အိမ်ဖြိုဖျက်ခံရမှု တရားရုံးသို့ ဦးတိုက်လျှောက်ထား

0
429

ပြီးခဲ့သည့် မေလ ၁၀ ရက်က မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန် ရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖြိုချခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားကြောင်း အိမ်ဖြိုချခံရသည့် ကာယကံရှင်နှင့် လိုက်ပါဆောင်ရွက်ပေးသူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၀ရက်က မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း၏ဇနီးဦးဆောင်သည့် လူတစ်စုက ၎င်းတို့ပိုင် မြေကွက်ပေါ်၌ ကျူးကျော်ဝင်ရောက် အိမ်ဆောက်သည်ဟုဆိုကာ ဒေါ်ခင်ဆွေ တို့ မိသားစုနေထိုင်သည့် နေအိမ်အား ဝင်ရောက်ဖြိုချခဲ့ခြင်း ဖြစ်သည်။
နေအိမ်ဖြိုချသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွှာအုပ်ချုပ်ရေးရုံး၏ဖြေရှင်းဆောင်ရွက်မှု မပြေလည်သဖြင့် မေလ ၁၄ရက်၌ မြိတ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး မေလ ၂၈ ရက်တွင် ရုံးချိန်းခေါ်ယူထားကြောင်း အိမ်ဖြိုခံရသည့် ဒေါ်ခင်ဆွေအား ကူညီဆောင်ရွက်ပေးသူ ဦးနိုင်ဖေညွန့်က ပြောသည်။

အိမ်ဖြိုဖျက်သူဘက်ကပေးသည့် လျော်ကြေးမှာ ယခင်ကအတိုင်း လေးသိန်းထက် မပိုသော ကြောင့် မှန်မှန်ကန်ကန် ဆောင်ရွှက်ပေးနိုင်ရန် တရားရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဘိုးဘွားပိုင်ဖြစ်လျက်နဲ့သူများ မောင်းထုတ်တဲ့ဘ၀ကို လူကြီးတွေ ကိုယ်ချင်းစာစေချင်တယ်”ဟု ဒေါ်ခင်ဆွေက ပြောသည်။
အုပ်ချုပ်ရေးမှူးဟောင်း၏ဇနီးကမူ တရားရုံးမှ ဆင့်ခေါ်စာ မိမိထံသို့ ရောက်ရှိခြင်း မရှိသေး ကြောင်း မေလ ၁၈ ရက် ပြောသည်။

“မြေလိုလို့ လုပ်တယ်တဲ့။ အဲဒါဆို ရင်လည်း အထောက်အထား စာရွက် စာတမ်း ပြည့်စုံအောင် ရှာလာပါလို့ ကျွန်မက ပြောလိုက်တယ်”ဟု အုပ်ချုပ် ရေးမှူးဟောင်း၏ဇနီး ဒေါ်တရုတ်မ ဆိုသည်။
ဒေါ်ခင်ဆွေဘက်မှ ပိုင်ဆိုင် ကြောင်း သက်သေပြနိုင်ရန် မိမိအနေဖြင့် အချိန်ကာလတစ်ခု သတ်မှတ်ပေးခဲ့ သော်လည်း ၎င်းအနေဖြင့် သက်သေပြနိုင်ခြင်းမရှိကြောင်း ဒေါ်တရုတ်မက ပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြိတ်တောင်ကျေးရွှာအုပ်ချုပ်ရေးမှူးအား မေးမြန်းရန် ကြိုးစား သော်လည်း ခရီးလွန်နေခြင်းကြောင့် မေးမြန်းခွင့် မရသေးပေ။