မြိတ်တွင် တရားမဝင်သစ် အများဆုံး ဖမ်းမိ

0
469

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခုအနက် မြိတ်ခရိုင်တွင် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က တရားမဝင်သစ် အများ ဆုံး ဖမ်းမိခဲ့သည်။

တနင်္သာရီတိုင်း သစ်တောဦးစီး ဌာန၏ စာရင်းများအရ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင် သစ်ဖမ်းမိမှုတွင် မြိတ်ခရိုင် က အများဆုံးဖြစ်ပြီး ကော့သောင်းခရိုင် က ဒုတိယအများဆုံး ဖြစ်သည်။

ခရိုင်သုံးခုတွင် မြိတ်ခရိုင်က တရားမဝင်သစ်လုပ်ငန်း အများဆုံး လုပ်ကိုင်နေခြင်းကြောင့် ပိုမိုဖမ်းမိခြင်း ဖြစ်ပြီး ပြည်သူများ သတင်းပေး တိုင်ကြားမှုများကြောင့်လည်း ဖမ်းမိမှု ပိုများကြောင်း သစ်တောဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ဇေယျက ဆိုသည်။
“သစ်တောထိန်းသိမ်းရေးကို ပိုပြီး လုပ်နေသလို တရားမဝင် သစ်ဖမ်း ဆီးရေးကိုလည်း အာရုံစိုက် လုပ်ဆောင် တာလည်း ပါတယ်”ဟု တိုင်းဦးစီးမှူး ဦးကျော်ဇေယျက ပြောသည်။
သစ်တောဌာနက တရားမဝင် သစ်ထုတ်မှုများကို တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြိတ်ခရိုင်တွင် တရားမဝင်သစ် တန် ၁၃၀၀ နီးပါး၊ ကော့သောင်းခရိုင်တွင် တန် ၆၀၀ ကျော်နှင့် ထားဝယ်ခရိုင်တွင် တန် ၂၀၀ နီးပါးဖမ်းမိခဲ့ကြောင်း တိုင်း သစ်တောဌာန စာရင်းများအရ သိရ သည်။

လက်ရှိ ဘဏ္ဍာရေးနှစ် ဧပြီလ တွင်လည်း မြိတ်ခရိုင်တွင် တန် ၈၀ နီးပါး၊ ကော့သောင်းခရိုင်နှင့် ထားဝယ် ခရိုင်တို့တွင် ၁၀ တန်ကျော် စီဖမ်း မိခဲ့ကြောင်း အထက်ပါရုံး မှတ်တမ်း များအရ သိရသည်။