သေရေးခက်ဆဲလား

“နေရေးထက် သေရေးခက်”ဟူသည့် စကားပုံက တနင်္သာရီတိုင်းတွင်း နေရာ အချို့အတွက် ခေတ်မမီတော့ပေ။
ယခုအချိန်တွင် နာရေးကူညီမှု ပရဟိတအသင်းများ မြို့ပေါ်ရပ်ကွက် တိုင်းနီးပါးရှိလာရာ ထိုအသင်းများက သေရေးမခက်ရန် တစ်တပ်တစ်အား ကူညီပေးလာကြပြီ ဖြစ်သည်။

ထိုအသင်းများက လူတစ်ယောက် သေဆုံးလျှင် သက်ဆိုင်ရာသို့ သေစာရင်း ပေးပို့သည်မှစ၍ အသုဘအိမ်နှင့် အသုဘအား ပြင်ဆင်နေရာချထားခြင်း၊ ပို့ဆောင်သင်္ဂြိုဟ်ခြင်း စသော ကိစ္စအဝ၀ အလယ် ရက်လည် ဆွမ်းသွတ်ခြင်းအဆုံး အသုဘရှင် ခေါင်းမစားရအောင် အစ အဆုံး အခမဲ့ လုပ်ဆောင်ပေးနေကြပြီ ဖြစ်သည်။
လိုအပ်ပါက ထိုအသင်းများက အသုဘ ရှင်အား ရက်လည်ပြီးမှ ပြန်သွင်းနိုင်သည့် အသုဘမတည်ငွေပင် ထုတ်ပေးထားကြ သည်။

အချို့အသင်းများက မိမိတို့နာရေး အသင်း၏ အစအဆုံးကူညီနိုင်မှုကို အောက်ပါအတိုင်း စနောက် ကြွေးကြော် ကြသည်။
“သင့်ဘက်က သေဖို့သာ တာဝန်ယူ ပါ။ ကျန်တာ ကျွနိုပ်တို့ တာဝန်ယူထား”ဟူ၏။
မြိတ်မြို့၏ ပထမဦးဆုံးသော နာရေးကူညီမှုအသင်းဖြစ်သည့် ၀ဋံသက နာရေးကူညီမှုအသင်းသည်လည်း အသေ ခက်နေသူများအတွက် ရည်ရွယ်ကာ သူငယ်ချင်း တစ်စုက လွန်ခဲ့သည့် ၁၄ နှစ်က စတင်ဖွဲ့စည်းခဲ့ရာ အသင်း သက် တမ်းအတွင်း ပုံစံမျိုးစုံဖြင့် အစအဆုံး အကူအညီပေးခဲ့သည့် အသုဘပေါင်း နှစ်သောင်းနီးပါး ရှိခဲ့ပြီဖြစ်ကြောင်း ယင်းအသင်း၏ အထွေထွေအတွင်းရေး မှူး ကိုခင်ဇော်က ပြောသည်။

“သေသူရဲ့ မိသားစုအနေနဲ့ မျက် ရည်လေး စိုက်ထုတ်ရုံပါပဲ။ မီးသင်္ဂြိုလ် မြေကျပြီး သူတို့အိမ်ပြန်ရောက်တဲ့အထိ အစအဆုံး ကျနော်တို့ အားလုံးလုပ်ပေး တယ်”ဟု ကိုခင်ဇော်က ပြောသည်။
မြိတ်တွင် ၀ဋံသကအသင်းတစ်သင်း တည်းသာရှိသည့်အချိန်က တစ်လကို အသုဘ ၄၀ နှင့် ၅၀ ကြား ကူညီပေးခဲ့ရပြီး ယခုချိန်တွင် မြိတ်မြို့ပေါ်၌နာရေးအသင်း က ငါးသင်းအထိ ရှိလာပြီဟု သိရသည်။
ထားဝယ်မြို့ပေါ်တွင်လည်း ရပ်ကွက် အလိုက် နာရေးအသင်းမရှိသည့် ရပ်ကွက် ဟု မကြားရပေ။ ထိုအသင်းတို့၏ ကူညီနိုင်မှုကို ထားဝယ်သားတစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“သေချင်စိတ်တောင် ပေါက်သွား မယ်”
ကော့သောင်းတွင်လည်း ရပ်ကွက် တိုင်းနီးပါး နာရေးကူညီမှုအသင်းရှိသဖြင့် ယခင်က သေရေးအတွက်ဆို အစအဆုံး ကာယကံရှင်တွေ ပူပင်ခဲ့ရသော်လည်း ယခု အစစ စိတ်အေးရသည့် အနေအထား သို့ ရောက်လာပြီဟု နာရေးကူညီမှု အသင်း ( ကော့သောင်း)၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးယုနိုင်က ပြောသည်။
“ပြောရရင် ကော့သောင်းမှာ သေရေး အတွက် ပူစရာမလိုပါဘူး”ဟု ၎င်းက ဆိုသည်။

