ကွိ ကွိနှင့် တစ်သိန်းစားဖြစ်ချင်သူများ

0
4283

ထိုသတင်းကြားပြီးကတည်းက ကွိ ကွိနှင့်ပိပိတို့၏ မျက်လုံးများ ပိုအရောင် တောက်လာသည်။
မျှော်လင့်ချက်သည် လူကို ပိုတက် ကြွစေသည် မဟုတ်လား။
ကွိကွိဘ၀တွင် ငယ်စဉ်ကတည်း ကနေ ယခုတက္ကသိုလ်ကျောင်းသား ဘ၀အထိ စည်းကမ်းတင်းကြပ်သည့် အတွက် ပျော်ရွင်ရသည့်အဖြစ်မျိုး ယခု တစ်ကြိမ်မှ တစ်ကြိမ်တည်း။
အင်မတန်ချစ်စရာကောင်းသည့် စည်းကမ်းချက်။
အင်မတန် ရင်ခုန်လှုပ်ရှားရသည့် စည်းကမ်းချက်။
သက်ဆိုင်သူများ၏ အမြော်အမြင် ကို ကွိကွိ မချီးကျူးဘဲ မနေနိုင်။
မကြာမီ ကွိကွိက နှစ်သိန်းရှာ တစ် သိန်းစား ဖြစ်တော့မည်မလား။
“ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ပေါ်နေပါပြီ”ဆိုတာမျိုးလေ။
။ ။
ယနေ့သည် သောကြာည ဖြစ်သည်။
ခါတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ကာ ဂိမ်းစုဆော့ကြပေမယ့် ယနေ့ညတော့ ကွိကွိMobile Legend မဆော့အားပေ။ လက်ဖက်ပန်းကန်နဲ့ကော်ဖီခွက် နံဘေး ချပြီး ဖုန်းအားအပြည့်သွင်းကာ ခြံထဲ၌ အသင့်အနေအထားဖြင့် ထိုင်နေသည်။

မနက်ခင်းအချိန်အခါမှာ လူသံ၊ ကားသံ၊ ဆိုင်ကယ်သံတို့ဖြင့် ဆူညံနေ တတ်သော ကွိကွိတို့အိမ်လမ်းသည် ည ဘက်ရောက်တော့ အိမ်အသီးသီးတို့မှ ရုပ်မြင်သံကြားသံများဖြင့် စည်ကားပြန် သည်။
ကွိကွိက သူတို့အိမ်လမ်းကို “အာရှ ချစ်ကြည်ရေးလမ်း”ဟု ချစ်စနိုးခေါ်တွင် ၏။ လမ်းတွင်းနေ ရုပ်ရှင်ချစ်ပရိသတ် များက အာရှတိုက်နိုင်ငံများမှ ရိုက်ကူး ထုတ်လွှင့်သော ကိုးရီးယား၊ တရုတ်၊ ဖိ လစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ စသည် မည်သည့် ဇာတ်ကားကို မဆို မလွတ်တမ်း အားပေးသောကြောင့် တည်း။
ရုပ်မြင်သံကြားသံများအကြား ဟို အိမ် ဒီအိမ်တို့မှ စကားသံများ ကလေး ငိုသံများ ရံဖန်ရံခါ လေထဲဝေ့ပျံလာတတ် သည်။

ညဦးယံမှ ညနက်လာသည်။
ရုပ်မြင်သံကြားသံများ တစ်စတစ်စ ပျောက်ကွယ်ကာ တိတ်ဆိတ်ခြင်း ကြီး စိုးလာသည်။ ကွိကွိသည်ကား ဟန်မ ပျက်။ ရှေ့တန်းရောက်နေသော စစ်သား တစ်ဦးနှယ် သတိအပြည့်ဖြင့် ပတ်ဝန်း ကျင်ကို စူးစမ်းနေ၏။ ကွိကွိသည် တက္ကသိုလ်ကျောင်းသား လူငယ်ပီပီ သွက်လက်သည်၊ စူးစမ်းလေ့လာအား ကောင်း၍ တက်ကြွသည်။
ထိုစဉ် ကွိကွိဖုန်း၏ တုန်ခါသံသည် ညဥ့်ယံတွင် ထင်ထင်ရှားရှား ပေါ်ထွက် လာ၏။ ဖုန်းကို ကြည့်လိုက်တော့ တစ် ဘက်လမ်းတွင်နေသော ကွိကွိသူငယ်ချင်း ပိပိ၏ ဖုန်း။

