ရေဒီယိုနေ့များနဲ့ ချောကလက် ရောင် တိပ်သား

0
902

အိမ်အောက်မှာ ကလေးနှစ်ယောက် အရုပ်လုရင်း ရန်ဖြစ်နေတယ်။
မီးဖိုချောင်ထဲ ချက်ပြုတ်နေရာက သူ့မိန်းမထွက်လာပြီး ကလေးတွေကို နားရင်းအုပ်၊ တိတ်ဖို့ ပြောတယ်။ အဲဒီ ပူညံ ဆူညံတွေအားလုံး သူနဲ့ဘာမှမပတ် သက်သလိုပုံစံနဲ့ ပက်လက်ကုလားထိုင် ပေါ်မှာ ဦးလေးဟာ ငြိမ့်လို့။
သူ့ဘေးမှာ ရေဒီယို။

“မာယာပရိယာယ် နှစ်သွယ်ယှက် လို့ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ . . . အသည်းလွှာမြေမဟီ . . . ဒေဝီဘုရင် မတစ်ပါး သင့်အား တုဘက်ပြိုင် ကျွန်တော်မျိုးတော့ဖြင့် မနိုင်ပါပြီ . . . ဆုံးရှုံးခြင်းသာ ရင်မှာပိုက်လို့ ငိုရှိုက်ကာ အဝေးပြေးရပါတော့မည် . . .” မျက်လုံး လေးမှိတ်၊ လက်ကစည်းချက်လိုက်ရင်း နှုတ်ခမ်းလေးတလှုပ်လှုပ်နဲ့ ရေဒီယိုက လာနေတဲ့ စန္ဒယားချစ်ဆွေသီချင်းကို မုဒ်အပြည့်နဲ့ လိုက်ဆိုနေတယ်။ ညနေ လည်းစောင်းပြီဆိုတော့ ရနေပုံပဲ။

ကလေးတွေ ကျောင်းတက်တာ အဆင်ပြေအောင်ဆိုပြီး ဦးလေးတို့မိသားစု အရင်နေတဲ့ ဆင်ဖြူ ပြင်ဆိပ်ကမ်းတန်း လျားကနေ ကျွန်တော်တို့ အိမ်မကြီးဘေး အဖီလေးဆွယ်၊ ပြောင်းလာတဲ့နေ့က တည်းက အိမ်ကို ရေဒီယိုရောက်လာ။ မိုးလင်းတာနဲ့ “သွေးပူလေ့ကျင့်ခန်းစလုပ် တစ်နှစ်သုံးလေး”ဆိုတာကနေစဖွင့်ပြီး သူအလုပ်သွားရင် ပိတ်သွား။ ညနေအိမ် ပြန်ရောက်တာနဲ့ပြန်ဖွင့်တာ အိပ်ချိန် အထိ။ စနေ တနင်္ဂနွေရုံးပိတ်ရက်တွေအပြင် သွားစရာမရှိလို့ကတော့ ဓာတ်ခဲအား နည်းပြီး တအီအီမဖြစ်မချင်း ရေဒီယိုက လာလာသမျှ နားဆင်ကြပေရော့။

ဦးလေးရဲ့ရေဒီယိုကောင်းမှုနဲ့ ကျွန်တော်လည်း”မောင်နှမလေးတို့ရေ”ပုံပြင်တွေ ကြိုက်တတ်လာ၊ “ဓာတ်ဆီ ဓာတ်ဆံ” ပြက်လုံးတွေ၊ “ရေနံချောင်းက ဖေကံကောင်း”လို ဟာသဇာတ်လမ်းတွေ သဘောခွေ့လာ၊ နောက်ဆုံး ရေဒီယိုက မကြာခဏ လွှင့်တတ်တဲ့ သီချင်းတွေကို နားရည်ဝပြီး “ပန်းကလေးလိုလှနေတာပဲ ကြည့်နေချင်သည် ပန်းကလေးလို ညှိုး မှာကိုလည်း စိုးရိမ်မိသည်” “လှပါတယ် မေရယ် ကြည့်လို့မ၀တဲ့ ကိုယ့်မျက်လုံး ထဲဝယ် ယဉ်ယဉ်ကျေးကျေးအသွေးလှ ခြယ် ရှုမ၀မဆုံးတယ် ကိုယ့်ချစ်သူထက် လှတယ်ဆိုတာ မရှိရိုးထုံးစံရယ်”ဘာညာ လိုက်အော်ဆိုတတ်လာခဲ့တာပေါ့။
တိုင်းနဲ့ပြည်နယ် ဘောလုံးပွဲတွေကျ တော့ အိမ်မှာနားထောင်ရတာ ဖီးလ်မ လာဘူး။“စံပြဆံသ”ဆိုတဲ့ ဦးတရုတ်မဲ ဆိုင်သွားပြီး လူကြီးတွေကြား ဝေဖန် လေကန်တာတွေ နားထောင်လို့ရအောင် သွားရောတယ်။ ကိုယ်အားပေးနေတဲ့ တနင်္သာရီတိုင်းက ဂိုးသွင်းပြီဆို တစ်ရပ် ကွက်လုံး အုံးကနဲ့ဖြစ်အောင် “ဂိုး”လို့ လက်သီးလက်မောင်းတန်းပြီး အုပ်လိုက် ကြီး ထအော်လို့လည်း ရတာကိုး။