မြို့နယ်အချို့မှ ကျေးရွာနာရေး ကူညီမှုအသင်းတို့၏ သေရေးအတွက် ကူညီနိုင်မှုကလည်း မခေလှပါ။
လောင်းလုံးမြို့နယ် မင်းရပ်ရွာနာ ရေးကူညီမှုအသင်းက ရွာအတွင်း တစ် ယောက်ယောက်သေဆုံးက ပထမဆုံး အသုဘ ကြိုတင်ငွေ ၅ သိန်း လာထုတ်နိုင် ကြောင်း အသင်းဥက္ကဋ္ဌက ပြောသည်။ ထိုငွေကို ရက်လည်ပြီးမှ ပြန်အပ်နိုင် သည်။

မင်းရပ်ရွာ နာရေးကူညီမှုအသင်း သားများက ခေတ်ပေါ်အအေးခန်းခေါင်း တလားပြင်ဆင်ပေးခြင်း၊ အခေါင်းရိုက် ပေးခြင်း၊ နိဗ္ဗာန်ယာဉ်နှင့် အသုဘရှင် မိသားစု၊ အသုဘပို့ဆောင်သူများအတွက် ကားနှင့် သုံးဘီးများစီစဉ်ပေးခြင်း၊ သင်္ဂြိုဟ်ပေးခြင်း၊ ထောက်ပံ့ငွေ လေးသောင်း ပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်ပေး ကြောင်း အသင်းဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

“ရွာနီးတစ်ဝိုက်တော့ အသင်းတွေ ရှိတာပဲ။ ကိုယ့်ရွာနဲ့ကိုယ် လုပ်နိုင်ကြ ရင်တော့ ရွာတိုင်းရွာတိုင်းအတွက် အဆင်ပြေမယ်လို့ မြင်တယ်” ဟု ဦးသန်းဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ကျေးရွာ အတော်များများတွင် နာရေးကူညီမှု အသင်းတို့ ရှိလာပြီဖြစ်သော်လည်း ကူညီ နိုင်မှုစွမ်းက တစ်သင်းနှင့်တစ်သင်း မတူ ကြပါ။

အချို့ရွာအသင်းများက အသံချဲ့ စက်ဖွင့်ပေးနိုင်ရုံ၊ အလှူငွေ အနည်းကျဉ်း ထည့်ဝင်နိုင်ရုံ၊ လုပ်အားပေးနိုင်ကြရုံသာ။
ထို့သို့သော ကျေးရွာများမှ ငွေကြေး ချို့တဲ့သူတို့က နေရေးထက်သေရေး မခက် တော့သော်လည်း အသုဘရက် လည်ပြီးချိန် အကြွေးများဖြင့် ကျန်နေ တတ်ကြောင်း လောင်းလုံးမြို့နယ် ကရင် ကြီးရွာမှ လူငယ်တစ်ဦးက ပြောသည်။
ကရင်ကြီးရွာ အသုဘအိမ်များက လူသေပြီဆိုသည်နှင့် နေ့နေ့ညည ထမင်း ဟင်းကျွေးခြင်းမှအစ ရက်လည်သည် အထိ ကုန်ကျစရိတ်သုံးလျှင် သုံးသ လောက်ကုန်တတ်သည့်အတွက် ငွေကြေး စုမိဆောင်းမိ မရှိသူတို့ အသုဘတိုင်း အကြွေးပတ်လည်ဝိုင်း ကျန်ခဲ့တတ်ကြောင်း အထက်ပါလူငယ်က ပြောသည်။

“အများကြီးပေါ့၊ သေရေး မခက် ပေမယ့် အကြွေးနဲ့ ကျန်ခဲ့သူတွေ ရွာမှာ အများကြီးပေါ့”ဟု ၎င်းက ပြောလေသည်။

Related Posts