ဘယ်နေရာရောက်နေလဲ

0
574

တနင်္သာရီတိုင်းအစိုးရအဖွဲ့ အပြောင်း အလဲဖြစ်မယ့်သတင်းက သင်္ကြန် မတိုင် ခင်ကတည်းက ဟိုးလေးတကျော်။ အပြောင်းအလဲသတင်းထွက်တိုင်း ရေပန်း အစားဆုံးက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်။
ဒါပေမယ့် သတင်းတွေကအမျိုးမျိုး။

သမ္မတဦးထင်ကျော် ရာထူးမှ နုတ်ထွက်ပြီးနောက် ဦးဝင်းမြင့် သမ္မတဖြစ်လာချိန်မှာ လူထုကအပြောင်း အလဲအတွက် မျှော်လင့်ချက်တွေ ထား လာပြန်ပါတယ်။ ဘာကိုမျှော်လင့်တာ ပါလဲ။ သူတို့မျှော်လင့်တကြီးနဲ့မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထား တဲ့အစိုးရအဖွဲ့ အပြောင်းအလဲ။

အခုအပတ်ထဲမှာ သတင်းပြန့်နှံ့မှုက ကြောက်ခမန်းလိလိပါပဲ။ အဲလိုသတင်း ပြန့်မှုက အကြောင်းအချက် ၃ ခုနဲ့ စပ်ဆိုင်မယ်လို့ ယူဆမိပါတယ်။
၁) သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု၊ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုအပြောင်း အလဲလုပ်မယ်လို့ သတင်းထွက်နေတာ၊
၂) FDA ညွှန်ချုပ်ကို အဂတိ လိုက်စားမှုနဲ့ တရားစွဲလိုက်တာ၊
၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကအမှု ၁၈ မှုကို စစ်ဆေးနေ တယ်လို့ သတင်းထုတ်ပြန်တာ။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကို စစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေနဲ့အပြိုင် ဝန်ကြီးချူပ်ဒေါက်တာ လဲ့လဲ့မော် လည်း နေ့ပြုတ်တော့မလို၊ ညပြုတ်တော့ မလို၊ စသုံးလုံးကပဲဆွဲခေါ်သွားသလို လိုစသဖြင့် လူတိုင်းပါးစပ်ဖျား ရေပန်း စားခဲ့ပါတယ်။
အဲဒီရက်ပိုင်းမှာ လူမှုကွန်ရက် Facebook ပေါ်က လူတွေရဲ့သတင်း ဖလှယ်တာ မေးတာမြန်းတာ၊ မှတ်ချက် ပြုတာ၊ တစ်ခုခုကို သိချင်စိတ်ပြင်းပြ နေတာက ရွေးကောက်ပွဲည မဲရေနေတုန်း ကာလလိုပါပဲ။

အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးက ကောလာဟလသာဖြစ်တယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။ အဲဒီနေ့ မှာပဲတိုင်းအစိုးရအဖွဲ့ Facebook စာမျက်နှာမှာလည်း ဝန်ကြီးချုပ် အစည်း အဝေး သွားတက်နေတဲ့အကြောင်းကို သတင်း ထုတ်ပြန်ကြပါတယ်။ အဲဒါကို ကိုးကားပြီး သတင်းဌာနတချို့ကလည်း ရေးသားကြပါတယ်။
အဲဒီသတင်းတွေ တက်လာအပြီး မှာတော့ အတော်အများများက စိတ် ပျက် လက်ပျက် ဖြစ်သွားကြပါတယ်။

အဲလိုအနေအထားကိုကြည့်ပြီး ဘေးက ရပ်ကြည့်နေတဲ့သူတစ်ယောက် အနေနဲ့ စိတ်ထဲစိုးရိမ်လာတာတွေဖြစ် လာပါတယ်။ စိုးရိမ်ရလောက်တဲ့ အကြောင်းလည်း ရှိပါတယ်။ ဘာကြောင့် ဆို NLD ပါတီက တနင်္သာရီတိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရာနှုန်းပြည့် နိုင်ခဲ့တာကြောင့်ပါ။ တိုင်းအစိုးရ အဖွဲ့ ရော၊ အာဏာရပါတီရော၊ လွှတ်တော် ကိုယ်စားလှယ်များရော သေချာပြန် သုံးသပ်သင့်နေပြီလို့ ထင်ပါတယ်။
ဒါကြောင့် အဲဒီအခင်းအကျင်းကို ဘေးကကြည့်ရင်း တွေးမိတဲ့အချက်တွေ ကို ဒီနေရာမှာဆွေးနွေးလိုပါတယ်။

