ခြေနင်းစကြာ တမ်းချင်း

ကျွန်တော်ကိုနိုင့် အနားကပ်လို့ မရဘူး ဖြစ်နေတယ်။ ကပ်လိုက် မောင်း ထုတ်ခံရလိုက်နဲ့ ဘယ်လိုမှ အနားကို သီလို့မရဘဲ ဖြစ်နေတာ။ သူတိုက်ချွတ် နေတဲ့ စက်ဘီးကလည်း မှန်ကြည့်လို့ ရအောင် ပြောင်လက်နေပြီ။ ချိန်းကြိုးနဲ့ ခြေနင်းတွေ ဆီထည့်ဖို့ပဲ ကျန်တော့တယ်။ ကျွန်တော် နောက်တစ်ကြိမ် ကြိုးစား ကြည့်တယ်။

“ကိုနိုင် ကျွန်တော့်ခြေနင်း လှည့်ပေး ရမလား”
သူ့ဆီက ထုံးစံအတိုင်း “မလိုဘူး ရတယ် ရတယ်”ဆိုတဲ့ စိတ်ပျက်စရာ အဖြေပဲထွက်လာတော့ သူ့စက်ဘီးကို ရေစဆေးတဲ့အချိန်ကစပြီး ရေသုတ်၊ တိုက်ချွတ်၊ ဆီထည့် နောက်ဆုံး လက်ကိုင်စွပ်၊ ဘားတန်းတွေအပေါ်က ထပ်အုပ်ဖို့ ပန်းပွားကြိုးတွေနဲ့ အလှ ဆင်ထားတဲ့ ကတ္တီပါစလေးက နှိပ်ကြယ် သီးလေး တဖျောက်ဖျောက် နှိပ်ပြီး လက်စသတ်ချိန်အထိ အချိန် နှစ်နာရီ လောက်အတွင်း ကျွန်တော် ကြိုးစားခဲ့တဲ့၊ အထိမခံ ရွှေပန်းကန် ကိုနိုင့်စက်ဘီး အင်္ဂလန်ရလေး (Raleigh)ကို ပွတ်သပ် ထိတွေ့ ကိုင်တွယ်ခွင့်ရရေး တို့အရေး ဟာလည်း အဟောသိကံ ဖြစ်သွားရလေ သတည်းပေါ့။

ပြောမယ့်ပြောတာ အဲဒီအချိန်က စက်ဘီးကလည်း ကလေးတွေ အကပ် မခံ၊ ခြင်ထောင်ထဲ ထည့်သိပ်ရလောက် အောင် ရှားပါးအဖိုးတန် ဇိမ်ခံပစ္စည်း ပေကိုး။
ကျွန်တော်တို့ လူမှန်းသိတတ်စ အရွယ်မှာ မိန်းကလေးတွေ စက်ဘီး စီးတာ သိပ်မတွေ့ဖူးဘူး။ စက်ဘီးဆို ယောက်ျားစီး ဘားတန်းနဲ့ ဟန်းဘား၊ ရလေး၊ မောင်ဗမာတွေပဲ အတွေ့ ရများတယ်။ အရွယ်စုံဆိုဒ်စုံ ကြိုက်သလို ရွေးဝယ်လို့ရတဲ့ ခုခေတ်လို မဟုတ်တော့ ကလေးတွေအတွက် စီးစရာက ပြည်တွင်း ထုတ် ဗိုလ်အုန်းသီးသုံးဘီး ပဲရှိတာ။

စက်ဘီးစီး စသင်ကြမယ်ဆိုရှိတဲ့ ယောက်ျားစီးဘီးကြီးတွေကိုပဲ လူကြီးတွေ အလစ်မှာဆွဲ၊ ဘားတန်းအောက်ခြေ ထောက်တစ်ဖက်လျှိုပြီး၊ သားသည် မအေတွေ ကလေးခါးထစ်ခွင်ချီသလို စက်ဘီးကို စီးရလို့ ထားဝယ်သားတွေ အခေါ် “ထစ်က္လိုက်”စီးနည်းနဲ့ ဂေါက် ဂက်ဂေါက်ဂက်နင်းရင်း စသင်ကြရ တာပဲ။ စက်ဘီးက လူထက်ကြီး၊ မနိုင် မနင်းနဲ့ အလဲလဲ အပြိုပြိုသင်ကြရတော့ မတတ်မချင်းမှာ ဒူးတွေ တံတောင်တွေဟာ ဒဏ်ရာဗလပွနဲ့ပေါ့။

