ပညာပေးခြင်း၊ ဒဏ်ပေးခြင်း၏အလွန်

0
495

ထားဝယ်မှာ တစ်နေ့တစ်နေ့ မကြား ချင်အဆုံးအသံက ဘာဖြစ်မလဲ။
ကျွန်တော့်အတွက်ကတော့ အရေး ပေါ်လူနာတင်ယာဉ်ရဲ့ “ပီးပေါ်..ဝီးဝေါ်” အသံပါပဲ။ “ပီးပေါ် ..ဝီးဝေါ်”အသံ ကြားရပြီဟေ့ဆိုတာနဲ့ ယာဉ်တိုက်မှု တစ်ခုခုဖြစ်ပြီဆိုတာ တန်းပြီးကောက် ချက်ဆွဲလို့ ရပြီ။ ပြီးတော့ အဲဒီကောက် ချက်မှန်ဖို့က ၉၉ ရာခိုင်နှုန်း။
အဲသည်အော်သံကို ထားဝယ်မြို့ရဲ့ လမ်းမတွေပေါ်မှာ မကြားရတဲ့ရက်ဆိုတာ မရှိသလောက် ဖြစ်နေတာပါပဲ။

ဆိုတော့ မေးခွန်းတစ်ခုမေးစရာရှိ လာတယ်။ ယာဉ်တိုက်မှုတွေ ဘာကြောင့် ဒီလောက်များများ ဖြစ်လာရတာလဲ။ အဖြေကတော့ အမျိုးမျိုးရှိပါလေရဲ့။ ယေဘုယျကျပြီး ဖြစ်နိုင်ခြေ အများဆုံး အဖြေတချို့လည်း ရှိပါတယ်။

ဥပမာ –
-မော်တော်ဆိုင်ကယ်၊ ကားအရေ အတွက်နဲ့ လမ်းပေါ်မှာ မောင်းတဲ့သူ အရေအတွက်များလာလို့၊
-မောင်းနေတဲ့ ယာဉ်အရေအတွက်နဲ့ လမ်းအကျယ်အဝန်း အရေအတွက် မမျှတနေလို့၊
-ကား(သို့ )ဆိုင်ကယ်မောင်းသူတွေ ယာဉ်/လမ်းစည်းကမ်း မလိုက်နာလို့၊
-ယာဉ်မောင်းလိုင်စင်ထုတ်ပေးတဲ့ နေရာမှာ တစ်စုံတစ်ရာ မှားယွင်းနေလို့၊
-ဥပဒေ စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာမှာ လွဲချော်မှုတစ်ခုခု ဖြစ်နေလို့၊
-ယာဉ်/လမ်းစည်းကမ်းပိုင်းဆိုင် ရာကို ထိန်းသိမ်းကွပ်ကဲတဲ့ ဌာနဆိုင်ရာ တွေမှာ လုပ်ထုံးလုပ်နည်း လိုအပ်ချက် တွေရှိနေလို့
-ယာဉ်မောင်းသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ အပြုအမူပိုင်းဆိုင်ရာတွေ နိမ့်ကျနေလို့ .. စသည် ..စသည် အဖြေပေါင်းများစွာ ရှိပါမယ်။

ပြီးခဲ့တဲ့အပတ်က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ
“ထားဝယ်ဒေသမှာ ယာဉ်မတော်တ ဆဖြစ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ လူသေဆုံးမှုတွေ နေ့တိုင်းနီးပါး ဖြစ်နေ ပါတယ်။ အကယ်၍ သင့်ကိုသာ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ်ဆိုရင် သင့်အနေနဲ့ ဘယ်လိုဖြေရှင်း ဆောင်ရွက်ပါမလဲ၊ ဘာကြောင့်ပါလဲ”ဆိုတဲ့ ပို့စ်တစ်ခုတင်ပြီး လူထုရဲ့ တုံ့ပြန်မှုကို ဆန်းစစ်မှုအသေး စားတစ်ခု ပြုလုပ်ဖြစ်ခဲ့ပါတယ်။

