အငြင်းပွား ကျွန်းဖီလာကိစ္စ ကုမ္ပဏီနှင့် ဒေသခံ သဘောတူညီမူရ

0
474

ကော့သောင်းမြို့နယ်၊ စူငယ်ပါ လိုင်းကျေးရွာအုပ်စု ဂျာအုံးကျေးရွာ တည် ရှိသည့် ကျွန်းဖီလာတွင် ဟိုတယ်နှင့်ခရီး သွားလုပ်ငန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် ကျွန်းပေါ်ရှိဒေသခံ ရွာသားများအကြား အငြင်းပွားနေသည့် မြေယာကိစ္စကို မေလ ၂၄ရက်က နှစ်ဦးနှစ်ဖက် သဘော တူညီမှုယူခဲ့ကြသည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားမှူး ဦးညိုအေးက ဆိုသည်။

Moken International Co.,Ltd ကုမ္ပဏီသည် ၂၀၁၅ခုနှစ်တွင် ကျွန်းဖီ လာရှိ မြေဧက ၁၀၀ကို ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့သည်။
ယင်းမြေဧရိယာအတွင်း ကျေးရွာ ပိုင်မြေများ ပါဝင်နေ သည်နှင့်ပတ်သက် ပြီး နှစ်ဦးနှစ်ဖက် အငြင်းပွားခဲ့ကြခြင်း ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့မှ ကူညီဖြေရှင်း ပေးနိုင်ခဲ့သည်ဟု ဦးညိုအေးက ဆိုသည်။

“ကုမ္ပဏီလုပ်ပိုင်ခွင့်ရထားတဲ့ ဧက ၁၀၀ထဲက ဧက ၄၀နီးပါးကို ကုမ္ပဏီ ဘက်က ကျေးရွာကို ပြန်လည်စွန့်လွှတ် ပေးမည့်အပြင် ရွာ၏တောင်းဆိုချက် များကိုလည်း လိုက်လျောခဲ့တဲ့အတွက် သဘောတူညီခဲ့ကြတယ်”ဟု ၎င်းက ဆိုသည်။

ဟိုတယ်လုပ်ငန်း ဧရိယာထဲပါနေ သည့် ဆလုံလူမျိုးတို့၏ နေအိမ် ၁၀ လုံးကို ကုမ္ပဏီကတာဝန်ယူပြီး ရွာအနီး ပြောင်းရွှေ့ပေးခြင်း၊ ဆလုံ သင်္ချိုင်း ဧရိယာ ကို ခြံစည်းရိုး ကာရံပေးခြင်း၊ ရွာနှင့်ကပ် လျက်ရှိသည့် ချီးပူးအော်အား ရွာပိုင် အဖြစ်ပြန်လည် စွန့်ခြင်းနှင့် ကုမ္ပဏီ မြေနှင့်ဆက်စပ်နေသည့် ဘုရားနှင့် ကျေးရွာ အနောက် ဘက်ရှိ မြေ ၃၈ဧကတို့ကို ကုမ္ပဏီ ဘက်က ပြန်လည် စွန့်လွှတ်ပေးရန် သဘောတူခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဂျအုံးကျေးရွာမှ ရွာမိရွာဖ အမျိုးသားတစ်ဦးက ဆိုသည်။

သဘောတူညီကြောင်း လက်မှတ် ရေးထိုးခြင်းကို မေလ ၂၄ ရက်က တိုင်း အစိုးရ တာဝန်ရှိသူများ ရှေ့တွင် ကော့သောင်း ခရိုင် အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။