ခေါင်းဆောင်မှုအဆင့်တွေ အကြောင်း ပါ။
ခေါင်းဆောင်မှုဆိုင်ရာစာအုပ်တွေအများကြီးရေးသားခဲ့တဲ့ John C. Maxwell က ခေါင်းဆောင်မှုအဆင့် ၅ ဆင့်ရှိတဲ့အကြောင်းကို ခွဲခြမ်းပြပါ တယ်။

၁။ တာဝန်/ရာထူးကပေးတဲ့ဦး ဆောင်ခွင့်
လူတွေက ကိုယ့်ရဲ့ရာထူးနဲ့ တာဝန် ကြောင့် ခေါင်းဆောင်အရာထားတာပါ။ လူတွေကကိုယ့်ရဲ့ဦးဆောင်မှုနောက်ကို လိုက်ရမှာမို့ငြင်းခွင့်မရှိလို့နာခံတယ်၊ လိုက်နာတယ်ဆိုတဲ့အနေအထားပါ။ ကိုယ်ကအလုပ်ရှင်ဖြစ်တယ်။ ကိုယ်က ဝန်ကြီးဖြစ်နေတယ်။ ကိုယ်က ဝန်ကြီးချုပ် ဖြစ်နေတယ်။ ဒီလိုတာဝန်နဲ့ ရာထူးတွေ ကြောင့်သူတို့ကကိုယ့်ရဲ့ဦးဆောင်မှုကိုလက်ခံချင်စိတ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ လက်ခံရမယ့်အနေအထား ဖြစ်ပါ တယ်။ ကိုယ့်ရဲ့လွှမ်းမိုးပိုင်ခွင့်ကလည်း လုပ်ငန်းခွင်ရဲ့ပြင်ပ၊ အလုပ်ချိန် မဟုတ် တဲ့အချိန်မှာကျတော့ရှိနေမှာ မဟုတ်ပါ ဘူး။

၂။ ယုံကြည်မှုကြောင့်ပေးတဲ့ ဦး ဆောင်ခွင့်
ဒီအဆင့်က လူမှုဆက်ဆံရေးအရခင်မင်ရင်းစွဲရှိမှု၊ ယုံကြည်မှုကိုအခြေခံတဲ့ဦးဆောင်ခွင့်ပေးခြင်းပါ။ မဖြစ်မနေ လုပ်ရမယ့်ဟာမျိုး မဟုတ်ဘူး။ မင်းရှေ့ ကသွားရင် ပါပြီးသားပဲဆိုတာမျိုးပါ။ အဓိကကတော့ကိုယ့် ကိုယုံလို့ပါ။

၃။ ရလဒ်ကြောင့်ပေးတဲ့ ဦးဆောင်ခွင့်
ကိုယ်ကလုပ်ပြနိုင်၊ အောင်မြင်မှု တွေ ဆွတ်ခူးနိုင်လို့ ဦးဆောင်ခွင့်ပေး တာမျိုးပါ။ ကိုယ်အဲလိုလုပ်နိုင်စွမ်းရှိ တာကိုလည်း သူတို့က သဘောကျတယ်။

၎။ လူတွေအတွက် အကျိုးရလဒ်ဖြစ်လို့ ပေးတဲ့ ဦးဆောင်ခွင့်
ကိုယ်ကသူတို့ အကျိုးဖြစ်ထွန်းမှု အတွက် စွမ်းဆောင်နိုင်လို့၊ အဖွဲ့အစည်း အကျိုးဖြစ်ထွန်းမှုအတွက် လုပ်နိုင်စွမ်း ရှိလို့ ဦးဆောင်ခွင့်ပေးတာမျိုးပါ။

၅။ ကိုယ်စားပြုမှု၊ တန်ဖိုးထားမှုကြောင့် ပေးထားတဲ့ ဦးဆောင်ခွင့်
ကိုယ့်ကိုတန်ဖိုးထားလို့၊ ကိုယ်ရဲ့ ကိုယ်စားပြုမှု၊ ကိုယ်ကဘာဆိုပြီး သတ် မှတ်ချက်ကြောင့် ဦးဆောင်ခွင့်ပြုခြင်းပါ။ အဖွဲ့အစည်းအတွက်ဖြစ်ဖြစ်၊ တိုင်းပြည် အတွက်ဖြစ်ဖြစ် နှစ်ပေါင်းရှည်ကြာလုပ် ကိုင်လာပြီး ဘ၀နဲ့ အလဲအထပ်လုပ်ပြီး လုပ်နေတဲ့သူတွေ၊ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုလို့၊ ကိုယ့်မြို့ရွာကို ကိုယ်စား ပြုလို့စသဖြင့် ကိုယ်စားပြုမှုကြောင့် ဖြစ်စေရတဲ့ဦးဆောင်ပိုင်ခွင့်ပါ။ ဒါမျိုးက အင်မတန်ရှားတယ်လို့ ဆိုပါတယ်။
လက်ရှိတိုင်းရေးပြည်ရာမှာ ပါဝင် ပတ်သက်နေတဲ့ တိုင်းအစိုးရဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်စေ၊ ပါတီ တာဝန်ရှိသူတွေဖြစ်စေ ဒီဦးဆောင် မှုဆိုင်ရာအဆင့် ၅ ဆင့်မှာကိုယ်က ဘယ်အဆင့်ထဲ ရောက်နေသလဲဆိုတာကို သေချာသုံးသပ် ကြည့်စေချင်ပါတယ်။

