မွန်တွင် ကျောင်းအုပ်နှင့် ဆရာဆရာမ ၁၀၀၀ ကျော် လစ်လပ်နေ

0
678

မွန်ပြည်နယ်အတွင်းရှိ အခြေခံ ပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်နှင့် ကျောင်းဆရာ ဆရာမ ၁၀၀၀ ဦးကျော် လစ်လပ်နေ သည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံး ထံမှ သိရသည်။

ပြည်နယ်တစ်ခုလုံးရှိ အခြေခံပညာ ကျောင်းများအတွက် ကျောင်းအုပ်နှင့် ကျောင်းဆရာ ဆရာမ ၁၅၈၀၀ ဦးကျော် ခန့်အပ်ထားပြီးဖြစ်သော်လည်း ၁၀၀၀ ဦးကျော်တို့က လစ်လပ်ဆဲဖြစ် ကြောင်း ပြည်နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

၂၀၁၈ခုနှစ် ဧပြီလကုန်ထိ စာရင်း အရ လစ်လပ်နေသည့် ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမ ၁၀၀၀ ဦးကျော်ထဲတွင် အထက်တန်း ကျောင်း အုပ် ၂ ဦး၊ အလယ်တန်း ကျောင်းအုပ် ၁ ဦး၊ မူလတန်းကျောင်းအုပ် ၅၇ ဦးနှင့် အထက်တန်းပြ ၂၉၉ ဦး၊ အလယ်တန်းပြ ၃၉၉ ဦးနှင့် မူလတန်းပြ ဆရာ၊ ဆရာမ ၂၉၇ ဦးတို့ ဖြစ်သည်။

“မြို့နယ်အလိုက် ကြည့်လိုက်ရင် မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံတို့မှာ ခွဲဝေချက်ထက်ကို ဆရာ ဆရာမတွေ ပိုနေတယ်၊ ရေး၊ ကျိုက်ထို၊ ကျိုက်မရော တို့မှာဆိုရင် ဆရာ ဆရာတွေလိုနေတယ် အဲဒီနေရာတွေကို သွားမယ့်လူမရှိ လျှောက်မယ့်လူမရှိတော့ ကျောင်းဆရာ ဆရာမ မပြည့်ဘူး”ဟု ပြည်နယ် ပညာ ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည်(စီမံ) က ပြောသည်။

လစ်လပ်နေသည့် ကျောင်းအုပ်များ နှင့် ကျောင်းဆရာ ဆရာမများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းဖွင့် ကာလအမီ ခန့်အပ်သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဒေါ်လဲ့လဲ့ကြည် က ဆက်ပြောသည်။
“ဘယ်လောက်ပဲ ဖြည့်ဖြည့် အမြဲ တမ်းလိုနေတယ်၊ ဝေးတဲ့နေရာက ကျန်နေ တယ် အဲလိုဖြစ်နေတယ်”ဟု ၎င်းက ဆို သည်။

မွန်ပြည်နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၀၀ ကျော်နှင့် မူလတန်းကျောင်း ၁၀၀၀ ကျော်ရှိကာ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိကကျောင်း နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းတို့မှ စုစုပေါင်း ကျောင်းသူ ကျောင်း သားပေါင်း ၄ သိန်းနီးပါးရှိသည်ဟု သိရသည်။