ကက်ဆက်တွေပေါ်လာပြီး သိပ်မ ကြာ၊ လစာထုတ်ရက်တစ်ရက်မှာ တိတ် ခွေထည့်ဖွင့်ရတဲ့ အုန်းလီးကက်ဆက် တစ်လုံး “မ”ပြီး ဦးလေးအိမ်ပြန်လာတယ်။ အဲဒီညက သူ့မိန်းမနဲ့ ကတောက်ကဆ စကားများကြပေမယ့် ဘယ်သူက ဘယ်သူ့ ကို ဘယ်လိုချော့လိုက်မှန်းမသိ။ မနက်ကျ တော့ ဒုံရင်းဒုံရင်းပဲ။ နဂိုက သီချင်းကြိုက် တတ်တဲ့ ဦးလေးဟာ ရေဒီယိုအပြင် ကက် ဆက်ကလေးနဲ့ဖြစ်လာတော့ မြင်းကိုချိုတပ်ပေးလိုက်သလိုပေါ့။

“(ရွဲကုန်သည်လာပြီဗျ ခင်နှမတို့ ဆင်သဖွယ်ရာ) (အသွင်လှတဲ့ ရွဲတွေပါ ကဲလေဗျာ ဝယ်ထား) ရွှေမန်းတင်မောင်ရဲ့ “ရွဲကုန်သည်”ဇာတ်ထုပ်၊”အဝတ်အစား ပြောင်ပြောင်ရောင်ရောင်ဝတ်တိုင်းသာ ပညာတတ်သတ်မှတ်ရမယ်ဆိုရင်၊ ဒီခေတ် မှာ မှောင်ခိုချနေသူတွေအကုန် ပိဋကတ် အိုးကွဲကုန်မှာပေါ့”ဘီအီးဒီ အောင်သိုက်ရဲ့ “မရွှေအထက်တန်းစား”၊
“ဟဲဟဲဟဲ ဒီမယ်ဦးဘချစ် ခင်ဗျား တို့ဗိုလ်အောင်ဒင်ရဲ့ ခန္ဓာကိုယ်နဲ့လက် တွေကိုဖမ်းလို့ လက်ထိတ်ခတ်လို့ရပေ မယ့် ဗိုလ်အောင်ဒင်ရဲ့နှလုံးသားနဲ့ အင်မ တန်ကြီးမားတဲ့မေတ္တာကိုတော့ ဖမ်းလို့ လက်ထိတ်ခတ်လို့ရမယ်လို့တော့မထင် နဲ့နော်ever try that! Never try that ဘယ်တော့မှမရဘူး ဟား ဟားဟားဟား” ကောလိပ်ဂျင်နေဝင်းရဲ့ မထီတရီလေသံနဲ့ “ဗိုလ်အောင်ဒင်”
အရက်သမားဖူးစာ၊ နေနှင့်လနှင့် ကုမုဒြာ၊ ဖေဖေဦးလေးကြီး၊ အဖေလူမိုက် သားလူမိုက်၊ ချစ်တောင်ပြုံး၊ စိုးမိုးမေတ္တာ၊ မြညိုချစ်သော ကိုရင်ဩ၊ ယောက္ခမကြီး ရေးတဲ့ဖူးစာ၊ ငါလိုယောက်ျားပြဿဒါး မရှိ၊ စမ်းချင်သလိုစမ်း မောင်ဘဂျမ်း။
ကောလိပ်ဂျင်နေဝင်း၊ တွံတေးသိန်း တန်၊ သုမောင်၊ ပန်းချီလေးဝင်း၊ အသံ မင်းသားနိုင်လင်း၊ ဘီအီးဒီအောင်သိုက်၊ ဓာတ်ပြားအဆို ကျော်မင်းဇော်ဦး၊ အကယ်ဒမီထွန်းဝေ၊ မြတ်လေး၊ ချိုပြုံး၊ ဝါဝါဝင်းရွှေ၊ ဓနုဖြူ ကြည်ကြည်သိန်း၊ ညွန့်ညွန့်ရွှေ၊ ဆွေဇင်ထိုက်၊ အကယ်ဒမီ နွဲ့နွဲ့မူ၊ ဒေါ်ခင်လေးဆွေ၊ ဒေါ်မေနွဲ့၊ ဒေါ်နှင်းဆီ၊ အကယ်ဒမီအံ့ကျော်၊ စိုးရွှေ၊ ကေတုမတီမျိုးအောင်၊ ဂီတစာဆို မောင်ကြေးမုံ။