အဲဒီပို့စ်ကို ၃ ရက်အတွင်း ကြိုက် နှစ်သက်ပါတယ်လို့ နှိပ်သူ(Like လုပ် သူ) ပေါင်း ၂၂၀ကျော်ရှိပြီး အကြံပြုချက် ပေးသူ(comment ပေးသူ) ပေါင်း ၈၀ ကျော် ရှိခဲ့ပါတယ်။ ဒီဟာကို ကြည့်ပြီး သုံးသပ်ရတာက လူထုဟာ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေကို အာရုံစိုက်မှုရှိနေပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့ကိုယ်ပိုင် စဉ်း စားထားတဲ့ နည်းလမ်းတွေ ရှိနေတယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါ။

ပညာရှင်တွေ ပြောဆိုထားကြတဲ့ ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းတွေထဲ က အဓိကအချက်တွေဖြစ်တဲ့ လမ်းအခြေ အနေနဲ့ အမြန်နှုန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ မောင်းသူရဲ့တာဝန်၊ အလင်းရောင်နဲ့ မြင်နိုင်စွမ်းအား၊ သက် ဆိုင်ရာဌာနများရဲ့ ယာဉ်တိုက်မှုမဖြစ် အောင် ကြိုတင်ကာကွယ်လုပ်ဆောင် ထားရမည့်အချက်များကို အကောင် အထည်ဖော်ထားမှု ရှိမရှိ အစရှိတဲ့ အချက်အတော်များများလည်း အပေါ်က ပို့စ်ရဲ့ အကြံပြုချက်တွေထဲမှာ ပါလာ တာကို တွေ့ရတာ အားတက်စရာပါ။

လမ်းပေါ်တက်ပြီး ကား ဆိုင်ကယ် စတဲ့ ယာဉ်တစ်ခုခုကို မောင်းမယ့်သူ တွေဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း တွေကို မဖြစ်မနေ သိထားရဖို့ လိုပါ မယ်။ မောင်းမယ့် ယာဉ်အမျိုးအစားအပေါ် မူတည်ပြီး မိမိလျှောက်ထားရယူမယ့် လိုင်စင်အမျိုးအစားအပေါ် မူတည်ပြီး အခြေခံ သိသင့်သိထိုက်တာတွေကို မသိ ဘဲနဲ့ ယာဉ်လိုက်မောင်းနေတယ် ဆိုရင် တော့ ဒီအပြုအမူကို ချက်ချင်းရပ်တန့် ရပါမယ်။ ဒါဟာ လမ်းမတွေပေါ်မှာ “ပီးပေါ် ..ဝီး ဝေါ်”အသံ ကြားရစေမယ့် အကြောင်းတရားတစ်ရပ် ဖြစ်နေလို့ပါ။

ပြုပြင်ပြောင်းလဲလိုက်တဲ့ ယာဉ် မောင်းလိုင်စင်ထုတ်ပေးတဲ့ လုပ်ထုံး လုပ်နည်းတွေမှာ ကောင်းတဲ့အချက် တချို့ရှိပါတယ်။ ဥပမာ ပြောရရင် မောင်း လိုင်စင်လျှောက်ထားမယ့် လူတိုင်းက လျှောက်လွှာတင်ပြီးရင် ယာဉ်/လမ်း စည်းကမ်း ပညာပေးအစီအစဉ်ကို မဖြစ် မနေ တက်ရပါတယ်။ စာမေးပွဲလည်း ဖြေဆိုရပါသေးတယ်။ အဲဒီ အဆင့်ကို ကျော်ဖြတ်ပြီးမှသာ မောင်းလိုင်စင် ထုတ်ပေးတဲ့ အဆင့်ဆင့်ကို ဆက်လက် လုပ်ဆောင်ရတာမျိုးပါ။ သို့ပေမယ့် ယာဉ် /လမ်းစည်း ကမ်းဆို တာမျိုးက နေ့တစ်ဝက်လောက် နားထောင်လိုက်ရုံနဲ့ နေ့စဉ်မောင်းနှင်မှု အတွက် လိုအပ်ချက် တွေကို သိသွားတာမျိုးတော့ ဟုတ်မနေ ပြန်။