ကျွန်တော်တို့ မွေးချင်း၅ယောက်မှာ ညီအစ်ကို ၄ ယောက်စလုံး အဲဒီ ဘားတန်းစက်ဘီး ကြီးတွေနဲ့ စက်ဘီး စီးတတ်သွားပေမယ့် အစ်မအကြီးဆုံးကျ သင်ရမှာ အဆင်မပြေ ခွကျနေခဲ့တာ သူအထက်တန်း အောင်ပြီး ကောလိပ် စတက်ရမယ်ဆိုတော့မှ သူ့ အတွက် ဝယ်ပေးတဲ့ စတန်းဒတ် (Standard) မိန်းမစီးစက်ဘီးလေးနဲ့မှ စသင်ရတော့တယ်။ အနောက်ကယ်ရီရာ ခုံကို တစ်ယောက်က ထိန်းပေးပြီး လိမ် ဖယ်လိမ်ဖယ်နဲ့ အနင်းသင်ရင်း နောက် ဆုံးခါး လည်းငြိမ် ဟန်ချက်လည်း ထိန်း နိုင်ပြီဆိုတဲ့အချိန် သူ့အရှိန်လေးနဲ့သူ လွှတ်ထားပေးလိုက်တာ အနောက်က “တော့” လို့ လှည့်အကြည့် ဘယ်သူမှ မရှိဘဲ သူ့တစ်ယောက်တည်း စက်ဘီး နင်းနေမှန်း သိတာနဲ့ လန့်ဖျတ်ပြီး မြောင်းထဲ ထိုးဆင်းသွားပါလေရောလား။ တကယ့် ဘ၀မှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးသွားတာနဲ့ တည်ငြိမ်မှုပျက် အခက်အခဲတွေကြုံပြီး မြောင်းထဲရောက် သွားတဲ့ လူတွေတွေ့ရင် ကျွန်တော်တို့ ငယ်ငယ်က စက်ဘီး အစီး သင်သလို ပါပဲလားလို့ ဆင်ခြင်မိသေး တော့တယ်။

စတန်းဒတ် စက်ဘီးလေးခမျာမှာ လည်း ကျွန်တော်တို့အိမ်ကိုရောက်လာ ပြီးတဲ့ နောက်ပိုင်းအနား မရရှာတော့ဘူး။ အကြီးက ဒေါက်ထောက်လိုက်တာနဲ့ အလတ်က ဆွဲသွား၊ အငယ်ပြန်ရောက် တာနဲ့ တစ်ယောက်က အပြင်ထွက်ဖို့ စောင့်နေတာမျိုးမို့ ဝယ်ပြီး သိပ်မကြာ သူ့ခမျာ ချုံးချုံးကျရတော့တာပါပဲ။ ကျွတ်ပေါက်ဖာရတာ၊ တာယာပါးလို့ ကွဲလို့လဲရတာ၊ ဟိုနေရာဒီနေရာ မူလီတွေ နတ်တွေချောင်၊ ချိန်းကြိုး တွေဝါး၊ စပေါ့ကက်ဝှီးလ် ချော်စတာတွေ တစ်မျိုး ပြီး တစ်မျိုးရောဂါစုံလာတော့ ပြင်ဆိုင် ပို့ရတော့တာပေါ့။ ကရပ်ပြင် လမ်းဆုံက ဦးဟန်ဖေဆိုင်မှာ ပစ္စည်း ကိရိယာပိုစုံ၊ တပည့်တပန်းတွေနဲ့ မို့ပြင်ရတာ ပိုမြန် ပေမယ့် ကျွန်တော်ကတော့အိမ်နဲ့ ပိုနီးပြီး လူချင်းလည်း ရင်းနှီးတဲ့ ဦးစိုးမြင့်ဆိုင်မှာပဲ ပြင်ဖြစ် တာများတယ်။

