အရွယ်လွန် မောင်နှမနှစ်ဦး ကျောင်းအပ်လက်မခံခြင်းမှာ နားလည်မှု လွဲခြင်းသာဖြစ်ဟုဆို

0
456

အသက် ၁၂ နှစ်အရွယ် နှင့် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးကို အရွယ်လွန် နေသည်ဟုဆိုကာ ကျောင်းအပ် လက်မ ခံခြင်းမှာ နားလည်မှုလွဲမှားခြင်းသာဖြ စ်ကြောင်း မြိတ်မြို့ရှိ မြို့သစ် အထကခွဲ(အလက၃) ကျောင်းအုပ် ဆရာမကြီးက ပြောသည်။ ၁၂ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် သားနှင့်သမီးကို အရွယ်လွန်နေသည် ဟုဆိုကာ မြို့သစ် အထကခွဲ ကျောင်းက ကျောင်းအပ်လက်မခံခဲ့ ကြောင်း အဆိုပါ ကလေးငယ်နှစ်ဦး၏ မိခင်က ပြောဆို ချက်အပေါ် ကျောင်းအုပ်ဆရာမကြီးက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကလေးငယ်နှစ်ဦးမှာ အခြားကျောင်းတစ်ခုခု၏ ကျောင်းထွက် လက်မှတ်မပြနိုင်သည့်အတွက် သူငယ် တန်းမှ စထားမည်ဆိုပါက မိမိတို့ ကျောင်းတွင် တစ်နှစ်တစ်တန်းသာ အောင်ပေးရခြင်းကြောင့် ကလေးနှစ်ဦး အတွက် အချိန်များစွာကုန်နေမည် ဖြစ် ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုက ပြောသည်။ တစ်နှစ်လျှင်အရည်အချင်း ရှိလျှင် ရှိသကဲ့သို့ အတန်းတင်ပေးသည့် စနစ် ဖြင့် သင်ကြားပေးနေသည့် အင်းလေး ကမ်းကျောင်း ပြင်ပပညာရေးအခြေစိုက် စခန်းသို့ သွားရောက်အပ်နှံရန် လမ်း ညွှန်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆရာမကြီး က ရှင်းပြသည်။

“သဘောပေါက်အောင် မရှင်းပြ လိုက်နိုင်တော့ နားလည်မှု လွဲသွားတဲ့ သဘောပါ”ဟု ၄င်းက ဆိုသည်။ အဆိုပါ ကလေးငယ်နှစ်ဦး၏ မိဘများမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်စားသောက်ခဲ့သော်လည်း အဆင်မပြေသည့်အတွက် ၂၀၁၈ ခုနှစ် တွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီး သားသမီးများအား ကျောင်း စတင် အပ်နှံခြင်းဖြစ်ကြောင်း ကလေး ငယ်နှစ်ဦး၏မိခင် မမိုးမိုးက ပြောပြ သည်။ “ဆင်းရဲလွန်းလို့ လက်မခံတာလား ဆိုတာကို တွေးပြီး သားသမီးပညာရေး အတွက် ငိုမိတယ် ” ဟု ၄င်းကဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် ပညာ သင်ခွင့် ရရှိခြင်းမရှိသော ကျောင်းသူ ကျောင်းသားများအား သင်ယူနိုင်သည့် အဆင့်အလိုက် ၁ နှစ်မှ ၂ နှစ်အတွင်း အတန်းကျော်စနစ်ဖြင့် စတုတ္ထတန်း အောင်သည်အထိ သင်ကြားပေးနေသည့် အင်းလေးကမ်းကျောင်းပြင်ပ ပညာရေး အခြေစိုက်စခန်းတစ်ခုကို မြိတ်မြို့တွင် ဖွင့်လှစ်ထားသည်။

“အကြောင်းအမျိုးမျိုးကြောင့် အသက် ၁၄ နှစ်အထိ လေးတန်းမအောင် ဘဲ ရှိနေရင် လာအပ်လို့ ရပါတယ်။ အခကြေးငွေ တစ်ပြားမှ ပေးစရာမ လိုပါဘူး”ဟု အင်းလေးကမ်း ကျောင်း အုပ်ကြီး ဦးသန်းဦးက ပြောသည်။ ယင်းကျောင်းတွင် စတုတ္ထတန်း အောင်မြင်ပြီးပါက ယင်းကျောင်း၏ ကျောင်းထွက်လက်မှတ်ဖြင့် အစိုးရ ကျောင်းများတွင် တက်ရောက်နိုင် ကြောင်း ၄င်းက ပြောသည်။ အင်းလေးကမ်းကျောင်း မူလတန်း ပညာရေး အခြေစိုက်စခန်း၌ လက်ရှိ ကျောင်းသား၊ ကျောင်းသူ ၄၉၁ ဦးကို ဆရာ/ဆရာမ ၄ ဦးဖြင့်အချိန်ခွဲ သင်ကြားပေးနေလျက်ရှိပြီး မြိတ်မြို့တွင် အင်းလေးကမ်းကျောင်းအပါအဝင် အလားတူကျောင်း ၆ ကျောင်းဖွင့်လှစ် ထားကြောင်း ယင်းကျောင်းထံမှ သိရ သည်။