ကျွန်တော်တို့ဆီမှာ အဆိုးဆုံးက တော့ ယာဉ်မောင်းသူအများစုက အခြေခံ လမ်းစည်းကမ်းတွေကို မလိုက်နာကြ တာပါပဲ။ တကယ်ပဲ နားမလည်တာလား သိလျက်နဲ့ မလိုက်နာတာလားတော့ မပြောတတ်။ သေချာတာကတော့ ဆိုင် ကယ်မောင်းသူ ၁၀ ယောက်မှာ ၈ ယောက် ထက်မနည်းက အဲဒါကို လက် တွေ့မှာ ကျင့်သုံးမနေတာပါ။ တစ်ပါ တည်းပြောရရင်တော့ ထားဝယ်မြို့ လမ်းမ တွေပေါ်မှာ တပ်ထားတဲ့ မီးပွိုင့်တွေကို လည်း ပြုပြင်ရပါမယ်။ ဥပမာအနေနဲ့ ပြောရရင် မီးပွိုင့်ဟာ တခါတလေမှာ လှမ်းကြည့်လိုက်ရင် ဘာမီးမှ လင်းမနေ လို့ ပျက်နေတယ်ထင်ပြီး ကွေ့မယ် လုပ်တော့မှ ချက်ချင်းကြီး ထနီသွားတာ မျိုးပေါ့။

ဆက်ဆွေးနွေးလိုတာက စည်းကမ်း မလိုက်နာသူတွေကို အရေးယူမှုပေါ့။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ယာဉ်တိုက် မှုမဖြစ်ခင်အထိ သို့မဟုတ် စီမံချက်နဲ့ မဖမ်းခင်အထိ စည်းကမ်းဖောက်သူတွေ ဖောက်ချင်တိုင်း ပျော်ပျော်ကြီး ဖောက် နေကြတာပါပဲ။
ကျွန်တော် နားမလည်တာက လမ်းဆုံလမ်းခွ (သို့) လမ်းမှာ တာ ဝန် ထမ်းဆောင်နေကြတဲ့ ယာဉ်ထိန်းရဲတွေ ဟာ နိစ္စဓူဝမြင်တွေ့နေကျ ယာဉ်မောင်း သူတွေရဲ့ ယာဉ် /လမ်းစည်းကမ်း ချိုး ဖောက်မှုတွေကို ထိန်းသိမ်းဖို့။ ပညာ ပေးဖို့ တာဝန်မရှိတာလား သို့တည်း မဟုတ် လုပ်ပိုင်ခွင့် ပေးမထားတာလားဆို တာပါ။

ဒီနေရာမှာ ဖမ်းဆီးထိန်းသိမ်းတယ် ဆိုတာကလည်း ဒဏ်ငွေဆောင်ခိုင်းရုံနဲ့ မလုံလောက်။ ပညာပေး ဟောပြော လိုက်ရုံနဲ့ မလုံလောက်ဘူးဆိုတာကို ပြောလိုတာပါ။ အပေါ်က ပြောခဲ့တဲ့ လူမှုကွန်ရက်ဖေ့စ် ဘုတ်စာမျက်နှာပို့စ်မှာ စိတ်ဝင်စားစရာ အကြံပြုချက်တွေ များစွာထဲက တစ်ခုက ပညာပေးတဲ့ပုံစံကို ပြောင်းလဲဖို့ပါ။

သူပြောတာက ယာဉ်ထိန်းရဲဟာ ဆိုင်ကယ်မောင်းသူတစ်ယောက်ကို မော် တော်ဆိုင်ကယ်စီးဦးထုပ်မဆောင်းလို့ ဖမ်းတဲ့အချိန်မှာ ဒဏ်ငွေမဆောင်ခိုင်းပါနဲ့ တဲ့။ အဲဒီအစား ဆိုင်ကယ်ကို ယူထား လိုက်ပြီး ယာဉ်မောင်းကို ဆိုင်ကယ် ဦးထုပ် သွားဝယ်စေတာ ဒါမှမဟုတ် အိမ်မှာရှိရင်လည်း ပြန်ပြီး ယူခိုင်း စေတာမျိုးကို ပြုလုပ်စေပါတဲ့။ အဲဒီ ယာဉ်မောင်းပဲ နောက်တစ်ကြိမ် ဦးထုပ် မဆောင်းတာ တွေ့ရင် မူလအတိုင်းပဲ ဆိုင်ကယ်ကို ယူထားပြီး ဆိုင်ကယ် စီးဦးထုပ်ထပ်ဝယ်စေပါ သို့မဟုတ် ပြန်ယူစေပါတဲ့။ ဦးထုပ်ဝယ်လာပြီးမှ ဆိုင်ကယ်ကို ပြန်ပေးပေါ့။ အဲဒီ ယာဉ်မောင်းရဲ့ အိမ်တစ်ဆောင်လုံး ဆိုင် ကယ်စီးဦးထုပ်တွေပြည့်သွားလို့ ဦး ထုပ် အရောင်းဆိုင်ဖွင့်ရတဲ့ အခြေအနေမျိုး ရောက်သွားတဲ့အထိ ထပ်ကာထပ်ကာ ပညာပေးပြီး ဝယ်ခိုင်းပါတဲ့။ ယာဉ်ထိန်း ရဲတွေအတွက် အထက်ပါ အကြံပြုချက် ကို ဥပဒေအရ လုပ်လို့ရမရ မသေချာ ပေမယ့် တကယ်လုပ်ရင် လုပ်လို့မရစရာ အကြောင်းမရှိဘူးလို့ မြင်မိပါရဲ့။

