ဈေးအဝင်လမ်း စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များအား ဖမ်းဆီး

0
471

မြိတ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်ရှိ ဈေးအချို့၏ အဝင်လမ်း အတွင်း စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များအား ဖမ်းဆီးအရေး ယူခဲ့ကြောင်း မြိတ်မြို့နယ် စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။

မေလ တတိယအပတ်က မြို့သစ် ဈေးဝင်ပေါက်ရှိ စည်းကမ်းမဲ့ရပ်နားသည့် ဆိုင်ကယ် ၄ စီးအား ဖမ်းဆီးခဲ့ပြီး နောက်တွင် စည်းကမ်းလိုက်နာမည်ဟု ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကာ ဒဏ်ငွေ ကျပ်တစ်သောင်းခွဲမှ ကျပ်သုံးသောင်း အထိ ဒဏ်ဆောင်စေခဲ့ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပြသည်။
မြို့သစ်ဈေး၏ ဝင်ပေါက်များတွင် ဆိုင်ကယ်များ ရပ်နားရမည့် နေရာ အတွက် မျဉ်းများဆွဲထားပြီး ဆိုင်ကယ် မရပ်ရသည့်နေရာတွင် ကန့်လန့်ဖြတ် မျဉ်းများ ရေးဆွဲထားသည့်အပြင် ဆိုင်း ဘုတ်ထောင်ကာ အသိပေးထားကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။

“ဈေးရဲ့ ဝင်ပေါက်တွေမှာ ပိတ် မရပ်ရဘူးပေါ့။ ရပ်တာနဲ့ ဖမ်းတယ်”ဟု ဦးမြတ်ကိုကိုက ပြောသည်။
ပြည်သူများအနေဖြင့် စည်းကမ်း ရှိရန် လိုအပ်ပြီး စည်းကမ်းမရှိခြင်းကြောင့် အဖမ်းခံရပါက ဖမ်းသူကို အပြစ်မြင်၍ မရဟု မြို့သစ်ဈေးသူ / သားတစ်ချို့က ဆိုသည်။
ထို့အပြင် ဆိပ်ငယ်ဈေးကြီး ဝင်ပေါက် တွင်လည်း ယာဉ်နှစ်ထပ် လုံးဝမရပ်နား ရန် ဆိုင်းဘုတ်ထောင်ကာ အသိပေး ထားပြီးဖြစ်ပြီး စည်းကမ်းမလိုက်သည့် ယာဉ်များအား မကြာခဏ ဖမ်းဆီးအရေး ယူမှုများ ပြုလုပ်နေကြောင်း အမှတ် ၇၆ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရ သည်။

ဈေးများတွင် စည်းကမ်းမဲ့ ရပ်နား ထားသည့် ယာဉ်များအား အဆက်မပြတ် ရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ မြိတ်စည်ပင်သာယာရေး နယ်န မိတ်အတွင်း ဈေး ၆ ဈေး ရှိသည်။