

အလှူငွေ လိမ်လည်အလှူခံသူမှာ၎င်းနှင့် နီးစပ်သည့် အသိမိတ်ဆွေများ ထံတွင် အလှူခံခြင်းဖြစ်ကြောင်း ငွေလှူ လိုက်မိသူအချို့က ပြောသည်။ “သူငယ်ချင်းတွေစုပြီး ရွှေအင်းဝ ကျောင်းမှာ စေတီပြုပြင်နေတာ။ စေတီ မှာ ထီးတင်ဖို့ ထီးတော်တစ်လက် လိုနေတယ်လို့ ပြောပြီး အလှူခံတာ” ဟု ဘုရားကိုင်ရပ်ကွက်နေ မရွှေဇင်စိုးက ပြောသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလမတိုင်ခင် အချိန်က ထီးတော်အတွက် ငွေကျပ် နှစ်သောင်းခွဲ လှူဒါန်းလိုက်ပြီး ယင်းသို့ လှူဒါန်းပြီးနောက် ရွှေအင်းဝကျောင်း ဆရာတော်သို့ သွားရောက်လျှောက်ထား ခဲ့ရာ လိမ်လည်ခံရမှန်း သိခဲ့ရကြောင်း မရွှေဇင်စိုး ပြောပြသည်။

လိမ်လည် အလှူခံသူမှာ အသိမိတ်ဆွေဖြစ်နေခြင်းနှင့် ငွေပမာဏ နည်းပါးခြင်းတို့ကြောင့် ငွေကို ပြန်မ တောင်းဖြစ်ကြသည့်အပြင် ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ထားခြင်းမျိုးလည်း မရှိကြောင်း ငွေလှူလိုက်သူ အချို့ထံမှ သိရသည်။ အလှူငွေ လှူမိသူများအနက် ရွှေအင်းဝတောင်ရာမညကျောင်းတွင် လာရောက်မေးမြန်းသူ ၁၀ ဦးခန့်ရှိနေပြီ ဖြစ်ကြောင်း အရှင်နေမိန္ဒ(ဓမ္မာစရိယ) က မိန့်ကြားသည်။ ရွှေအင်းဝကျောင်းတောင် ရာမည ကျောင်းတွင် ထီးတင်ရန် မရှိသကဲ့သို့ အလှူခံလွှတ်ထားခြင်းလည်း မရှိ ကြောင်း ဆရာတော်က မိန့်သည်။ ကျောင်းတွင် လာရောက်မေးမြန်း သူ များလာသဖြင့် နောက်လူများ အလိမ် မခံရစေရန် အသိပေးသည့်အနေဖြင့် လူမှုကွန်ရက်စာမျက်ပေါ်တွင် ငွေလိမ် အလှူခံနေသူ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ် တို့အား ဇွန်လ ၆ ရက်နေ့က ဖော်ပြ ပေးထားကြောင်း ရွှေအင်းဝတောင် ရာမညကျောင်းမှ သိရသည်။ ၄င်းအပြင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး၊ နယ်မြေရဲကင်းစခန်း နှင့် မြို့မရဲစခန်းတို့အား အသိပေး အကြောင်းကြားထားကြောင်း ယင်း ကျောင်းထံမှ သိရသည်။