ကျောင်းအပ်ချိန်နှင့် ကျောင်းဖွင့် ရာသီ ငွေကြေး လက်ဆောင်ပစ္စည်း မတောင်းရ၊ လက်မခံရ

0
505

ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းအပ်ချိန်နှင့် ကျောင်းဖွင့်ရာသီ တစ်လျှောက်တွင် ငွေကြေးနှင့် လက် ဆောင်ပစ္စည်းများကို ကောက်ခံခြင်း လက်ခံခြင်းမလုပ်ရန် ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားလိုက်သည်။

ကျောင်းသားမိဘများနှင့် ကျောင်းသားများထံမှ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမ များ၊ ဝန်ထမ်းများကို ညွှန်ကြား ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူးက ပြောသည်။
ပြီးခဲ့သည့်နှစ်က ငွေကြေးနှင့် လက်ဆောင်ပစ္စည်း တောင်းခံခြင်း မပြုရဟုသာ ညွှန်ကြားခဲ့ပြီး ယခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တောင်းခံခြင်းအပြင် လက်ခံခြင်း မပြုရ ဟူသည့် စည်းကမ်းချက်ကို ထပ်မံချထား လိုက်ခြင်း ဖြစ်သည်။

ညွှန်ကြားချက်ကို ချိုးဖောက်ပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများထံ တိုင်ကြားနိုင်သကဲ့သို့ တိုင်းပညာရေးမှူး ကဲ့သို့ အခြား သက်ဆိုင်ရာနေရာများတွင် လည်း တိုင်ကြားနိုင်ကြောင်း တိုင်း ဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဌာနတွင်း ညွှန် ကြားချက်ကို မလိုက်နာသည့်အတွက် တိုင်းအတွင်းရှိ အထက်တန်း ကျောင်း အုပ်တစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး နောက်တစ်ဦးကို နယ်သို့ပြောင်းရွေ့ ခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။
လာမည့် ၂၀၁၈-၂၀၁၉ ပညာသင် နှစ်အတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များ၊ ပညာရေးဝန်ထမ်းများ လိုက်နာရန် အချက် ၁၂ ချက်ကို ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည်။

အဆိုပါအချက်များထဲတွင် မည် သည့်အခငွေကြေးကိုမျှ ကောက်ခံခြင်း /လက်ခံခြင်း မပြုရ ၊ ငွေကြေး။ လက်ဆောင် ပစ္စည်း တစ်စုံတစ်ရာကို လက်ခံခြင်း မပြုရ၊ ကျောင်းဝတ်စုံအတွက် အတန်း တံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချ ခြင်းမပြုရ၊ အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်း မပြုရ အစရှိသည့် အချက် များ ပါဝင်သည်။

ယင်းညွှန်ကြားချက်က အစိုးရ ရန်ပုံငွေ အလုံအလောက်ရသည့် အထက် တန်းကျောင်းနှင့် အထက်တန်း ကျောင်းခွဲ များအတွက် အခက်အခဲမရှိသော်လည်း ရန်ပုံငွေအရနည်းသည့် အလယ်တန်း၊ မူလွန်တန်းနှင့် မူလတန်းကျောင်းများ တွက် အခက်အခဲရှိနိုင်သည်ဟု ထားဝယ် ခရိုင်အတွင်းရှိ ကျောင်းအုပ်အချို့က ဆိုသည်။

“အ.ထ.ကတွေနဲ့ အထက(ခွဲ)တွေအတွက်ကတော့ ဒီညွှန်ကြားချက်က တကယ်သင့်လျော်ပါတယ်၊ အမက လေးတွေကျတော့ ဒီထက်ငွေပိုပေးနိုင်ရင် ပေးပေါ့၊ ဒါမှမဟုတ်ရင်တော့ ကျောင်း အတွက် လိုအပ်တဲ့ ပစ္စည်းလေးတွေ အလှူခံပိုင်ခွင့်လေး ရှိရင်တော့ ပို အဆင် ပြေပါတယ်”ဟု ပုလောမြို့နယ်မှ အ.ထ.က (ခွဲ) ကျောင်းအုပ်ဆရာ တစ်ဦးက ပြော သည်။

ကျောင်း၏လိုအပ်ချက်ဖြစ်သည့် ရေအိုး၊ တံမြက်စည်းကစပြီး သင်ထောက် ကူပစ္စည်းများအထိ အစိုးရက လုံလောက် စွာ ပံ့ပိုးပေးနိုင်ခြင်း မရှိသေးသည့်အတွက် ယင်း ညွှန်ကြားချက်အတိုင်း မလုပ် ဆောင်သင့်ကြောင်း အ.ထ.က (၁) ထားဝယ်၏ ကျောင်းအကျိုးတော်ဆောင် တစ်ဦး ဖြစ်သည့် ဦးကျော်ကျော်ဦးက ဆိုသည်။

“ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကျိုး စီးပွားအတွက် လုပ်တာမျိုး ဆိုရင်တော့ ထိရောက်စွာ အရေးယူ သင့်တယ်၊ တိုင်လည်း တိုင်သင့်တယ်”ဟု ဦးကျော် ကျော်ဦးက ပြောသည်။
ဘာသာရေး၊ လူမှုရေးကဲ့သို့ ကိစ္စရပ်များတွင်မူ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် ကျောင်းကောင်စီက ကောက်ခံသင့်၊ မသင့် ဆုံးဖြတ်ကာ ၎င်းတို့အစီအစဉ်ဖြင့် ကောက်ခံခွင့်ပြု ထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ကျောင်းအပ်ရာသီက ငွေကြေးကောက်ခံမှု မရှိခဲ့သော်လည်း ပညာသင်နှစ်အတွင်း ခေါင်းစဉ်တစ်ခုပြီး တစ်ခုတပ်ကာ ငွေ ၅၀၀ ကျပ် / ၁၀၀၀ ကျပ် ကောက်ခံမှုများရှိခဲ့ကြောင်း ထားဝယ် မြို့အတွင်းရှိ အလယ်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားခဲ့သည့် စတုတ္ထတန်းနှင့် သတ္တမတန်း ကျောင်းသား နှစ်ဦး၏ ဖခင်ဖြစ်သူက ဆိုသည်။
“ဆရာမတွေကို ကြောက်နေသလား ထင်ရတယ်၊ ကျောင်းမှာ ပိုက်ဆံကောက် ပြီဆို အိမ်မှာအမြဲတမ်း ပူညံ ပူညံ လာ ပြောလေ့ရှိတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
ဝါဆိုလတွင် ဆရာ ဆရာမများကို ကန်တော့ခြင်း၊ စုပေါင်းဘုံကထိန် ပွဲများအတွက် အလှူငွေကောက်ခံခြင်း အစရှိသည့် ဘာသာရေး၊ လူမှုရေးကိစ္စ များအတွက်ကိုမူ ကောက်ခံသင့်ကြောင်း ကျောင်းသားမိဘအများစုက ဆိုသည်။

ထားဝယ်ဒေသ၏ ဓလ့တစ်ခု ဖြစ် သည့် ဝါဆိုလတွင် ဆရာ၊ ဆရာမ များ ကို ကန့်တော့သည့်ကိစ္စတွင် ဂါရ၀တရား ဖြင့် ကန်တော့ခြင်းဖြစ်သည့်အတွက် အကျုံးဝင်မည်မဟုတ်ကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။
ယင်းအပြင် ပညာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်တွင် မိဘအုပ် ထိန်းသူ ပြည်သူများကို မေတ္တာရပ် ခံချက်ဟူ၍ အချက် ၁၁ ချက်ကိုလည်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ငွေကြေး (သို့) လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ပေးအပ်ခြင်းမလုပ်ရန်၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ လုံလောက် စွာဖြန့်ဝေလိုသည့်အတွက် သတ်မှတ် နယ်မြေတွင်သာ ကျောင်းအပ်နှံရန် အစရှိသည့်အချက်များ ပါဝင်သည်။

ဝန်ကြီးရုံးထံ အကြံပြုတိုင်ကြား လိုပါက dpsoffice@moe-mm.com ထံ ပေးပို့ တိုင်ကြား နိုင်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
လာမည့် မေလ၂၅ ရက်တွင် ကျောင်းအပ် လက်ခံမည်ဖြစ်ပြီး ဇွန်လ ၁ ရက်တွင် ကျောင်းဖွင့်မည် ဖြစ်သည်။

ကျောင်းအပ်လက်ခံချိန်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ ပေးနိုင် ရန် လုပ်ဆောင်နေပြီး မူလတန်း ကျောင်း သားများကိုပေးမည့် ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံမှာမူ အချိန်အနည်းငယ် နောက်ကျနိုင်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ဆိုသည်။
မူလတန်းကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် ၆ အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံ(ဖြူစိမ်း) ထောက်ပံ့မည် ဖြစ်သည်။

