IPM စလောင်းစက်အသစ် ဝယ်သူများသဖြင့် အချို့ဆိုင်များတွင် ပစ္စည်းပြတ်

0
1818

ထိုင်းနိုင်ငံထုတ် ရိုးရိုးစနစ် စလောင်းစက်များတွင် မြန်မာလိုင်းများ ပြတ်တောက်သွားသဖြင့် မြန်မာလိုင်း များပါဝင်သော အဆင့်မြင့် ဒစ်ဂျစ်တယ် စနစ် စလောင်းစက် အသစ်များ ဝယ်ယူ သူများပြားလျက်ရှိပြီး တိုင်းအတွင်း ဆိုင်အချို့တွင် ပစ္စည်း ပြတ်လပ်လျက် ရှိသည်။ အဆင့်မြင့် ဒစ်ဂျစ်တယ်စနစ် စလောင်းစက်အသစ်များအနက် IPM(စလောင်းအဝါ) စက်အသစ်များကို ဝယ်ယူသူများနေခြင်း ဖြစ်သည်။ မေလ ၁၅ ရက်မှစ၍ အဆင့်မြင့် ဒစ်ဂျစ်တယ်စနစ် HD စလောင်း များသာ အသုံးပြုနိုင်တော့မည်ကို ယင်း ရက်မတိုင်မီ တစ်လခန့်မှစ ထိုင်းစလောင်း များတွင် ကြော်ငြာထားသော်လည်း
သုံးစွဲသူများက ကြိုတင် လဲလှယ်ကြခြင်း မရှိဘဲ မြန်မာလိုင်းများ အားလုံးပျောက် ချိန်မှ စုပြုံဝယ်ယူကြသဖြင့် ယင်းသို့ ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ရကြောင်း ထားဝယ်မြို့ရှိ လွင်လျှပ်စစ်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်က ပြောသည်။ “ရောက်တာနဲ့ ကုန်တာပဲ”ဟု ဦးသိန်းလွင်က ပြောသည်။ လူကြိုက်များသည့် IPM (စလောင်းအ၀ါ) HD စက် ဈေးနှုန်းမှာ ထားဝယ် ဈေးကွက်တွင် မတည်မငြိမ် ဖြစ်နေပြီး ပစ္စည်းပြတ်လပ်မှုပေါ် မူတည်၍ ကျပ် ၂၁၀ဝ၀၊ ၂၃၀ဝ၀၊ ၂၅၀ဝ၀ မှ ၂၉၀ဝ၀ ထိ ဖြစ်ပေါ်နေသည်။ မြိတ်ဈေးကွက်တွင်မူ တစ်ဆိုင် တည်း တစ်ရက်တည်း စက်အလုံးရေ ၃၀ဝ အထိ ရောင်းချရ၍ ပစ္စည်း ပြတ်လပ် ခြင်းမျိုးရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၂၁၀ဝ၀ ဖြင့် ပုံမှန်ရောင်းချပေး နေကြောင်း သိရသည်။ ကော့သောင်းတွင်လည်း ပစ္စည်း ပြတ်လပ်မှု အနေအထားကြောင့် ဘတ် ၅၅၀(ကျပ် ၂၂၀ဝ၀)မှ ဘတ် ၈၈၀ (ကျပ်၃၅၀ဝ၀)ထိ ဈေးခုန်တက်သွား သော်လည်း လက်ရှိတွင် ပုံမှန်ဈေး ဘတ် ၅၅၀(ကျပ် ၂၂၀ဝ၀) ဖြင့် ရောင်းချ ပေးနေကြောင်း ကော့သောင်း မြို့မ ဈေး အနီးရှိ “စိုး” လျှပ်စစ်ပစ္စည်းမျိုးစုံဆိုင် တာဝန်ရှိသူမှ ပြောသည်။

တနင်္သာရီတိုင်းအတွင်း IPM နှင့် PSI (စလောင်းမဲ)ကို အဓိကထား သုံးစွဲကြရာ PSI စက်ကို လူကြိုက်နည်း ပြီး လက်ရှိတွင် ၄င်း PSI စက် ဈေးမှာ ကျပ် ၂၁၀ဝ၀ ဖြင့် ဈေးငြိမ်နေသည်။ လက်ရှိတွင် ရိုးရိုးစနစ် SD စက်များက ထိုင်းရုပ်သံလိုင်းတစ်ချို့သာ လာတော့သည်။ ယခင်က လိုင်းပျောက်ပါက လိုင်း သွင်းခြင်းများ ပြုလုပ်နိုင်သော်လည်း ယခုမှာ HD စနစ်သို့ လုံးဝပြောင်း လိုက်သဖြင့် SD စက်ဟောင်းများ တွင် မြန်မာလိုင်းများ လုံးဝ မလာနိုင် တော့ဟု စလောင်းပြုပြင်ခြင်း ဝန်ဆောင် မှု ပေးနေသော “လွင်”လျှပ်စစ် ဆိုင်ပိုင် ရှင် ဦးသိန်းလွင်က ပြောသည်။ လက်ရှိ အရောင်းသွက်နေသော HD စက်များမှာ လွန်ခဲ့သော ၆ လခန့် မှစ၍ ဈေးကွက်အတွင်း ရှိနေပြီး ယခင် SD စက်များတွင် မြန်မာလိုင်း ၈ လိုင်း ခန့်သာရှိရာမှ HD စက်များတွင် မြန်မာ လိုင်း ၁၆ လိုင်း ပါဝင်သည်။