မွေးရာပါ ခါးကုန်းကြီးနဲ့ မသန် ပေမယ့် စွမ်းတဲ့ ဦးစိုးမြင့်ကြီးကို သနား သံယောဇဉ် ဖြစ်မိတာလည်း ပါပေမပေါ့။ အပိုပစ္စည်းဝယ်ဖို့လည်း လမ်းဆုံက ဆရာဦးခင်ဇော်ဆိုင်တို့၊ လူရိုင်းခေါင်း ဆိုင်တို့ ပြေးလိုက်ရုံပဲ။ ပြင်ဆိုင်တွေ အကြောင်း တွေးမိတော့ နေ့စဉ်သူနေတဲ့ အနောက်ဘက်ကမ်းကနေ ထားဝယ်မြစ် ဖြတ်ပြီး တတ်တဲ့ပညာနဲ့ မြို့ပေါ် ဇရစ် ရပ်ပိတောက်ရွှေဝါလမ်းမှာ ဆိုင်ခန်းငှား စက်ဘီးပြင်ဆိုင်လေးဖွင့်ပြီး ဝမ်းစာ လာရှာတဲ့ သွားလေသူကြီး ဦးခင်စောကို လွမ်းမိသေးရဲ့။ ပြင်ခသုံးရာတောင်းတာ တစ်ရာပေးပြီး ထွက်ပြေးလည်း စိတ်မဆိုး ခဲ့တဲ့သူကိုး။ သင်္ဘောဆိပ်မှာနေတုန်းက သီတင်းကျွတ်နီးရင် ဗျောက်ဖောက်ဖို့ စမုတ်တိုင်အဟောင်းတွေ သွားသွား တောင်းရတဲ့ ရွာလယ်လမ်းက ဦးကျော် သိန်း စက်ဘီးပြင်ဆိုင်နဲ့ မောင်းမကန် တိုက် မျက်စောင်းထိုးက ဦးတင်ငွေဆိုင် တွေက ဆေးသုတ် ပေါင်းတင်လုပ်တာ လက်ရာကောင်းလို့ လူကြိုက်များကြ တယ်။ လမ်းဆုံကြီးက ကိုသိန်းဝင်းဆိုင်၊ ဘူးသီးဆိုင်၊ ဈေးတောင်ဘက်လမ်းက ရွှေအိုးစက်ဘီး အရောင်းဆိုင်တွေမှာ မိကျောင်း၊ ဖီးဆင့်၊ စတန်းဒတ်၊ ရလေး၊ ဆိတ်ငါးကောင်၊ နတ်သမီး၊ ပန်းကမ္ဘာ စတဲ့တံဆိပ်စုံအဆင်အသွေးစုံ စက်ဘီး တွေကို မဝယ်နိုင်တော့”ဘကြီးအောင် ညာတယ်”ဝတ္ထုထဲက ယမင်းရုပ်လေးကို ငေးသလိုမျိုး ငေးခဲ့ဖူးပြီပေါ့။

လူပျိုပေါက်အရွယ်မှာ သူ့အိမ် ကိုယ့်အိမ် ဘယ်သူ့အိမ်ကဖြစ်ဖြစ် စက်ဘီးတစ်စီးလောက် အားတာနဲ့ဆွဲပြီး သူငယ်ချင်းနှစ်ယောက် တစ်ယောက် တစ်လှည့်နင်း၊ ကိုယ်ကြွေတဲ့ ကောင်မ လေးတွေ အိမ်ရှေ့ ချောင်းပေါက် အောင် နင်း၊ ရှိရှိသမျှ ချိုင့်ခွက်တွေကို အမှောင် ထဲမှာတောင်မှ မကျဘဲ နင်းနိုင်အောင် အလွတ်ရ၊ လမ်းထဲနေတဲ့ ခွေးတွေ မျက် နှာမှတ်မိ မဟောင်တော့တဲ့ အထိခြေ အေးဝမ်းရောင် လုပ်ခဲ့ဖူးကြသေးသပေါ့။ ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်း တွေစု၊ ရှိသလောက် စက်ဘီးတွေနဲ့ နှစ် ယောက်တစ်စီး၊ သုံးယောက်တစ်စီးစီးပြီး သံပုရာကန်၊ ဘဦးကန်၊ မောင်းမကန်ရေ ကူး၊ အမှတ်(၄)ကျောင်းကွင်း၊ ဘုန်းကြီး ပျံကုန်း၊ တပ်ဦးကွင်းဘောကန်၊ တောကျဲ၊ ပခတ်၊ သရက်ချောင်း ရေတံခွန်အလည်၊ ပကာရီထမင်းမြိန်၊ သပြေချောင်း ဝက်ခြေ ထောက်ပြုတ်၊ ဇလွန်း၊ ကွမ်းပုတော ထန်းရည် သောက်သွားခဲ့ကြ။