နံပါတ် (၁) အဆင့်မှာပဲရှိတယ် ဆိုရင် တော့ အခြေအနေက မဟန်ဘူးဆိုတာ ရိုးရိုးသားသား ဆင်ခြင်ပါ။
နံပါတ် (၂) အဆင့်မှာ ဆိုရင်တော့ မိတ်ဖြစ်ဆွေဖြစ် ယုံကြည်တဲ့အဆင့်က မတက်သေးဘူးဆိုတာ မမေ့ဖို့လိုပါတယ်။
နံပါတ် (၃) လား၊ နံပါတ်(၄) လား၊ နံပါတ်(၅) လား။
မြင်သာအောင်ပြောရရင် နံပါတ်(၅)က လက်ရှိနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရနေတဲ့ ဦးဆောင် ခွင့်အခြေအနေပါ။ ဘာလို့ဆိုနိုင်ငံခြားဘာညာသွားလို့ မြန်မာနိုင်ငံကို မသိဘူး ပြောတဲ့ နိုင်ငံခြားသားတွေကို ဒေါ်အောင် ဆန်းစုကြည်ကို သိလားလို့မေးပြီး ပြန်ညွှန်းရတဲ့အထိကိုး။
ဆိုတော့ တိုင်းအစိုးရအဖွဲ့က ရော . . .

လက်ရှိ မြင်သလောက်ကတော့တိုင်း အစိုးရအဖွဲ့မှာဆိုရင်နံပါတ်(၁)ကနေ ကျော်တက်တဲ့သူ တော်တော်နည်း ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ထဲမှာတော နံပါတ်(၂)ကိုကျော်သွားတဲ့သူ တချို့တွေ့ရပါတယ်။ ပါတီတွင်းအခြေအနေကတော့လက်လှမ်းမမီလို့ မသိပါ ဘူး။
စိုးရိမ်စရာတစ်ခုက တာဝန်နဲ့ ရာထူး အရမို့သာ ဦးဆောင်ခွင့်ပေးထားရတဲ့ နံပါတ်(၁) အခြေအနေမှာလူထုရဲ့ ပါဝင်ပူးပေါင်းမှုက အားနည်းတာကိုတွေ့ ရပါတယ်။ ဒါကဒေသအရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အခါမှာ၊ မူဝါဒချမှတ်တဲ့အခါမှာ ညှိနှိုင်းဆွေးနွေး ကြတဲ့အခါမှာ၊ ပူးပေါင်းလုပ်ကိုင်ကြ တဲ့အခါမှာ အခက်တွေ့ရမယ့်၊ အဟန့် အတားဖြစ်ရမယ့် အခြေအနေပါ။

တနင်္သာရီတိုင်းမှာ လက်ရှိ အဲဒီ အခြေအနေကို စလှမ်းနေတာကိုတွေ့နေ ရပါတယ်။ အဲလိုစလှမ်းနေကြောင်း သိသာတဲ့ သက်သေကအခု တိုင်းအစိုးရ အဖွဲ့ အပြောင်းအလဲနဲ့ပတ်သက်ပြီး အင်မတန်သိချင်နေကြ၊ ကောလာဟလသာဖြစ်တယ်လို့ပြောချိန်မှာ စိတ်ပျက် လက် ပျက်ဖြစ်နေကြတာကသက်သေ ပါပဲ။

တကယ်ဆို အဲလိုဖြစ်စရာမရှိပါ။ ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်အစိုးရ မဟုတ် လား။ ဖြစ်စရာမရှိဘဲ ဖြစ်နေပြီဆိုတော့ သက်ဆိုင်သူတွေ သတိကြီးကြီးထား ဆင်ခြင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒါကြောင့် တိုင်းရဲ့ အရေးအရာကိစ္စ များကို ဦးစီးဦးရွက်ပြုနေသူတွေအနေနဲ့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်စေချင်ပါတယ်။ ကိုယ်လက်ရှိမှာဘယ်နေရာကို ရောက်နေ တယ်ဆိုတာကို ရိုးရိုးသားသား သတ္တိရှိ ရှိဆင်ခြင်စေချင်ပါတယ်။ ဆင်ခြင်ပြီး ပြောင်းလဲစေချင်ပါတယ်။
ဒါက ကိုယ့်ရဲ့နိုင်ငံရေး ဘ၀အတွက် အကျိုးရှိသလို ဒေသအတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။