လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရွှေပြည်စိုးကျေးရွာအတွက် ထည့်စဉ်းစားမည်ဟု စည်ပင်ပြော

0
448

ကော့သောင်းမြို့နယ် ၊ ရွှေပြည်စိုး ကျေးရွာတွင် စည်ပင်သာယာရေးအဖွဲ့ မှ အခွန်ကောက်ခံနေသည့်အတွက် အခွန် စည်းကြပ်သည့် ဧရိယာအတွင်း လာမည့် ဘဏ္ဍာရေးနှစ်များတွင် ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ထည့်သွင်းရေးဆွဲသွားရန် ရှိကြောင်း ကော့သောင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

စည်ပင်က အခွန်ကောက်နေ သော်လည်း ကျေးရွာအတွက် မည်သည့် အရာမျှ မလုပ်ပေးဟု ရွာသားများက ထုတ်ဖော် ပြောလာပြီးနောက် ယင်းသို့ ဆုံးဖြတ် ချက် ထွက်လာခြင်းဖြစ်သည်။
ရွှေပြည်စိုးကျေးရွာနယ်နမိတ်ရှိ ထားဝယ်စုရပ်မှစ၍ မြေဧရိယာ ၃၅ ဧကကို စည်ပင်သာယာနယ်နမိတ်အဖြစ် သတ်မှတ်ထားပြီး ၎င်းဧရိယာအတွင်းရှိ နေအိမ် ၃၃၆လုံးကို စည်ပင်သာယာအဖွဲ့မှ အခွန်ကောက်ခြင်းဖြစ်ကြောင်း ကော့ သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လိုအပ်သည့်လုပ်ငန်းများအတွက် စည် ပင်ကော်မတီနှင့် တိုင်ပင်ပြီး လုပ်ဆောင် မည်ဟု ဦးဘဂွမ်က ပြောသည်။
“မလုပ်ပေးဘဲ အခွန်ပေးနေရတာ ထက်စာရင် လုပ်ပေးမယ်ဆိုတာ သိရ လို့ ဝမ်းသာပါတယ်၊ ဒါမှ အခွန်းပေး နေရတဲ့ ပြည်သူတွေ တန်းတူအခွင့်အရေး ရပြီး မျှမျှတတဖြစ်မှာ”ဟု ရွှေပြည်စိုး ကျေးရွာနေထိုင်သည့် ဦးဝင်းမြင့်က ဆိုသည်။

စည်ပင်သာယာအဖွဲ့မှ အိမ်ခွန် ၊ မြေခွန် ၊ အမှိုက်ခွန်နှင့် အညစ်အကြေး ခွန်တို့ကို ခြောက်လတစ်ကြိမ် အခွန် ကောက်ပြီး ၁၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ရွှေပြည်စိုးကျေးရွာ ထားဝယ်စုတွင် နေထိုင်သည့် အခွန်ထမ်းပြည်သူများက ဆိုသည်။