လျှပ်စစ်ကြောင့် ထိခိုက် နစ်နာ ပါက စားသုံးသူရေးရာထံ တိုင်နိုင်

0
458

လျှပ်စစ်မီးကြောင့် မီးသုံးစွဲသူများ ထိခိုက်နစ်နာသည်ဟုယူဆပါက ခရိုင် အလိုက် ဖွဲ့စည်းထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးဌာနထံ တိုင်ကြား နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ဒုတိုင်း ဦးစီးမှူးဦးကျော်စိုးရီက ပြောသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်မီး ကြောင့် ပစ္စည်းများဆုံးရှုံးခြင်း၊ ဝန် ဆောင်မှုမကောင်းသည့်အတွက် အခြား ထိခိုက်နစ်နာမှုများ ခံရသည်ဟု ယူဆ ကာ တိုင်ကြားလာပါက လက်ခံသွားမည် ဖြစ်ပြီး တိုင်ကြားမှု မှန်ကန်ခြင်းရှိ/မရှိ ကို စိစစ်သုံးသပ်မည်ဖြစ်ကြောင်း ဦးကျော်စိုးရီက ဆိုသည်။

“မီးနဲ့ပတ်သက်ပြီး နစ်နာတယ်ယူ ဆပြီး လာတိုင်ရင် ကျွန်တော်တို့ကတော့ လက်ခံပေးမယ်”ဟု ဦးကျော်စိုးရီက ပြောသည်။
တိုင်ကြားရာတွင် တိုင်ကြားလို သည့် အချက်များ၊ ဖြေရှင်းစေလိုသည့် နည်းလမ်းများကို ဖြည့်ရမည်ဖြစ်ပြီး တိုင်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များကို တိုင် ကြားလွှာတွင် ဖြည့်သွင်း ရမည်ဖြစ်သည်။

တိုင်ကြားချက်က စားသုံးသူအကာ အကွယ်ပေးရေး မူဘောင်အတွင်းဖြစ်ပါက ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကာ တိုင်ကြားစာ လက်ခံရရှိကြောင်းကို ၄၈ နာရီအတွင်း ပြန်ကြားပေးမည်ဟု ၎င်းက ပြောသည်။
တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် လုပ်ငန်းရှင်တို့အကြား တွေ့ဆုံညှိနှိုင်း ကာ ဖြေရှင်းပေးမည်ဖြစ်ပြီး ဖြေရှင်းမှုကို မကျေနပ်ပါက တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး အဖွဲ့ ထံ ဆက်လက်တင်ပြမည် ဖြစ်ကြောင်း ဒုတိုင်းဦးစီးမှူး ဦးကျော်စိုးရီက ဆိုသည်။

တိုင်ကြားမှုကို စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ကျွမ်းကျင် ပညာရှင်များပါဝင်သည့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ကို ဖွဲ့စည်းကာ ယင်းအဖွဲ့က တင်ပြလာ မှုအပေါ်မူတည်၍ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။
တိုင်းအတွင်း စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာန(CICC) များကို ခရိုင်အလိုက်ဖွဲ့စည်း ထားပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များရှိ ရုံးများတွင် တိုင်ကြားနိုင်သည်။

မီးအားအတက်အကျကြောင့် လျှပ် စစ်ပစ္စည်းဆုံးရှုံးမှု များပြားပါက တိုင် ကြားမည်ဖြစ်ပြီး သွားတိုင်ပါက ထိထိ ရောက်ရောက် ဖြေရှင်းပေးရန်လိုအပ် ကြောင်း မြိတ်မြို့မြိတ်တောင်နယ်မြေ တွင် ဆံသလုပ်ငန်းလုပ်ကိုင်နေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။

“တကယ် ထိထိရောက်ရောက် ဖြေရှင်းပေးမှာလား၊ ဟိုရက်ချိန်း ဒီရက် ချိန်းဆိုရင်တော့ အလုပ်ရှုပ်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
လျှပ်စစ်မီးကိစ္စအပြင် အခြားဝန် ဆောင်မှုများအတွက် ဝန်ဆောင်မှုပေး သူနှင့် စားသောက်ကုန်ပစ္စည်းများ ကြောင့် ထိခိုက်နစ်နာနေသည်ဟု ယူဆ ပါက CICCထံ တိုင်ကြားနိုင်ကြောင်းကို ပြည်သူအများစုက သိရှိခြင်း မရှိပေ။

