အငှားအိမ်ရာတွင် ဝန်ထမ်းများကို နေရာချထားရန် တိုင်းအစိုးရထံ တင်ပြထားဟုဆို

0
429

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် တည်ဆောက်ထားသည့် အစိုးရအငှား အိမ်ရာတွင် နိုင်ငံ့ဝန်ထမ်းများကို နေရာ ချထားပေးရန် တိုင်းအစိုးရထံ တင်ပြ ထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တနင်္သာရီတိုင်းဦးစီးမှူး ဒေါ်ခင်မိမိထွေးက ပြောသည်။

ပိန္နဲတောရပ်ကွက်၊ နှင်းဆီလမ်း တွင် ဆောက်လုပ်ထားသည့် အဆောက် အအုံများအနက် ပထမဆုံးဆောက်သည့် အဆောက်အအုံနှစ်လုံးတွင် ကျူးကျော် များကို နေထိုင်ခွင့်ပေးမည်ဟု တိုင်း အစိုးရက ထုတ်ပြန်ထားပြီး ထပ်မံ ဆောက်လုပ်နေသည့် အဆောက်အအုံ များတွင်မူ မည်သူ့ကို နေထိုင်ခွင့်ပေး မည်ဟု ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အဆိုပါ အဆောက်အအုံများတွင် အခန်းလိုအပ်နေသည့် နိုင်ငံ့ဝန်ထမ်း များကို နေရာချထားပေးရန် မေလ ဒုတိယအပတ်က တိုင်းအစိုးရထံ တင်ပြ ခဲ့ကြောင်း ဒေါ်ခင်မိမိထွေးက ဆိုသည်။

“တင်ပြမှုကို အစိုးရက စဉ်းစားပြီး နောက်အစည်းအဝေးမှာ ဆုံးဖြတ်မယ် ထင်တယ်”ဟု ၎င်းက ပြောသည်။
ဆောက်လုပ်ထားသည့် အစိုးရ အငှားအိမ်ရာ အဆောက်အအုံများရှိ အခန်းအချို့ကို ကျူးကျော်များအား ငှားရမ်းစဉ်က အခန်းတစ်ခန်းအတွက် တစ်လငှားရမ်းခအဖြစ် ကျပ် ၃၂၀၀၀ သတ်မှတ်ထားသည်။
အစိုးရ၏ ဝန်ထမ်းအိမ်ရာများ တွင်မူ အခန်းတစ်ခန်းကို တစ်လကျ သင့်ငွေမှာ အရာထမ်းအဆင့် ဝန်ထမ်း ဖြစ်ပါက လစာငွေ၏ ၅ ရာခိုင်နှုန်းကို ကောက်ခံပြီး အမှုထမ်းဖြစ်ပါက လစာ ၏ ၃ ရာခိုင်နှုန်းကို ကောက်ခံသည်။
ယင်းကြောင့် ဝန်ထမ်းများအနေဖြင့် အငှားအိမ်ရာ အဆောက်အအုံများတွင် နေထိုင်ခွင့်ရပါက အခန်းခနှုန်းထား ကွာဟလာမည် ဖြစ်သည်။

ယင်းသို့အခန်းခ နှုန်းထား ကွာဟ နေမှုကိုလည်း တင်ပြထားသည်ဟု ဒေါ်ခင်မိမိထွေးက ပြောသည်။
အခန်းခနှုန်းထားကို ကျပ် ၃၂၀၀၀ ပေးရမည်ဆိုပါက ရသည့်လစာငွေနှင့် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင် နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“အခန်းလိုချင်လို့ လျှောက်ထား တာတော့ကြာပြီ၊ ဒါပေမဲ့ အခန်းခ သုံးသောင်းကျော်ပေးရမယ်ဆို ရေဖိုး၊ မီတာဖိုးနဲ့စားဖို့ ကျန်မှာမဟုတ်ဘူး”ဟု အဆိုပါ ပညာရေးဝန်ထမ်းက ဆိုသည်။
အခန်းခ ၃၂၀၀၀ ပေးရမည်ဆိုပါက အနိမ့်ဆုံးလစာရရှိသည့် ဝန်ထမ်းတစ်ဦး အနေဖြင့် လစာ၏ ၂၀ ရာခိုင်နှုန်းကျော်ကို အိမ်ခန်းခအတွက် သုံးစွဲရမည် ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီးမြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံတွင် အခန်းလျှောက်ထားသည့် ဝန်ထမ်း ၂၀၀ ဦးဝန်းကျင် ရှိနေသော်လည်း အခန်း လွတ် မရှိသည့်အတွက် ချထားနိုင်ခြင်း မရှိသေးကြောင်း ယင်းဌာနထံမှ သိရ သည်။