တနင်္သာရီတွင် အရည်အသွေးညံ့ ပစ္စည်းသုံးသည့် ကုမ္ပဏီနှစ်ခု ဆောက်လုပ်ခွင့်ရပ်နား

0
435

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က အရည်အသွေးညံ့ ဆောက်လုပ်ရေး ပစ္စည်းများ သုံးစွဲကာ ဆောက်လုပ်ခဲ့ သည့် ကုမ္ပဏီနှစ်ခုကို ဆောက်လုပ်ခွင့် ရပ်နားစေခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က အစိုးရ ရန်ပုံငွေဖြင့် လုပ်ကိုင်သည့် ဆောက်လုပ် ရေးလုပ်ငန်းများတွင် အရည်အသွေးမမီ ပစ္စည်းများ သုံးစွဲခဲ့ သည့် ကုမ္ပဏီ ၂ခုကို အပြစ်ပေးသည့် အနေဖြင့် ဆောက်လုပ် ခွင့် ရပ်နားစေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဦးကြည်လှိုင်က ရှင်းပြသည်။

ကုမ္ပဏီ နာမည်များကိုမူ ထုတ်ဖော် ပြောခြင်း မရှိပေ။
ယခုနှစ်တွင် ယင်းကုမ္ပဏီများ ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါထပ်ပြိုင်ပါက အမှတ်ပေး စည်းမျဉ်း အရ အမှတ်လျှော့ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီနှစ်မှာလည်း သုံးစွဲတဲ့ ပစ္စည်း တွေ အရည်အသွေး မကောင်းရင် ရပ်နားခိုင်းဖို့ ရှိတယ်”ဟု ဦးကြည်လှိုင် က ပြောသည်။

သရက်ချောင်းမြို့နယ်နှင့် ကော့သောင်း မြို့နယ်တို့တွင် အဆောက် အအုံဆောက် လုပ်နေသည့် ကုမ္ပဏီနှစ်ခု ကို လုပ်ငန်းရပ်နားခိုင်းခြင်း ဖြစ်သည်။
လက်ရှိအနေအထားတွင် ကုမ္ပဏီ အများစုက အရည်အသွေးကောင်းစေရန် အပြိုင်အဆိုင် တည်ဆောက်နေချိန် ဖြစ်ပြီး အရည်အသွေးညံ့ ပစ္စည်းသုံး သည့်ကုမ္ပဏီ အလွန်နည်းပါးကြောင်း ထားဝယ်မြို့အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။
“ဒီလိုအပြစ်ပေးတာ ကောင်းတယ်၊ အားလုံးကောင်းအောင် ကြိုးစားနေချိန် မှာ သူညံ့ရင်သူခံပေါ့”ဟု အဆိုပါ ကုမ္ပဏီပိုင်ရှင်က ပြောသည်။

ဆောက်လုပ်ခွင့်ရကုမ္ပဏီကို ပစ္စည်းအရည်အသွေး မပြည့်သည့် အတွက် ဆောက်လုပ်ခွင့်ရပ်နားစေပြီး ယင်းအဆောက်အအုံကို တင်ဒါယှဉ်ပြိုင် စဉ်က ဒုတိယအမှတ်အများဆုံးရသည့် ကုမ္ပဏီ(သို့)ဌာနက ကြီးကြပ်ကာ ဆက်လက် ဆောက်လုပ်စေခဲ့ကြောင်း ဝန်ကြီးဦးကြည်လှိုင်က ဆိုသည်။

ဆောက်လုပ်ခွင့် ရပ်နားလိုက်ရ သည့်ကုမ္ပဏီများ သုံးစွဲခဲ့သည့် ပစ္စည်း (ဘိလပ်မြေ၊ သံချောင်း)တန်ဖိုးကို တွက် ချက်ကာ ပြန်လည်ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်က သတ်မှတ်စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်သည့် ဆောက်လုပ်ရေး ကုမ္ပဏီ ၈ခုကို အရေးယူခဲ့ကြောင်း တိုင်း (တည် / ကော်) အတွင်းရေးမှူးက ပြော ဆိုခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်က တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီတွင် ကုမ္ပဏီပေါင်း ၃၀၇ ခု မှတ်ပုံတင်ခဲ့ကြောင်း တိုင်းအစိုးရ အဖွဲ့ ရုံးထံမှ သိရသည်။