ထားဝယ်မြို့နယ် ရပ်/ကျေး ဘောလုံးပြိုင်ပွဲ ကန်ထရိုက်ကိစ္စ ဝေဖန်မှုအချို့ ရှိလာ

0
410

ထားဝယ်မြို့နယ်အတွင်းရှိ ရပ် ကွက်/ကျေးရွာပေါင်းစုံ ဘောလုံး ပြိုင်ပွဲ များ ကန်ထရိုက်ချပေးမှုနှင့် ပတ်သက် ၍ ထားဝယ်ဒေသခံအချို့က ပြောဆို ဝေဖန်မှုများ ရှိလာသည်။
ဘောလုံးပြိုင်ပွဲ ကန်ထရိုက်ရသူ သည် ဘောလုံးပွဲကျင်းပချိန်တွင် ကွင်း ဝင်ကြေး ကောက်ခံခွင့်ရှိပြီး ပြိုင်ပွဲ၏ ဆုကြေးငွေများ၊ ဒိုင်ငှားရမ်းခ အစရှိသည့် ပွဲကျင်းပရေး စရိတ်များနှင့် ဘောလုံး အသင်းထောက်ပံ့မှုများကို ကျခံရသည်။

ဘောလုံးပွဲ ကန်ထရိုက်လုပ်ခွင့် အတွက် အများပြည်သူသိစေရန် သတင်း စာ၊ ဂျာနယ်များတွင် ကြေညာခြင်း မရှိဘဲ လုပ်ပိုင်ခွင့်ပေးနေကျ လူကိုသာ ပေးနေသည်ဟု ထားဝယ်မြို့ ဝဲကျွန်း ထိန်သစ်ရပ်ကွက်နေ အသက် ၄၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ဝေဖန်သည်။
“နှစ်တိုင်း ဒီလူကိုပဲ ပေးနေပြီး ကန်ထရိုက်လုပ်ခွင့်ပြုရာမှာ ပွင့်လင်းမြင် သာမှု မရှိဘူး”ဟု အဆိုပါ အမျိုးသားက ပြောသည်။
ပွဲကျင်းပရေး ကန်ထရိုက်လုပ်ခွင့် ကို စည်းမျဉ်းစည်းကမ်းများ သတ်မှတ် ကာ လုပ်ချင်သူများ သိရှိစေရန် ကြေညာပေးသင့်ကြောင်း ထားဝယ်မြို့ ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက် က ဆိုသည်။

“ပွင့်ပွင့်လင်းလင်း မည်သူမဆို တင်ဒါ(ကန်ထရိုက်)ဆွဲခွင့်ရှိတယ်၊ အချိန်ယူပြီးတောင် ကြေညာသင့်တယ်”ဟု ဦးစိုးထိုက်က ပြောသည်။
မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို လာမည့် ဇွန်လ ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ကျေးရွာပေါင်းစုံပြိုင်ပွဲကို ဇူလိုင်လဆန်း တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် အား/ကာထံမှ သိရသည်။
ထားဝယ်မြို့နယ် အားကစားမှူး ဦးသန်းဇော်မိုးကမူ ကျင်းပခွင့်လေလံ (ကန်ထရိုက်) လုပ်ကိုင်ခွင့်ကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း ပြီး အစည်းအဝေးဆုံးဖြတ်ချက် အရ အများဆန္ဒအတိုင်း ယမန်နှစ်က လုပ်ခွင့် ရသူကို ပေးခဲ့ခြင်းဖြစ်ကြောင်း ပြော သည်။

“ဒီလူကိုပဲ ပေးမယ်လို့ ပေးခွင့်မရှိ ဘူး၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး တွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ပေးရတာ ပါ”ဟု ဦးသန်းဇော်မိုးက ပြောသည်။
ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂သင်း ဝင်ပြိုင်မည်ဖြစ်ပြီး ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ၁၃ သင်း(သို့) ၁၄ သင်း ပါဝင်နိုင်ကြောင်း မြို့နယ်အား^ကာထံမှ သိရသည်။

ဘောလုံးပွဲ ကွင်းဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၅၀၀ သတ်မှတ်ထား ပြီး ပထမဆုအဖြစ် ကျပ် ၅ သိန်း၊ ဒုတိယ ဆုကို ကျပ် ၃ သိန်း ချီးမြှင့်မည်ဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရသည်။