တနင်္သာရီတိုင်း တက္ကသိုလ်ဝင်တန်း အောင်ချက် အနည်းငယ်ကျ၊ ထားဝယ် မြို့နယ် အောင်ချက်အများဆုံး

0
559

တနင်္သာရီတိုင်း၏ တက္ကသိုလ် ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ယမန် နှစ်ထက် အနည်းငယ်ကျသွားခဲ့သည်။
ယခုနှစ်တွင် တိုင်းအတွင်း တက္ကသိုလ် ဝင်တန်းဖြေဆိုသူ နှစ်သောင်းကျော် (၂၀၂၃၇ ဦး)ရှိပြီး ၆၁၇၄ ဦး ဖြေဆို အောင်မြင်ခဲ့သည်။
ဖြေဆိုသူဦးရေ၏ ၃၀ ဒဿမ ၅၁ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

ယမန်နှစ်က အောင်ချက် ၃၁ ဒဿမ ၃၅ ရာခိုင်နှုန်းရှိသည့်အတွက် ၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
အောင်ချက်ရာခိုင်နှုန်း ကျဆင်း လာရခြင်းမှာ ပြီးခဲ့သည့် ပညာသင်နှစ်က တိုင်းအတွင်းရှိ ကျောင်းများကို အ.ထ.က(ခွဲ)ကျောင်းများအဖြစ် အဆင့် တိုးပြီးနောက် သင်ကြားရေးဆရာ၊ ဆရာမများ လုံလောက်စွာ မခန့်နိုင်ခြင်း က အဓိက အကြောင်းအရင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။
ယင်းအပြင် စာမေးပွဲဖြေဆိုသည့် ကျောင်းသားဦးရေ များလာခြင်း၊ ကျောင်းသားများ ကိုယ်တိုင်စာကို သင် ကြားလိုစိတ်ရှိရန် လိုအပ်ခြင်း အစရှိ သည့် အကြောင်းအရာများနှင့်လည်း သက်ဆိုင်မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

လက်ရှိ ပညာသင်နှစ်တွင် သင်ကြားရေးဆရာ၊ ဆရာမလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေ ကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။
“ဆရာအင်အားကို ပြည့်မီအောင် ဖြည့်ပေးဖို့ လိုတယ်။ ဆရာအင်အား ဆိုတာ အရေအတွက်လောက်ပဲ မဟုတ် ဘဲ အရည်အချင်း ပြည့်အောင်ပေါ့”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြော သည်။
ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်း အတာအားဖြင့် အောင်ချက်ရာနှုန်းအလိုက် တန်းစီ ဇယားတွင်လည်း တနင်္သာရီ တိုင်းက အဆင့်တစ်ဆင့် လျော့ကျခဲ့သည်။

ပညာရေးဌာနက သတ်မှတ်ထား သည့် တိုင်းနှင့်ပြည်နယ် ၁၉ ခုရှိသည့် အနက် တနင်္သာရီတိုင်းက အဆင့် ၁၁ နေရာတွင်ရှိပြီး ယမန်နှစ်ကမူ အဆင့် ၁၀ ရှိခဲ့သည်။
တိုင်းအတွင်းရှိ မြို့နယ် ၁၀ ခု အနက် ထားဝယ်မြို့နယ်တွင် အောင်ချက် အမြင့်ဆုံးဖြစ်ပြီး တနင်္သာရီမြို့နယ်တွင် အောင်ချက် အနည်းဆုံး ဖြစ်သည်။

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်အစရှိသည့် မြို့နယ်များတွင် သင်ကြားရေး အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း မြင့်နေခြင်းဖြစ် ကြောင်း တိုင်းပညာရေးမှူးက သုံးသပ် သည်။
တနင်္သာရီမြို့နယ်တွင်မူ ဆရာ၊ ဆရာမအချို့က သင်ကြားရေး အတွေ့ အကြုံနုနယ်ခြင်း၊ ဆရာဆရာမ လိုအပ် ချက်မြင့်မားခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျောင်းသားအင်အားနှင့် ဆရာ အင်အား ဝန်မမျှခြင်းကလည်း အောင်ချက် ကျနိုင်သည့် အချက်ဖြစ်ပြီး အင်္ဂလိပ်စာ မေးခွန်းက ယခင်နှစ်ထက် ခက်ခဲနေခြင်း ကြောင့်လည်း ဖြစ်နိုင်ကြောင်း ထားဝယ် မြို့ရှိ ပညာကမ္ဘာ ဘော်ဒါပိုင်ရှင် ဆရာ ဦးသန်းဇော်ဦး (ရလိုင်)က သုံးသပ်သည်။

