သွေးလွန်တုပ်ကွေး အဖြစ်များနိုင်၊ လက်ရှိအချိန်ထိ သုံးဦးသေ

0
380

ယခုနှစ်တွင် တိုင်းအတွင်း သွေး လွန်တုပ်ကွေးဖြစ်ပွားမှု များနိုင်ကြောင်း ဆရာဝန်အများစုက ခန့်မှန်းကြပြီး လက်ရှိ အချိန်ထိ သေဆုံးသူသုံးဦး ရှိနေပြီ ဖြစ် သည်။
တိုင်းအတွင်း ဇန်နဝါရီလမှ မေလ ၂၁ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၃၆၇ ဦးရှိပြီး မြိတ်မြို့နယ်တွင် သေဆုံး သူနှစ်ဦးရှိကာ ပုလောမြို့နယ်တွင် တစ်ဦး သေဆုံးပြီးဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ယမန်နှစ်က မေလအထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၁၆၇ ဦးသာရှိပြီး ယင်းကာလတွင် သေဆုံးသူ မရှိပေ။
ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လက်ကျန်ရှိခြင်း၊ ရောဂါဖြစ် ပွားမှုက ၂ နှစ်(သို့) ၃ နှစ် တစ်ကြိမ် အဖြစ်များလေ့ရှိခြင်း အစရှိသည့် အကြောင်းများကြောင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များနိုင် ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ငှက်ဖျားတိုက် ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဇေယျာကျော်က ပြောသည်။

“ဒီနှစ်မှာ ရောဂါဖြစ်ပွားမှုနှုန်း ပိုများ မယ်လို့ ယူဆရတယ်”ဟု ဒေါက်တာ ဇေယျာကျော်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၂၀၃၃ ဦး ရှိကာ အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့သည်။
လက်ရှိတွင် ရောဂါ ဖြစ်ပွားမှုများ နိုင်သဖြင့် ပြည်သူများအား အသိပညာ ပေးခြင်းကို ဖိဖိစီးစီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး/ ကုသရေး ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူး ဒေါက်တာ ဇော်မင်း ထွန်းက ပြောသည်။

သွေးလွန်တုပ်ကွေး ကာကွယ်ရန် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းကို အရေးကြီးသည့်အတွက် လူထု လှုပ်ရှား မှုအသွင်ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မည်ဟု ၎င်းက ဆိုသည်။
အသိပညာပေးခြင်းထက် ရပ်ကွက်အတွင်း ခြင်မပေါက် ဖွား နိုင်စေရန် စည်ပင်သာယာက ကြပ်ကြပ် မတ်မတ် လုပ်ဆောင်စေချင်ကြောင်း မြိတ်မြို့ မြို့သစ်ရပ်ကွက်နေ ၃၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြော သည်။
သွေးလွန်တုပ်ကွေးရာသီ မစမီ အချိန်ကပင် ကျန်းမာရေးဌာန(သို့) အုပ် ချုပ်ရေးအဖွဲ့အစည်းများက အသိပညာ ပေးမှုများ လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့နယ် သဗျာရွာနေ ဦးဇာနည် စိုးမိုးက ဆိုသည်။

“ဖြစ်နိုင်မယ်ဆိုရင် ခြင်ဆေးဖျန်း တာကို ရောဂါမဖြစ်ခင်ကတည်း တစ်လ တစ်ကြိမ်လောက် ဖျန်းပေးသင့် တယ်”ဟု ထားဝယ်မြို့ ကြက်စားပြင် ရပ်ကွက် နေ ကလေးနှစ်ဦး၏ ဖခင်တစ်ဦးက ဆိုသည်။
ဆေးပညာအရ ခြင်ဆေးဖြန်းခြင်း က အဓိကမကျဘဲ (ဖုံး၊သွန်၊ လဲ၊စစ်) ပိုးလောက်လန်း နှိမ်နင်းခြင်းနှင့် ရေတွင်း ရေကန်အတွင်း အဘိတ်ဆေး ခပ်ခြင်း ကသာ ပိုမိုကာကွယ်နိုင်မည် ဖြစ်ကြောင်း ဒေါက်တာ ဇော်မင်းထွန်းက ရှင်းပြသည်။

သွေးလွန်တုပ်ကွေး အဖြစ်များ ချိန်တွင် ဆေးရုံအများစု၌ လူနာကုတင် မလုံလောက်မှုများကြောင့် ဒေသခံ ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့ သည်။
သွေးလွန်တုပ်ကွေးအဖြစ်များ လာနိုင်သည့်အတွက် တိုင်းအတွင်းရှိ ဆေးရုံအများစုတွင် ကုတင် အခက် အခဲရှိသည့်အတွက် ဆေးရုံတက်ကုသရန် လိုအပ်သည့် လူနာကိုသာ ဆေးရုံတက် စေမည်ဖြစ်ကြောင်း ဒေါက်တာ ဇော်မင်း ထွန်းက ဆိုသည်။
“ရောဂါ သိပ်မပြင်းထန်တဲ့သူဆိုရင် မတင်ဘဲနဲ့ သေချာရှင်းပြပြီးတော့ လိုအပ်မှ ပြန်လာဖို့ပေါ့၊ အနီးကပ်ပြုစု စောင့်ရှောက်ရမယ့် လူဆိုတော့ တင်ထားမှာပေါ့နော်”ဟု ဒေါက်တာ ဇော်မင်းထွန်းက ပြောသည်။

သွေးလွန်တုပ်ကွေး အဖြစ်များ သည့် အချိန်မတိုင်မီ ဆေးရုံများရှိ လူနာအခန်း (ကုတင်)များ လုံလောက်မှု ရှိစေရန် ကြိုတင် စီစဉ် ထားသင့်ကြောင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာမှ မစန္ဒာထွေးက ဆိုသည်။
လက်ရှိတွင် သွေးလွန် တုပ်ကွေး ဖြစ်ပွားသည့် အိမ်မှ အကွာအဝေးမီတာ ၁၀၀ အတွင်း ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လန်း ရှင်းလင်းခြင်းများနှင့် ပတ်ဝန်းကျင်တွင် နောက်ထပ်လူနာရှိ / မရှိ စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း ဒေါက်တာဇေယျာကျော်က ဆိုသည်။

၂ ရက်မှ ၇ ရက်အထိဖျားခြင်း၊ ခန္ဓာကိုယ်တွင် အနီစက်ထွက်ခြင်း၊ ကော်ဖီအနှစ်ရောင်ကဲ့သို့ အန်ခြင်း၊ နှာခေါင်း သွေးလျှံခြင်း၊ လန်းဆန်းမှု မရှိဘဲ ဂဏာ မငြိမ်ဖြစ်ခြင်း အစရှိသည့် ရောဂါလက္ခဏာများဖြစ်လာပါက နီးစပ် ရာ ဆေးရုံများတွင် အမြန်ဆုံး ကုသမှု ခံယူသင့်ကြောင်း ၎င်းက အကြံပြုသည်။