ခွင့်ပြုချက်ရမှ အရပ်ဘက်အဖွဲ့အစည်း ဆွေးနွေးပွဲများ ပြုလုပ်ရန် မွန်ဟိုတယ်များအား ညွှန်ကြားချက် ပြန်ရုပ်သိမ်း

0
704

မွန်ပြည်နယ်အတွင်းရှိ ဟိုတယ် များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်း များက ဆွေးနွေးပွဲများ ပြုလုပ်မည်ဆို ပါက သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရန် ညွှန်ကြားချက် အား ၂ ရက်အကြာတွင် ပြန်လည် ရုပ်သိမ်းလိုက်သည်။

အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်မည်ဆိုပါက ပြုလုပ်မည့်အကြောင်း အရာ အဖွဲ့အစည်း၊ ပြုလုပ်မည့်ရက်၊ အချိန်၊ နေရာတို့အား ဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးသို့ ၁၀ ရက် ကြိုတင်၍ တင်ပြ ရန်နှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ ဆောင်ရွက် ရန် မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်များထံ ညွှန်ကြားစာထုတ်ခဲ့ခြင်း ဖြစ်သည်။ အစိုးရအဖွဲ့ အစည်းအဝေး ဆုံး ဖြတ်ချက်ကို တစ်ဦးချင်း အကောင် အထည်ဖော်ရာတွင် နားလည်မှုလွဲပြီး ဆောင်ရွက်ခဲ့ခြင်း သာဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးမြင့်သန်းဝင်း မေလ ၁၈ ရက် က ပြောသည်။

ခွင့်ပြုချက် ယူရမည်ဟု ညွှန်ကြား စာ ထုတ်ခဲ့ပြီး ခဏအတွင်း လူမှုရေးအဖွဲ့ များနှင့် စီးပွားရေး အသိုင်းအဝိုင်းကြား တွင် ဝေဖန်မှု ပြင်းထန်ခဲ့သည်။