အသံဇာတ်လမ်းတဲ့။ အပြောဇာတ် တဲ့။ တစ်နေ့(၁)ခွေ၊ တစ်ပတ်ဇာတ်လမ်း (၇)ပုဒ်။ အခွေနားထောင်ဖို့ “အားအိုး သွားရွေးပေးစမ်း”ဆိုလာလို့ကတော့ ကျွန် တော်ခြေထောက်တွေ ဘယ်တော့မှမနှေး၊ ဘက်ထရီအားသွင်း။ အငှားဆိုင်ဆီသွက် သွက်ကလေး အပြေးတပိုင်းလှမ်းတော့ တာ။

မှန်ဘီဒို၊ ရှိုးကေ့စ်ကြီးတွေပေါ်မှာ နေ့တိုင်းကြက်မွေးနဲ့ ဖုန်သုတ်ဖုန်ခါ၊ ဘော်ဒီကာဗာအဝတ်စလေးအုပ်ပြီး တယု တယထားတတ်ကြတဲ့ ကက်ဆက်ထဲ ကထွက်လာတဲ့ “ရဝေ ရဝေ အိုမြိုင်စောင်း မှာလ ဥဒေါင်းတွေတွန်သံတွန်သံကြား ရင်” “ပုစွန်ဆိတ်ကလေး ဘယ်လိုငယ် ငယ် ပင်လယ်ကူးတတ်တယ်” “တာဝတိံ သာက နတ်သမီးလေးတစ်ပါး နတ်သက် ကြွေကာ မြန်မာပြည်မှာ လူဖြစ်ပြီးတော့ မွေးဖွားလာတယ်” “ချိန်ခါဆည်းဆာ မြစ်ဧရာပေါ် ပျံကာဝဲကာ ငှက်ရွှေစင်ရော်””မျှော်သာမျှော်သည် မယုံကြည်ရင်မှာ ဝေဒနာပွင့်ခက်ဝါနီ” “နှစ်ကိုယ်ယှဉ်တွဲ ပျော်မြူးမယ့် ဒီပွဲရဲ့လက်ထပ်မင်္ဂလာ” “သီချင်းလေးသေရင် လိုက်လို့သေမယ် စတီရီယို သီချင်းလေးများ စည်းကလေးနဲ့ ခြား တားမြစ်မယ်လား”ယုဇနပင်ပန်းတွေ ကြားကိုကြည့်တယ် ယုံတောင်မယုံနိုင်ပါ ပြီကွယ် အား..ခေါင်းမှာ စည်းတဲ့ဖဲကြိုး အဝါတွေ”—– ။

အဓိပ္ပာယ်ဘာရယ်ညာရယ် အသေ အချာမသိသေးပေမယ့် မိုနို၊ စတီရီယို ဘာလာလာ၊ သီချင်းသံကြားရင် ကက် ဆက်အနားက မခွာချင်ပြီ။
ရပ်ကွက်ထဲ မင်္ဂလာဆောင်ရှိရင် “တူနှစ်ဖြာဂဟေဆက်လို့ သွေမကွက်တဲ့ မေတ္တာ”၊ နာရေးအိမ်တချို့ဆီက ကြာနီ ကန်တရားနဲ့ ဘ၀သံသရာ၊ ဒီဇင်ဘာ အားကစားလ စနေ တနင်္ဂနွေရက်တွေမှာ “စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့ တင်းတောင်တင်း တောင်”၊ “ပျော်မဆုံး မော်မဆုံး တပြည် လုံး ဘောလုံးကစားကြမည်”၊ ပြေးနေ လွှားနေ၊ အာလူးကောက်နေ၊ ခေါင်းအုံး ရိုက်နေ၊ဂုံနီအိတ်စွပ်နေ၊ မုန့်ကိုက်နေတုန်း ဖွင့်ပေးတဲ့ ဗိန်းမောင်းသံနဲ့ ကျွန်တော်တို့ ခပ်ငယ်ငယ် ပြည်သူ့ဆန္ဒခံယူပွဲတုန်းက အောင်ကိုလတ်ရဲ့ “မဲရုံမဲရုံကိုလာ”နဲ့ နွေ ရောက်ရင် ကြားရမြဲ “ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ် သူ့မှ မထောက်ပါ”လို ပေါ်လစီသီချင်း တွေကို လော်တွေစပီကာတွေကနေ ကြား ခဲ့ကြရတယ်။