အကြောင်းတစ်စုံတစ်ရာများ ထူး ပြီးလား သိချင်စိတ်ဖြင့် ဖုန်းကောက်ကိုင် လိုက်သည်။
“ဟဲလို”
“ဟဲလို သိန်းငှက်မှ စာကလေး၊ သိန်းငှက်မှ စာကလေး ရဲဘော်ကြားလား”ပိပိဘာပြောနေမှန်း ကွိကွိ နားမလည်ပါ။ သိန်းငှက်လည်း ပါသည်။ စာကလေး လည်း ပါသည်။
“ဟေ့ကောင် ရိုးရိုးပြော။ ဘာထူး လဲ”
“ထူးတယ် ထူးတယ်။ အထုပ်တစ် ထုပ် လူတစ်ယောက် တို့အိမ်လမ်းထိပ် တံတားအနား”
အိုး . . . . ။
ပိပိနှယ် သည်လောက်စိတ်လှုပ်ရှား ပျော်ရွင်ဖွယ်ကောင်းသည့်သတင်းကို သိန်းငှက်တွေ၊ စာကလေးတွေ လုပ်နေ သည်။
“ဟာ . . . .ပိ နင်ဆက်စောင့်ကြည့် ငါအခုလာခဲ့မယ်”
“အိုးခေ. . .”
ကွိကွိသည် ခြံတံခါးကို အသံ မမြည်အောင် သတိထားပိတ်၍ တစ်ဖက် လမ်းသို့ တစ်ချိုးတည်း ပြေးလေတော့သည်။
ပိပိအိမ်နားရောက်တော့ ပိပြော သည့်အတိုင်း လမ်းထိပ်တံတားအနား လူတစ်ယောက် အထုပ်တစ်ထုပ်ကိုင်ကာ ယောင်လည်လည် လုပ်နေသည်။ တံတားသည် လူနေအိမ်တို့နှင့် အတန် ငယ်လှမ်း၍ လူမနေသော ခြံနှစ်ခြံကြား တွင်ရှိလေရာ အမှောင်ထုအတန်ငယ် စိုးမိုးထားလေသည်။
ပိပိသည် ခြံထဲမှ ထိုလူကို မျက် တောင်မခတ်တမ်း ကြည့်နေသည်။

“ပိပိ”
သူ့နာမည်ကို တစ်ကိုယ်ကြားခေါ် ပြီးရောက်ကြောင်း သတင်းပို့သည်။
သူတို့နှစ်ယောက် တံတား၏ မနီးမဝေးသို့ ဖြေးဖြေးချင်းသွား၍ အနှီလူအား စောင့်ကြည့်ကြသည်။ နှစ်ယောက်သား ကြည့်နေတာကို ထိုလူကလည်း သတိထားမိသည်ထင့်။ အဝေးကနေ ကွိနဲ့ပိကို တချက်တချက် ရှိုး၍ ဖုန်းတကိုင်ကိုင် လုပ်နေသည်။

“ပိ . အဆင်သင့်နော်”
“အင်း . . .”
နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေ သည်။
“ဒါဆို. .လှုပ်ရှားရအောင်. ”
“နေဦးလေ သက်သေလိုတယ်၊ ဖုန်းအသင့် ထုတ်၊ ကင်မရာ အသင့်ဖွင့် ထား ကွိ”
စိတ်လှုပ်ရှားနေ၍ ထင်သည်။ ကွိမှာ ဟိုမေ့သည်မေ့။

