ပါချန်မြစ်ကမ်းက လွမ်းနေတယ်

0
466

လုံးဖောရွာရဲ့ အလွမ်းကဖီးမှာ ကော်ဖီဖိုးကို မြန်မာငွေနဲ့ပေးလို့တော့ ရပါတယ်။ ပြန်အမ်းငွေအတွက်တော့ နည်းနည်း စောင့်ရလိမ့်မယ်။ ဆိုင်ရှင်က မြန်မာငွေကို အိမ်မှာပဲ သိမ်းထားတော့ ပြေးယူရမှာ ဖြစ်လို့ပါ။

အလွမ်းကဖီး အပါအဝင် လုံးဖော တစ်ရွာလုံး ထိုင်းဘတ်ငွေနဲ့ သုံးပါ တယ်။ သူတို့ရွာကိုလည်း မြန်မာ ဧည့်သည်ထက် ထိုင်းဧည့်သည်တွေ ပိုအလာများ ပါတယ်။
လုံးဖောရွာက နွေမှာတောင် ဝါကျင်ကျင်ရေတွေ စီးနေတဲ့ ပါချန်မြစ် ကမ်းရွာလေးပါ။ တရားမဝင် နယ်စပ် ဖြတ်ကျော်သူ (ခိုးဝင် အလုပ်လုပ် လိုသူ)တွေကို အကျိုးဆောင်ပေးသူ (လူပို့ သမား)တွေရဲ့ ပါးစပ်ဖျားမှာတော့ ဒီရွာ လေးရဲ့နာမည်ကို ကြားကြားနေရတတ် ပါတယ်။
ပါချန်မြစ် ဟိုဘက်ကမ်း ထိုင်းနိုင်ငံ ကတော့ ခဲတစ်ပစ်စာပဲ ရှိမယ်ပေါ့။

ရွာကူးတို့ဆိပ်ဟာ နေ့ခင်းတိုင်းမှာ အသက်ဝင်နေဟန် ရှိပါတယ်။ အဓိက ကတော့ ထိုင်းရဲ့အနီးဆုံးရွာဖြစ်တဲ့ ရနောင်းခရိုင် ကရတ်ဘူရီမြို့နယ်ထဲက ဟတ်ကျက်ရွာနဲ့ အခြားရွာတွေကို ကုန်စည်ကူးလူးဖို့ပါ။

ပါချန်မြစ်ကမ်းတစ်လျှောက် (ကော့သောင်းဘက်က စရေတွက်ရင် ဆိပ်ဖူး၊ မာဒန်း၊ ဖော့ဆို့၊ အေးချမ်းသာ၊ လုံးဖော၊ နန်မတွန့်၊ အောင်သာယာ၊ အေးမြသာယာ၊ ဝိုင်ဒင်း၊ အေးမြမင်္ဂလာ၊ တပ်ဦးမြိုင်သာယာ)က ရွာသားတွေဟာ သူတို့တစ်ဘက်ကမ်းက ထိုင်းဘက်ကို သွားဖို့အတွက် တင်းကျပ်တဲ့ စည်းကမ်း ချက်တွေ မရှိပါဘူး။

နှစ်ဘက်စလုံးမှာ လူဝင်မှုကြီးကြပ် ရေးရုံးတွေ မရှိပါဘူး။ သူတို့ရွာသား တွေကို ထိုင်းဘက်က တာဝန်ရှိသူတွေက မျက်မှန်း တမ်းမိနေကြပြီလို့ ဆိုပါတယ်။
ထိုင်းတွေလည်း ဒီရွာတွေကို နားလည်မှုနဲ့ ဝင်ထွက်နေကြတာပါပဲ။ နေ့ထူးရက်မြတ်၊ ပွဲတော်ရက်တွေမှာ လွတ်လွတ်လပ်လပ် အပြန်အလှန် လည်ကြတယ်လို့ ဆိုပါတယ်။
ပါချန်မြစ်ထဲမှာ နာမည်ကျော် ရမ်ဘိုဖိုး (Rumbo- 4)ကား လာရိုက် သွားတာကို တစ်ရွာလုံး မသိပါဘူးတဲ့။ ရွာသားတချို့ကတော့ အဲဒီကားကို ကြည့်ဖူးကြပြီး အဲဒီကားမှာ ပါတဲ့ မြစ်အခြေအနေအရ ပါချန်မြစ်ထဲမှာ လာရိုက်တာ မဖြစ်နိုင်ဘူး ပြောပါတယ်။
“ဒီမြစ်ထဲလာရိုက်ရင် သိမှာပေါ့။ ဗီယက်နမ်မှာ ရိုက်သွားတာ ဖြစ်မှာပါ” လို့ ရွာသားတစ်ယောက်က မှတ်ချက် ပြုပါတယ်။