ကျောင်းသားမိဘ၊ ကျောင်းဆရာနှင့် ကျောင်းအကျိုးတော်ဆောင် များ၏ ပြောဆိုချက်များ
ဒီညွှန်ကြားချက်က အခက်အခဲတော့ ဖြစ်စေတယ်။ တစ်နှစ်လုံးရေရှည် လုပ်ရမှာဆိုတော့ ရန်ပုံငွေတွေ မရှိဘူးဆိုရင် ကျောင်းတွင်းလှုပ်ရှားမှုတွေ လုပ်ဖို့ လုံးဝ အဆင်မပြေဘူး။ ဒီညွှန်ကြားချက်ကလဲ ရှိနေတယ်။ တချို့လုပ်စရာ တွေကလည်း ရှိနေတယ်။ ငွေကြေးကလည်း မလုံလောက်တဲ့ အခက်အခဲတွေ ရှိနေတယ်။ ဘေးကျပ် နံကျပ် ဖြစ်နေတယ်။ ဘာသာရေး အလှူအတန်းတွေ လုပ်ရင်လည်း ဒီညွှန်ကြားချက်ကြောင့် မိဘတွေကနေပြီး တိုင်တာတွေ ရှိလာနိုင်တယ်။ အဲလိုဖြစ်လာနိုင်လို့ လုပ်သာ လုပ်နေရတာ လန့်တော့ လန့် နေရတယ်။ တစ်ယောက်ယောက်ကများ တိုင်လိုက်မလား ဆိုပြီးတော့ပေါ့။ ဒီညွှန်ကြား ချက်ကြောင့် စိုးရိမ်စိတ်တွေ ရှိနေရတယ်။
လောင်းလုံးမြို့နယ်မှ အလယ်တန်း ကျောင်း(ခွဲ) ကျောင်းအုပ်တစ်ဦး

မနှစ်တုန်းက ကျောင်းဖွင့်တုန်းက ပိုက်ဆံကောက်ခံတာ မရှိခဲ့ဘူး။ မိဘ တွေက ပိုက်ဆံတွေပေးရင် ဆရာမတွေနဲ့ ယူလို့မရဘူးဆိုတာ ကျွန်တော်တို့လဲ သိထားတာ ဆိုတော့ သွားပေးတာမျိုး မရှိပါဘူး။ လက်မခံရဘူးဆိုတော့ ပိုပြီးတော့ ကောင်းလာတာပေါ့။ ကျောင်းမှာ ပေးစရာမလိုတော့ဘူးဆိုတော့ ဆရာမကို ပေးရမဲ့အစား သားတွေအတွက် ကျောင်းဝတ်စုံလေး ဝယ်ပေးနိုင် လာတော့ ပိုကောင်းသွားတာပေါ့။
လောင်းလုံးမြို့နယ် စွန်တောင်ပေါ် ကျေးရွာမှ ကျောင်းသားမိဘတစ်ဦး

မနှစ်တုန်းက ကျောင်းအပ်ချိန် ငွေမပေးရဘူး။ ကျောင်းတက်ချိန်ကျတော့ ရေဖိုး၊ သန့်ရှင်းရေးဖိုး၊ သွပ်ပြား၊ ဘိလပ်မြေဖိုးတွေ လှူပေးရတာရှိတယ်။ တစ်ကျောင်း လုံးအနေနဲ့ ဘယ်သူမှတိုင်ကြားတာ မရှိဘူး။ ကိုယ်လည်း မတိုင်ဘူး။ အလှူငွေကလည်း မများတော့ မတိုင်ဖြစ်တာ။ အလှူရဲ့သဘောက ကိုယ်ကလိုအပ်တဲ့နေရာအတွက် လှူမယ်ဆိုရင် လက်ခံပေးရမယ်။ လက်မခံ တာတော့ မဖြစ်သင့်ဘူး။
မြိတ်မြို့နယ်၊ တပ်ပြင်ရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦး

ခုလိုစာထုတ်တာက ကောင်းတယ်လို့ မြင်တယ်။ ဘာလို့ဆိုတော့ ဆရာ ဆရာမတွေ ငွေတိုက်ရိုက် ကိုင်မရတော့ဘူးပေါ့၊ ကျွန်တော်တို့ ကျောင်းအကျိုး တော်ဆောင်တွေ မိဘဆရာအသင်းတွေ ရှိတယ်လေ၊ ဒီအဖွဲ့တွေဆီ လာလှူ ရင်လဲ လက်ခံလို့လဲရတာပဲ၊ အဓိက ဆရာတွေနဲ့ အကျိုးဆောင်တွေ ပူးပေါင်း လုပ်သွားရမယ့် သဘောပဲ။
ကော့သောင်းမြို့နယ်၊ အေးမြကန် သာရပ်ကွက် မူလွန် ကျောင်းအကျိုး တော်ဆောင်တစ်ဦး