“ဪ အေး . . . ဟုတ်သား”
ဤသိုဖြင့် နှစ်ယောက်သား ဖုန်း တစ်လုံးစီကိုင်ကာ ထိုလူထံသို့ သွားကြ လေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုလူက လက်ထဲက အထုပ်ကို နံဘေးသို့ ချ လိုက်သည်။
“ရိုက်ရိုက် အဲ့ဟာကို အမိအရ ရိုက် ပိပိ”
“စိတ်ချ လုံးဝအလွတ်မပေးဘူး ဟေ့”
ပြောလည်းပြော ရိုက်လည်းရိုက် ပြီးနောက် ဖုန်းတကားကားနှင့်ပြေးလာ သော ပိနှင့်ကွိ။
ထိုလူသည်လည်း အလန့်တကြား ဖြစ်ပြီး တံတားဘေးရှိ ဓာတ်မီးတိုင်ရှိ တဲ့ဘက် အနည်းငယ်ရွှေ့လိုက်သည်။
အလင်းရောင်ကြောင့် အထုပ်ချသူ ၏မျက်နှာကို ရှင်းလင်းစွာ မြင်ရပြီ။
“ဟင် ယောက်ဖ၊ အဲလေ ကိုကြီးမိုး”
ကိုကြီးမိုးသည် ပိပိ ချစ်သူ၏အကိုကြီး ဖြစ်သည်။ ကျောင်းပြီးကာစ အလုပ်ရှာဆဲ ဘီးကျဲ။
“ဟင် ပိပိ ကွိကွိ မင်းတို့ဘာလာ လုပ်ကြတာလဲ”
“ဟိုဟာ လူဖမ်းတာလေ။ အမှိုက် ပစ်တဲ့သူဖမ်းတာ”
“ဟေ”
“ကိုကြီး ကရော”
“ငါလည်း လာဖမ်းတာ”
“ဗျာ”
“အေး ဒီတံတားထိပ်က လူပြတ် တော့ အနားတစ်ဝိုက်က တချို့တချို့ လူတွေ အမှိုက်လာပစ်နေကြဆိုတော့”
“ဒါဖြင့် ကိုကြီးပစ်ချလိုက်တဲ့အ ထုပ်က . .”
“အဲ့ဒါ ငါ့အထုပ်လေ အဲ့နား ညအိပ် စောင့်မလို အဟီး”
“အမယ်လေးဗျာ”
“နေပါဦး မင်းတို့ကရော ဘာကို တရိုက်တည်း ရိုက်နေကြတာလဲ”
“ကိုကြီးအထုပ်ပစ်ချတာ အမှိုက် ပစ်ချတယ်ထင်ပြီး ဟီးဟီး သက်သေ ပြမလို”
“ဟား . . ဟား . .ဟား”
ကိုကြီးမိုးက ညကြီးသန်းခေါင် အချိန်ကိုမေ့ပြီး အော်ရယ်သည်။ ပိပိက လည်း တဟားဟားနှင့် လိုက်ရယ်သည်။
“ဟောဗျာ သွားပါပြီ။ ဆုကြေးငွေ တစ်သိန်းလည်း လွဲပါပြီဗျာ”
ရယ်သံများကြားတွင် ကွိကွိ၏စိတ် ပျက်လက်ပျက်အသံက တိုးမပေါက်။
ညကား တိတ်ဆိတ်မြဲတိုင်း တိတ် ဆိတ်သွားသည်။
ဓာတ်မီးတိုင်နှင့် တံ တားကြားရှိ “ချောင်းတွင်း အမှိုက်အပစ်ရ။ ဒဏ်ကြေး ကျပ် ၂ သိန်း၊ သတင်းပေးသူ ဆုငွေ တစ်သိန်း ချီးမြှင့်မည်။ ပုံ – စည်ပင်” စာသားပါ သတိပေးဆိုင်းဘုတ်နီနီတစ်ခု ကား ထိုသူ ၃ ဦးကို စိုက်ကြည့်နေသ ယောင်။