အဖော် အပေါင်းကလည်း စုံ၊ ညအိပ် ညနေတည်း လို့လည်း ရ၊ စားဖို့ သောက်ဖို့လည်း မပူရလို့ ကနက်သီရိ ရွာအထိ တောင်စက် ဘီးတွေနင်းပြီး အုပ်စုလိုက်ရောက်သွား ခဲ့ဖူးတာ လွမ်းစရာချည်းပါပဲ။ ကျွန် တော်တို့ လူငယ်ဘ၀အရောက်မှာတော့ ဘုရားပွဲတွေ၊ လွတ်လပ်ရေးပွဲ၊ ပြည်ထောင်စုပွဲ တွေမှာ မီးသတ်ရန်ပုံငွေ၊ ဘာရန်ပုံ ငွေညာရန်ပုံငွေဆိုပြီး ဝါးလုံး တွေနဲ့ တိုင်စိုက် အကာအရံလုပ်ပြီး စက်ဘီး လက်ခံသည် ဆိုင်းဘုတ်တပ်ငွေရှာလို့ရတဲ့ခေတ်။ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံ တွေမှာ လည်း ဇာတ်ကားကောင်းရင် စက်ဘီးတွေ ပြွတ်ညပ် ကျပ်သပ် နေအောင်လက်ခံရပြီး ရုံအနီးအနားက အိမ်တွေတောင် စီးပွားရေးတစ်ခုအနေနဲ့ လုပ်စားလို့ရ အောင် စက်ဘီးတွေပေါတဲ့ ခေတ်ပေါ့။

သူငယ်ချင်းတစ်ယောက် သူ့ ကောင်မလေးနဲ့ သမီးရည်းစားဘ၀ လျှောက်လည်ကြရင်း ဖြစ်ပျက်ပုံ ပြောရဦးမယ်။ အဲဒီမတိုင်ခင်ကတော့ အချစ်အတွက်ဆို ဓူဝံကြယ်ကြီး ဆွတ်ပေးနိုင်တယ်၊ ပင်လယ်ပြင်ကြီး မီးရှို့ပြမယ် ဘာညာသာရကာတွေ သူပေးတဲ့ရည်းစားစာတွေထဲ ထည့်ရေး ချင်ရေးထားမပေါ့လေ။ တကယ်တမ်း ကြုံရတာကတော့ ရယ်ပွဲဖွဲ့ဟားစရာပဲ။ ထားဝယ် အာဇာနည်လမ်း ရှမ္မလည်ဆွဲ အကျဉ်းထောင်နားက ထောင်တောင် တက်လို့ ခေါ်ကြတဲ့နေရာက သိပ်ပြီး မတ်စောက်လှတာ မဟုတ်ပေမယ့် ကုန်းတက်က တော်တော်ရှည်တာမို့ စက်ဘီးနဲ့တစ်ယောက်တည်း နင်းတာ တောင် အမောဖောက် အောင်နင်းရတာ။ နောက်ကယ်ရီယာခုံမှာ ကောင်မလေးကို တင်ပြီးနင်းရတော့ လျှာထွက်ပြီပေါ့။ ဒါနဲ့သူငယ်ချင်းက သူ့ကောင်မလေးကို ဆင်းလျှောက်ဖို့ ပြောတာလက်မခံဘဲ မူပြနွဲ့ပြနေတဲ့အချိန် သူ့အတွက် ကံကောင်းပြီး ကောင်မလေးအတွက် ကံဆိုးမယ့်အချက်တစ်ခု ပေါ်လာသတဲ့။ သူလည်း အဲဒီအခွင့်အလမ်းကို လက် လွတ်မခံပဲ ဖင်လေး အသာကြွပြီး ဘူက နဲလေလည်ပစ်လိုက်မှ ကောင်မလေး လည်း နှာခေါင်းပိတ်ပြီး ဆင်းပြေးပါ လေရောတဲ့ဗျာ။ ကျွန်တော်ဆို ကျွန်တော့် ရည်းစားကို အဲလိုဆင်း လျှောက်ဖို့ တစ်ခါမှ မပြောခဲ့ဖူးဘူး။ ကုန်းတက် ရောက်တာနဲ့ ဘရိတ် အသာလေးမှိန်းပြီး ကိုယ်အရင် ဆင်းလိုက်တော့ သူလည်း စက်ဘီးပေါ် ဆက်ထိုင်နေလို့ မရတော့ ဘူးလေ။