“မီးနဲ့ပတ်သက်ပြီးတိုင်ရတယ်လို့ မကြားဖူးဘူး၊ တိုင်လို့ရရင်တော့ သွား ပြောကြည့်မယ်၊ မှတ်ပုံတင်ပေးဆိုလည်း ပေးမှာပဲ၊ ကိုယ်က မတရားတာမှ မဟုတ် တာ” ဟု ကော့သောင်းမြို့ အောင်သုခရပ် ကွက်နေ ဒေါ်တင်လှက ပြောသည်။
ယခင်က လျှပ်စစ်မီးအား ဆောင့် တက်ခြင်းကြောင့် တီဗီများပျက်စီးခဲ့ဖူးပြီး စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင် ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနထံ တိုင်ကြားနိုင်သည်ကို မသိရှိခဲ့ကြောင်း ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်နေ ဦးမင်းကိုက ဆိုသည်။
လျှပ်စစ်မီးပျက်သည့်အချိန်များ တွင် လုပ်ငန်းများရပ်နားထားရသည့် အတွက် နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေ ရပြီး ဝင်ငွေများ ဆုံးရှုံးနေရကြောင်း သရက်ချောင်းမြို့နယ် ကဇိရွာတွင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၄၀ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးက ဆိုသည်။

“နိုင်ငံခြားတွေမှာတော့ မီးဘယ် လောက်ပျက်ရင် ဘယ်လိုလျော်တယ် ဆိုပြီး ကြားဖူးတယ်”ဟု အဆိုပါ အမျိုး သမီးက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်က စားသုံး သူအကာအကွယ်ပေးရေးဥပဒေပါ သတ် မှတ်ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကြောင်း စစ်ဆေးတွေ့ရှိပါက သတိပေး ခြင်း၊ ပြင်းထန်စွာသတိပေးခြင်း၊ လျော် ကြေးပေးစေခြင်း၊ လုပ်ငန်းလိုင်စင်ကို ယာယီ(သို့)အမြဲတမ်း ပိတ်သိမ်းခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့အပြင် တိုင်ကြားသူက စားသုံး သူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ဆုံး ဖြတ်ချက်ကို မကျေနပ်ပါက တရားရုံး များတွင် တရားစွဲဆိုနိုင်ရန် ညွှန်ကြားပေး ခြင်းနှင့် မှတ်တမ်းတင်ထားခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရ သည်။

လက်ရှိ ထားဝယ်ခရိုင်တွင် လျှပ် စစ်မီးပြတ်တောက်မည်ဆိုပါက သုံးစွဲသူ ပြည်သူများအား အသိပေးအကြောင်း ကြားမှု အားနည်းကြောင်း ထားဝယ်မြို့ခံ အချို့က ဆိုသည်။
လျှပ်စစ်သုံးစွဲခ ပေးသွင်းရာတွင် သတ်မှတ်ရက်ကျော်လွန်သည့်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီက ဒဏ် ကြေးငွေ ကောက်ခံနေပြီး မီးပျက်ချိန်လုပ် ငန်းများ ရပ်နားထားရသည့်အတွက် ဆုံး ရှုံးနစ်နာမှုများကို ကုမ္ပဏီဘက်က တာ ဝန်ယူမှု တစ်စုံတစ်ရာမရှိကြောင်း ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက်နေ ဒေါ်မိုးမိုးသူက ပြောသည်။
“အများကြုံတွေ့နေရတဲ့ ကိစ္စဖြစ် နေတာ ဌာနကမတိုင်ဘဲနဲ့တောင် သိနေ တာ၊ တိုင်မှလုပ်မယ်ဆိုတာကြီးက မမိုက်ဘူး”ဟု ဒေါ်မိုးမိုးသူက ဆိုသည်။

တိုင်ကြားနိုင်သည့် CICC ရုံးခန်းများ
ထားဝယ်မြို့။ ။ ဈေးတောင်ဘက် လမ်း ဇရစ်ရပ်ကွက်။

ကော့သောင်းမြို့။ ။ အဏ္ဏ ဝါရပ်ကွက် တပ်ကုန်းလမ်းရှိ ယခင် ကုန်သွယ်ရေးရုံးနေရာ။

မြိတ်မြို့။ ။ ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်း။