လာမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာငွေကိစ္စ အဓိကဆွေးနွေးမည်

0
409

ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် န၀မပုံမှန် အစည်း အဝေးကို ဇွန်လ ၁၄ ရက်တွင် စတင်မည် ဖြစ်ပြီး အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေကိစ္စကို အဓိကထား ဆွေးနွေးအတည်ပြုရန်ရှိ ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
အစည်းအဝေးကို ၄ ရက် ကျင်းပ ရန် လျာထားပြီး လက်ရှိတွင် ၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ စက်တင်ဘာ လအထိ နှစ်ပြည့်ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေကိစ္စကို ဆွေးနွေးမည် ဖြစ်သည်။

လက်ရှိတွင် ယင်းဘဏ္ဍာရေးနှစ် အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံး ငွေရင်း အသုံးစရိတ်များကို အမှန် တကယ် သုံးစွဲသင့်သည့်နေရာတွင် သုံးစွဲ ထားခြင်း ဟုတ်/မဟုတ် ဘတ်ဂျက် စိစစ် ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်းရှိ ဌာန အသီးသီးမှ ကောက်ခံရရှိသည့် အခွန် အခရငွေများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တစ်ခုခြင်းကို မေးမြန်းစိစစ်မှုများလည်း လွှတ်တော်၌ ပြုလုပ်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။
“အဓိကက ရငွေပိုင်းမှာ တကယ် ရော ပြည့်ပြည့်စုံစုံ ရပြီလား၊ အဲဒါတွေကို သုံးသပ်နေတယ်၊ အချို့ ရငွေတွေက ရသင့်သလောက်မရဘူး ဖြစ်နေရင် နစ်နာတယ်”ဟု ဦးခင်မောင်အေးက ပြောသည်။

အသစ်ရေးဆွဲပြီးသည့် ငွေချေး လုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်းအားမှာ အတည်ပြုရန်ရှိသော်လည်း ဥပဒေ မူကြမ်းအား ပြည်သူ့ရှင်းလင်းပွဲများ မပြုလုပ်ရသေးသဖြင့် ယခုအစည်း အဝေးတွင် တင်သွင်းအတည်ပြု ဖြစ် မည် မဟုတ်ဟု ၎င်းက ပြောသည်။
ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ ပြီးခဲ့သည့် အဋ္ဌမ ပုံမှန်အစည်းအဝေးကို ယခုနှစ် မတ်လ နှောင်းတွင် ကျင်းပခဲ့သည်။