ပါချန်မြစ်ကို ဘယ်(နိုင်ငံ)သူပိုင် လည်းမေးတော့ သူတို့က နှစ်နိုင်ငံ လုံး ပိုင်ပါသတဲ့။ ပါချန်မြစ်ထဲမှာ နှစ်နိုင်ငံ လုံးက လှေငယ်တွေ အကန့်အသတ်မဲ့ သွားလာခွင့်ရှိတယ်လို့ ပြောကြပါတယ်။
လုံးဖောမှာ မြစ်ဘက်မျက်နှာမူ ဆောက်ထားတဲ့အိမ် မရှိသေးပါဘူး။ မြစ်ကမ်းစပ်မြေနိမ့်မှာလည်း အိမ်မ ဆောက်ကြပါဘူး။ မိုးတွင်းဆို မြစ်ရေက နှစ်စဉ်လျှံတတ်ပြီး ရေကြီးသည့် နှစ်များ တွင် ကမ်းနဖူးအိမ်များ ရေမြုပ်လေ့ရှိ တယ်လို့ ဆိုပါတယ်။

အခု အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ လုံးဖောရွာကို ၁၉၉၉ ခုနှစ်လောက်က စတင်တည်ထောင်ခဲ့ပြီး ခုတော့ ပြည်ထဲ ရေး အမည်ပေါက်နေပြီလို့ ရွာအုပ်ချုပ် ရေးမှူး ဦးဖုန်နိုင်စိုးက ပြောပါတယ်။ သူတို့ရွာမှာ ထားဝယ်နဲ့ မွန်တွေများ ပြီးတော့ ဗမာ၊ ကရင်၊ ရခိုင်မိသားစု အိမ်တွေလည်းရှိတယ် ဆိုပါတယ်။

ရွာစတည်စဉ်က ကော့သောင်းကို ပါချန်မြစ်အတိုင်း လှေနဲ့သာ သွားလို့ ရပေမယ့် ခုတော့ ယုဇန ဆီအုန်းတော ကိုဖြတ်ပြီး ကား၊ ဆိုင်ကယ်တွေနဲ့ သွားလို့ ရနေပါပြီ။ သူတို့ရွာနဲ့ အနီးဆုံး ကုန်းလမ်းမြို့ငယ်ကတော့ ခမောက်ကြီး မြို့ပါ။

ပါချန်မြစ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပါချန်မြစ်ကမ်းရွာတွေအချင်းချင်းကတော့ ခုထိ လှေနဲ့ ကူးလူး နေကြတုန်းပါ။ မြစ်ထဲက ငါးကို စီးပွား ဖြစ် ရှာဖွေရောင်းချသူမရှိဘဲ ဟင်းစား အတွက် ဖမ်းတာလောက်ပဲ ရှိတယ် ပြောပါတယ်။ လုံးဖောအပါအဝင် ပါချန် ကမ်းစပ်ရွာတွေရဲ့အဓိက လုပ်ငန်းကတော့ ဥယျာဉ်ခြံပါ။
လုံးဖောရွာမှာ မြန်မာပစ္စည်းရော ထိုင်းပစ္စည်းတွေပါ ရနိုင်ပါတယ်။ သောက်ရေကိုတော့ ထိုင်းဘက်က ဝယ်ယူ နေရတယ်လို့ ကုန်စုံဆိုင် ရောင်းချနေတဲ့ အဒေါ်ကြီးတစ်ဦးက ပြောပါတယ်။ ၂၀ လီတာ ရေသန့်ဘူး ကြီးတစ်ဘူးကို ၂၅ ဘတ်နဲ့ ရောင်းပါသတဲ့။ မြန်မာငွေဆို တစ်ထောင်ပါ။