“တချို့ကျောင်းသားတွေက အင်္ဂလိပ် စာထိတာနဲ့ ကျန်ဘာသာတွေကို ကောင်း ကောင်း မဖြေတော့ဘဲ လက်လျှော့လိုက် တဲ့ သူတွေလည်း ရှိနိုင်တယ်”ဟု ဆရာ ဦးသန်းဇော်ဦး (ရလိုင်)က ပြောသည်။
အောင်ချက်နည်းရခြင်း အကြောင်း အရင်းများအနက် တစ်ခုအပါအဝင် ဖြစ်သည့် ကျောင်းသားများ မိုဘိုင်းဖုန်း အလွန်အကျွံ သုံးစွဲခြင်းကိုလည်း စည်းကမ်း တကျ ကြပ်မတ်ရန် လိုအပ်ကြောင်း တနင်္သာရီမြို့နယ်တွင် တာဝန်ထမ်း ဆောင်နေသည့် အထက်တန်းပြ ဆရာမ ဒေါ်ခင်ကြိုင်က ဆိုသည်။
“ပညာရေးနဲ့ပတ်သက်တဲ့ ဆော့ဖ်ဝဲ တွေ အများကြီးရှိတာ။ ဒါတွေကို လေ့လာ သင့်တာ၊ အခုက မလေ့လာဘဲ အခြား အကြောင်းတွေ ကြည့်နေတာ ဒါတွေကို လူကြီးတွေ ကြီးကြပ်ပေးရလိမ့်မယ်”ဟု ဆရာမ ဒေါ်ခင်ကြိုင်က ပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်သူများ လာစေရန် အဋ္ဌမတန်းနှင့် န၀မတန်း စာမေးပွဲများကို ကြပ်ကြပ်မတ်မတ် စစ်ဆေးသင့်ကြောင်း တနင်္သာရီတိုင်း အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ကျူရှင် ဆရာအများစုက ဆိုသည်။
“အလယ်တန်းနဲ့ Grade 9 တွေမှာ ကြိုးစားအားထုတ်မှု လျော့ပါးလာတာ တွေ့ရတယ် အများစုပေါ့၊ အခြေခံအား နည်းတယ်လို့ ပြောလို့ ရတာပေါ့၊ အဲလို အားနည်းမှုရှိလာတဲ့ ကလေးတွေအနေနဲ့ နှစ်ချင်းပေါက် အောင်ဖို့ခက်လာတယ်”ဟု ကော့သောင်းမြို့ရှိ ကျူရှင်ဆရာ တစ်ဦးဖြစ်သည့် ဆရာဦးဇော်မျိုးဝင်းက ပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်ချက် မြင့်လာစေရန် သင်ကြားသည့် ဆရာ၊ ဆရာမများ အရည်အချင်းပြည့်ရန် လိုအပ် သကဲ့သို့ မိဘများ၏ ပူးပေါင်း ပါဝင် မှုက အရေးကြီးကြောင်း တိုင်းပညာရေး မှူး ဒေါ်မြင့်စိန်က ဆိုသည်။

ယင်းအပြင် ကျောင်းသားများ ကိုယ်တိုင်ကလည်း ကြိုးစားသင်ယူ လိုစိတ်ရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
“အချို့တွေက ကျောင်းသာလာ တက်နေတယ်၊ ရည်မှန်းချက် မပါလာ ဘူးပေါ့”ဟု ဒေါ်မြင့်စိန်က ဆိုသည်။
လက်ရှိပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံကို ပြောင်းလဲ မည်ဖြစ်ပြီး တီထွင် ဖန်တီးနိုင်စွမ်းနှင့် စဉ်စားတွေးခေါ်မှုကို အားပေးသည့် မေးခွန်းပုံစံ ဖြစ်လာမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ရှင်းပြ သည်။

လာမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသင်ခန်းစာအပြင် ပြင်ပ ဗဟုသုတရှိရန် လိုအပ်လာပြီး နှစ်စကတည်းက လေ့လာသင်ယူထားရန် လိုမည်ဖြစ်ကြောင်း ကော့သောင်းမြို့မှ ကျူရှင်ဆရာတစ်ဦးဖြစ်သည့် ဆရာဦးကျော်ခိုင်က အကြံပြုသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တနင်္သာရီတိုင်းအတွင်း ၆ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၄၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၈၁ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၆၅ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၅၇၅ ဦး ထွက်ပေါ်ခဲ့သည်။