စက်ဘီးနဲ့ ပတ်သက်လာရင် ချန်ခဲ့ လို့ မရအောင် ခေါင်းထဲရောက် ရောက် လာတတ်တာက ဆရာ စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင်ဆိုခဲ့တဲ့ ဘီးကလေး သီချင်းတွေ။
“နင်းလိုက်ရတာအမြန်ဆိုတော့ သိပ်မောသွားလား မောင်ရယ်တဲ့ မော တော့ မောတာပေါ့ ဒါပေမယ့် မမောဘူး”ဆိုတဲ့ “ဘီးကလေးကိုစီး”သီချင်း။
“သူကလည်း စကားပြောဖို့ လှည့် အလာ ကိုယ်ကလည်း ရှေ့ငုံ့ပြီးနား အထောင်မှာ မတော်တဆ နဲ့ကြုံကြိုက် တဲ့ အနမ်းရယ်တမင်လို ဖြစ်သွားတယ်”ဆိုတဲ့ “ကယ်ရီယာ မပါတဲ့ဘီး”။

ဆရာဒေါက်တာ စိုင်းခမ်းလိတ်နဲ့ ဒေါက်တာနွဲ့တင်တို့ရဲ့ အချစ်ခရီးလမ်း မှာ အရေးပါခဲ့တဲ့ အကျိုးတော်ဆောင် ဘီးကလေးပျောက်သွားခဲ့ရာကနေ ဆက်ပြီး ဖန်တီးရေးဖွဲ့ဖြစ်ခဲ့တဲ့ “အသစ် ဘယ်လောက်ကောင်းကောင်း အဟောင်း ကိုတော့ မမေ့ မင်းသခင်မလေး ခမျာလေ သိပ်ကိုစွဲလန်းရှာတယ် ပြန်ရွေးလို့ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ်” ဘီးနံ ပါတ် အိုကေ ၀၁၂၂ အယ်လ်ဆိုတဲ့ “ဘီး နံပါတ် OK0122L” နဲ့ “သူငယ် ငယ်က ဘီး သူပါလာတဲ့ဘီး အတူတူ လည်တဲ့ဘီး အတူတူပျော်တဲ့ဘီး တကယ် တွယ်တာမှုနဲ့ ယုယတဲ့ဘီး အောင်သွယ် လိုပဲ အားထားရတဲ့ဘီး ကိုယ်တို့ချစ်ခရီး ထဲအရေးပါတဲ့ဘီး”လို့ ဖွဲ့ခဲ့တဲ့ “ကိုယ် တို့သိပ်ချစ်တဲ့ဘီး”သီချင်းတွေဟာ စက်ဘီးလေးတွေနဲ့ အတူငယ်ဘ၀ နေ့စွဲတွေထဲ လွှမ်းမိုးနေခဲ့တယ်။

Related Posts