မိတ်ဆွေတစ်ယောက်ကတော့ ယာဉ်မောင်းလိုင်စင်မပါတဲ့ သို့မဟုတ် မရှိတဲ့ ယာဉ်မောင်းတွေကို တရားရုံး တင်ပြီး ဒဏ်ဆောင်စေမယ့်အစား ယာဉ် မောင်းလိုင်စင်လုပ်ပြီးတဲ့အထိ ယာဉ်မောင်း လိုင်စင် ပြန်ယူလာပြီးတဲ့အထိ ဆိုင် ကယ်ကို ယူထားတဲ့ဒဏ်မျိုးကို ပေးသင့် ကြောင်း အကြံပြုပါတယ်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးအစီအစဉ်တွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့ရော သက်ဆိုင်ရာဌာနဆိုင်ရာတွေ လူမှုရေးနဲ့ ပရဟိတအသင်းအဖွဲ့တွေ့ စု ပေါင်းပြုလုပ်နေကြတာတွေ အများကြီး တွေ့နေရတာ သာဓုခေါ်ဝမ်းသာစရာပါပဲ။
ဒါပေမယ့် ထားဝယ်မြို့ရဲ့ လမ်းမ တွေပေါ်မှာ “ပီးပေါ် ..ဝီးဝေါ်” အသံ နေ့တိုင်းနီးပါးကြားနေရတာ အရင်ထက် ပိုပိုကြားလာရတာက အဲဒီပညာပေးလုပ် ငန်းတွေဟာ ယာဉ်တိုက်မှုတွေကို လျော့ ကျသွားစေတဲ့ ရလဒ်မဟုတ်နေဘူးဆို တာကို သက်သေပြနေပြန်ပါတယ်။ လူထုနားလည်လွယ်ပြီး ပြုပြင်ပြောင်းလဲမှု တွေ ပြုလုပ်လာစေမယ့် ပညာပေးအစီ အစဉ်တွေကတော့ ဆက်လက်လိုအပ်နေ ဦးမှာပါ။
နောက်ဆုံးအနေနဲ့ ဆွေးနွေးလိုတာ ကတော့ ပညာပေးခြင်း ဒဏ်ပေးခြင်း ဆိုတဲ့ ကိစ္စရပ်တွေရဲ့ အလွန်ဖြစ်တဲ့ အပြုအမူ ပြောင်းလဲမှုဆိုင်ရာ အဆင့်ပါ။

ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်း ရမယ့် ကားမောင်းရင်^စီးရင် ထိုင်ခုံ ခါးပတ် ပတ်ရမယ်၊ အသက် ၁၈ နှစ် မပြည့်ဘဲ ယာဉ်မမောင်းရ ယာဉ်မောင်း သူတိုင်း သက်ဆိုင်ရာ ယာဉ်မောင်းလိုင် စင်ကိုင်ဆောင်ပြီး သတ်မှတ် ထားတဲ့ ယာဉ်/လမ်းစည်းကမ်းကို လိုက်နာကြ ရမယ် အစရှိတာတွေက အသိပညာအဆင့် (Knowledge) အဆင့်ပါ။ အဲဒီအချက် တွေကို နားလည်သဘောပေါက် လက်ခံ တဲ့အဆင့်က (Attitude)အဆင့်ပါ။ အထက်ပါအဆင့် နှစ်ဆင့်ကို သိရှိသဘော ပေါက်နိုင်ဖို့အတွက် အဓိက လိုအပ်တာ က ပညာပေး အစီအစဉ်တွေ ဖြစ်ပါတယ်။

