မွန်တွင် ကျောင်းအုပ်နှင့် ဆရာ ဆရာမ ၁၀၀၀ ကျော် လစ်လပ်နေ

0
384

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်နှင့် ကျောင်းဆရာ ဆရာမ ၁၀၀၀ ဦးကျော် လစ်လပ်နေသည်ဟု မွန်ပြည်နယ် ပညာရေးမှူး ရုံးထံမှ သိရသည်။

ပြည်နယ်တစ်ခုလုံးရှိ အခြေခံ ပညာကျောင်းများအတွက် ကျောင်းအုပ် နှင့် ကျောင်းဆရာ ဆရာမ ၁၅၈၀၀ ဦးကျော် ခန့်အပ်ထားပြီးဖြစ်သော်လည်း ယင်းသို့ လစ်လပ်နေခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ဧပြီလကုန်ထိ စာရင်း အရ အထက်တန်း ကျောင်းအုပ် ၂ ဦး၊ အလယ်တန်း ကျောင်းအုပ် ၁ ဦး၊ မူလတန်း ကျောင်းအုပ် ၅၇ ဦးနှင့် အထက်တန်းပြ ၂၉၉ ဦး၊ အလယ်တန်း ပြ ၃၉၉ ဦးနှင့် မူလတန်းပြ ဆရာ၊ ဆရာမ ၂၉၇ ဦးတို့ လစ်လပ်နေခြင်း ဖြစ်ကြောင်း အထက်ပါ ရုံးမှ သိရ သည်။

“မြို့နယ်အလိုက် ကြည့်လိုက်ရင် မော်လမြိုင်၊ မုဒုံ ချောင်းဆုံတို့မှာ ခွဲဝေ ချက်ထက်ကို ဆရာ ဆရာမတွေ ပိုနေ တယ်၊ ရေး၊ ကျိုက်ထို၊ ကျိုက်မရော တို့မှာဆိုရင် ဆရာ ဆရာတွေလိုနေတယ်။အဲဒီနေရာတွေကို သွားမယ့်လူမရှိ လျှောက် မယ့်လူမရှိတော့ ကျောင်းဆရာ ဆရာမ မပြည့်ဘူး”ဟု ပြည်နယ် ပညာရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ ကြည်(စီမံ)က ပြောသည်။

လစ်လပ်နေသည့် ကျောင်းအုပ် များနှင့် ကျောင်းဆရာ ဆရာမများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းဖွင့် ကာလအမီ ခန့်အပ်သွားနိုင်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဒေါ်လဲ့လဲ့ကြည် က ဆက်ပြောသည်။

မွန်ပြည်နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၁၀၀ ကျော်၊ အလယ်တန်းကျောင်း ၁၀၀ ကျော်နှင့် မူလတန်းကျောင်း ၁၀၀၀ ကျော်ရှိကာ အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိက ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင် ကျောင်းတို့မှ စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း ၄ သိန်းနီးပါး ရှိသည်ဟု သိရသည်။