ရေတွင်းတွေရှိပေမဲ့ ရေက တအား နက်ကာ အနံ့အသက် မကောင်ဘူး ပြော ပါတယ်။ သုံးရေ ချိုးရေကတော့ ရေတွင်း ရှိတဲ့ အိမ်အနည်းစုမှအပ တစ်ရွာလုံး ဝါကျင်ကျင် ပါချန်မြစ်ရေပဲလို့ ဆိုပါ တယ်။ အဲဒီအဒေါ်ကြီးက သူနဲ့ ရွာသား အချို့ အဝီစိတွင်း တူးချင်နေလို့ ကျွမ်း ကျင်တဲ့ အဝီစိတွင်း တူးသမားရှိရင် လုံးဖောကို လာခဲ့ပေးပါလို့ အကူအညီ တောင်းနေပါတယ်။
အစိုးရအစီအစဉ်နဲ့ တူးပေးထားတဲ့ အဝီစိတွင်း ရှိပေမယ့် တစ်ရွာလုံးအတွက် မကာမိသလို သောက်ရေအတွက် အဆင် မပြေဘူးလို့ ရွာသားအချို့က ဖွင့်ဟ ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကို အဓိက မှီခိုနေရတဲ့ ပါချန်မြစ်ကမ်းရွာတွေနဲ့တကွ လုံးဖောရွာရဲ့ အဓိက စိန်ခေါ်ချက်က ရွာသားများအတွက် စိုက်ပျိုးမြေ ယခုထက် ပိုမိုရရှိရေးပဲ ဖြစ်ပါတယ်။ ပိုပို တိုးပွားလာတဲ့ ရွာလူဦးရေအရ သူတို့မှာ စိုက်ပျိုးမြေ ပိုပိုလိုအပ်လာ တယ်ဆိုကြပါတယ်။ ဆီအုန်း ခြံကြီးက ရွာအဝင်ထိရောက်နေပြီး ရွာကိုပတ်လည် ဝိုင်းထားလို့ စိုက်ပျိုးမြေ ထပ်လျှောက် ထားဖို့ သူတို့ အခက်တွေ့ နေကြတာပါ။

တစ်ဖက်မှာ ဆီအုန်းတော၊ တစ် ဖက်မှာ ပါချန်မြစ်၊ စိုက်ပျိုးမြေ နေရာသစ် မဲ့နေကြပါတယ်။
“ရွာက ကျဉ်းလာတယ်၊ (ဆီအုန်း)မစိုက်တဲ့မြေနေရာတွေ ပြန်စွန့်ပေး စေချင်တယ်”လို့ ရွာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
သူတို့ရွာတစ်ဝိုက်က ဆီအုန်းခြံ တွေမှာ လမ်းဘေးဝဲယာပဲ အပင်ရှိပြီး အတွင်းမှာ မစိုက်ဘဲ ပစ်ထားတဲ့နေရာတွေ အများကြီးရှိတယ် ပြောကြပါတယ်။

ထိုင်းဘတ်ငွေနဲ့သာ အရောင်း အဝယ် ပြုနေတဲ့ ပါချန်မြစ်ကမ်းက မြန်မာ ရွာလေး လုံးဖောဟာ မြန်မာနိုင်ရဲ့ လက်ရှိမြေယာမူဝါဒ၊ မြေယာဥပဒေ တွေကို တိကျခိုင်မာစွာ ကျင့်သုံးနိုင်စွမ်း ကို မေးခွန်းထုတ်နေတဲ့ ရွာများစွာထဲက တစ်ရွာလို့ ဆိုရမှာပါ။
အလွမ်းကဖီးမှာ ထိုင်လေ့ရှိတဲ့ ရပ်ရွာတာဝန်ရှိသူတွေနဲ့ ရွာသားတွေ ကတော့ မဲဆွယ်စဉ်က လာခဲ့ဖူးတဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေကို လွမ်းနေကြပါတယ်။
သူတို့ ရင်ဖွင့်ချင်လွန်းလို့ လွမ်းနေ ကြတာပါသတဲ့။