အဲဒါပြီးမှ နားလည် သဘောပေါက် ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ လိုက်နာရမည့်အချက်တွေကို လက်တွေ့ လိုက်နာကျင့်သုံးတဲ့အဆင့် (Practice)ပါ။ ဒီအဆင့်မှာ ဆိုင်ကယ်စီးရင် ဦးထုပ် ဆောင်းမယ်၊ အခြေခံယာဉ် /လမ်းစည်း ကမ်းတွေကို စတင် လိုက်နာပါမယ်။ အဲဒီလို မလိုက်နာတဲ့ သူတွေကိုမှ အပေါ် မှာ အကြံပေးထားတဲ့ နည်းလမ်းတွေနဲ့ ဒဏ်ပေးတာ ပညာပေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင် တာတွေ လုပ်ရဖို့ ရှိပါမယ်။

နောက်ဆုံးနဲ့ အခက်ခဲဆုံး အဆင့် ကတော့(Behavior change)လို့ ခေါ်တဲ့ အပြုအမူပြောင်းလဲလာတဲ့ အဆင့်ပါ။ ဒီအဆင့်ကို ရောက်ဖို့ကတော့ ပညာပေး လုပ်ငန်းတွေ ဒဏ်ပေးတဲ့ ဖြစ်စဉ်တွေနဲ့ မရတော့ပါဘူး။ လူတစ်ဦးချင်းစီက မိမိ ပြုလုပ်နေတဲ့ အပြုအမူတွေ အပေါ်မှာ စိတ်နှလုံးထဲကနေ နှစ်နှစ်ကာကာ ယုံ ကြည်လက်ခံသွားပြီး နိစ္စဓူဝမှာ တစ်စုံ တစ်ယောက်ရဲ့ စေ့ဆော်မှုမပါဘဲနဲ့ကို မိမိဘာသာ လိုက်နာကျင့်သုံးနေတဲ့အဆင့် ကို ရောက်သွားတာမျိုးပါ။ ဥပမာ ပြောရရင် ဆိုင်ကယ်မောင်းသူတစ် ယောက်ဟာ ဆိုင်ကယ်ပေါ်တက်ခွ လိုက် တာနဲ့ ဦးထုပ်ဆောင်းပြီးသား ဖြစ်နေတာ မျိုးပေါ့။ ဒီအဆင့်ဟာ ယာဉ်ထိန်းရဲဖမ်း မှာစိုးလို့ ဆိုင်ကယ် ဦးထုပ်ဆောင်းတာမျိုး မဟုတ်တော့ပါဘူး။
ဒီလိုဖြစ်လာဖို့အတွက် သက်ဆိုင် ရာဌာနတွေ၊ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ပညာပေးလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်မှု၊ ဥပဒေချိုးဖောက်သူတွေကို ဒဏ်ပေးတဲ့နေရာမှာ အပြုသဘော ဆောင်တဲ့ ပညာသားပါတဲ့ ဒဏ်ပေးမှု တွေဖြစ်လာအောင် ပြုပြင်ပြောင်းလဲနိုင် မှုတွေ လိုအပ်မှာပါ။

အရေးအကြီးအဆုံးကတော့ ယာဉ်မောင်းသူ တစ်ယောက်စီတိုင်းရဲ့ ပြုပြင်ပြောင်းလဲလိုစိတ်ပါပဲ။ အဲဒီပြုပြင် ပြောင်းလဲလိုစိတ်ဟာ အပေါ်ကပြောခဲ့တဲ့ ပညာပေးလုပ်ငန်းတွေ ဒဏ်ပေးခြင်း လုပ်ငန်းတွေထက် ကျော်လွန်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ အမှတ် မထင်ပြုလုပ်နေကျ အကျင့်ဆိုးတွေကို ပြုပြင်ပြောင်းလဲဖို့ တာဝန် အရှိဆုံးလူက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ အဲဒီလို မှမဟုတ်ရင် လမ်းမပေါ်က “ပီးပေါ် ..ဝီး ဝေါ်”အရေးပေါ်ကားပေါ်မှာ ကျွန်တော်တို့ ကိုယ်တိုင် စီးနင်းလိုက်ပါသွားရမယ့် တစ်နေ့ကို မကြာခင် ရောက်လာပါလိမ့် မယ်။