ထားဝယ်မြို့သစ် ၅ လမ်း ကိစ္စ အစိုးရအဖွဲ့ထံ အစီရင်ခံစာ ပို့မည်

0
506
ထားဝယ်မြို့သစ် ၅ လမ်း ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး/Dawei Watch

ထားဝယ်မြို့သစ်ရှိ အမှတ် ၅ လမ်း ပြတ်နေသည့်ကိစ္စ အစီရင်ခံစာ ကို တိုင်းအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက မေလ အစောပိုင်းက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့သစ် ၅ လမ်း သည် တောက်လျှောက်ဖြစ်ရမည့်အစား အလယ်ပိုင်းတွင် အိမ်ခြံမြေကွက်များ ခံနေပြီး ပြတ်သည့်ကိစ္စကို လူထုတွေ့ဆုံ ပွဲများမှ ပြည်သူများ၏အသံကိုယူကာ အစီရင်ခံစာ ပေးပို့ခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ဆိုသည်။

“အစိုးရက လွှတ်တော်ရဲ့ အစီရင် ခံစာကို ပေါ့သေးသေးတော့ လုပ်လို့ မရဘူး၊ လုပ်ရမယ့် စဉ်းစားရမယ့် အချက်အလက် ဖြစ်လိမ့်မယ်၊ အကယ် ၍ မလုပ်ဘူးဆိုရင် မေးခွန်းလာမယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မြို့သစ် ၅ လမ်းကို ကမြောကင်းလမ်းမှ ဝင်ရောက်ပါက လမ်းတစ်ဝက်အရောက်တွင် အိမ်ခြံ မြေကွက်များခံနေကာ ဘယ်ဘက်(သို့) ညာဘက်သို့ ရုတ်တရက် ကွေ့ရသည့် အတွက် ယာဉ်မတော်တဆမှုများ မကြာ ခဏဖြစ်ပွားလျက် ရှိကြောင်း ထားဝယ်ဒေသ ခံအချို့က ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်က ဗျောတောဝရပ်ကွက်မှ မြို့သစ် ၅ လမ်းအနီးကို ပြောင်းရွှေ့အခြေချချိန် ကတည်းက အဆိုပါလမ်းမှာ တစ်ဆက် တစ်စပ်တည်းမရှိဘဲ လက်ရှိအခြေအနေ ကဲ့သို့ ဖြစ်နေကြောင်း ၅လမ်းအနီးရှိ နေထိုင်သူ ဦးမြင့်ကျော်က ပြောသည်။
“ဘယ်အချိန်ကတည်းက အကွက် ရိုက်ထားမှန်းတော့ မသိဘူး”ဟု ဦးမြင့်ကျော်က ဆိုသည်။
မြို့သစ် ၅ လမ်းရှိ ရုတ်တရက် ကွေ့ရသည့် လမ်းအရှေ့တည့်တည့်တွင် ယာဉ်မတော်တဆမှုများ လျော့နည်း စေရန် ကားတာယာကွင်းများကို ဆေးခြယ် ကာ သတိပေးထားသည်။