၅တန်းတက်နေတုန်း နှစ်လယ် လောက်မှာ ကညုံထဲ မိသားစုပြောင်းနေ ကြတော့ ဦးလေးရဲ့ရေဒီယို၊ ကက်ဆက် တွေနဲ့ဝေးသွားပေမယ့် မနက်ခင်းနဲ့ ညနေ ပိုင်း ဘီဘီစီ၊ ဗွီအိုအေသတင်းတွေ ပုံမှန် ဖွင့်နားထောင်တတ်တဲ့ ဆင်နှစ်ကောင် မုန့်တိုက်အိမ်က ဦးလူကြီးရဲ့ ရေဒီယို အသံကို ကြားရပြန်ရော။ မြန်မာ့အသံက စံတော်ချိန်တီးလုံးအပြီး “သတင်းများကို ကြေညာပါတော့မယ်ရှင်”ဆိုတာနဲ့ ရေဒီ ယိုအနားကနေ ဖုတ်ဖက်ခါထလစ်တတ်တဲ့ အရွယ်ငယ်ငယ်မှာ သတင်းဟာ ပျင်းစရာ လို့ပဲ ထင်ခဲ့တာ(၈၈)အရေးအခင်းဖြစ် ခါနီးကျမှ အဲဒီအမြင်ပြောင်းတော့တယ်။

လူကြီးတွေကြားဝင်စပ်စုပြီး ကြား ရတဲ့ သတင်းတွေ၊ သူတို့ဖွင့်နားထောင်ကြ တဲ့ နိုင်ငံခြားအသံလွှင့် သတင်းတွေကနေ ကိုယ်တစ်ခါမှ မကြားဖူးတဲ့ သတင်းမျိုး တွေကြားရ၊ ငွေစက္ကူ တရားမဝင်ကြေညာ၊ တက္ကသိုလ်ကောလိပ်တွေပိတ်၊ ကျောင်း သားတွေ၊ လုံထိန်းတွေ၊ လက်သီးဆုပ် တွေ၊ တောက်ခေါက်သံတွေ၊ သွေးတွေ၊ ကြွေးကြော်သံတွေ၊ နံပါတ်တုတ်တွေ၊ သေနတ်တွေ။

သတင်းဟာ စိတ်ဝင်စားစရာဖြစ်ခဲ့ပါ ပြီ။ အိမ်မှာ ပူဆာပြီး ဦးစန်းမျှော်ဆိုင်ကနေ ဟီတာချီတံဆိပ်ရေဒီယိုကက်ဆက်တစ် လုံးဝယ်၊ အိမ်နားက စိုးဘက်ထရီ၊ ကရပ် ပြင်လမ်းဆုံနားက သန်းရွှေဘက်ထရီ၊ ဌေးဝင်းဘက်ထရီ တစ်ဆိုင်ဆိုင်က ဘက် ထရီအိုးငှား၊ ပိတ်ထားတဲ့တံခါးကို သတင်း တွေနဲ့ တွန်းဖွင့်တတ်ခဲ့ပြီ။ စစ်အစိုး ရခေတ်တလျှောက်လုံး “ဘီဘီစီညာ နေသည်”၊ “ဗွီအိုအေလိမ်နေသည်” “အာရ်အက်ဖ်အေ ရန်တိုက်ပေးနေသည်” “မိုးလုံးပြည့်မုသာဝါဒများ သတိထား” “လေလှိုင်းထဲက လူသတ်သမား” စတာ တွေနဲ့ တန်ပြန်ဝါဒဖြန့်၊ အုပ်စုဖွဲ့ပြီး ရေဒီယိုနားထောင်ရင်ပဲ အပြစ်ရှိသလိုလို၊ ရေဒီယိုလိုင်စင် မလုပ်ဘဲဖွင့်ရင် အဖမ်း ခံရမလို အနည်းနည်းအဖုံဖုံနဲ့ ပိတ်ပင် တားဆီးဖို့ ကြိုးစားကြပေမယ့် နိုင်ငံရေး စိတ်ဝင်စားသူတွေကတော့ အကြောက် တရားကို နောက်ထားပြီး သတင်းအမှန် တွေ သိရဖို့ တင်းခံခဲ့ကြတာပါပဲ။

တိတ်ခွေခေတ်စားတော့ အခွေ၊ အရောင်းအငှားဆိုင်တွေ၊ တေးသံသွင်း၊ တေးသံကူးဆိုင်တွေလည်း အလျှိုလျှို ပေါ်လာတယ်။ ဗိုလ်ချုပ်လမ်း ဦးအခွမ်း အိမ်က “ပုဂံတေးသံသွင်း”ဦးစိန်ကျရဲ့ ဆန်းသစ် ဇာတ်ပွဲအိမ်မှာ “ကံ့ကော်တေး သံသွင်း”၊ သင်္ဘောဆိပ်ရွာလယ်လမ်းမှာ “ဆိုနီတိပ် ရီကော်ဒါ”၊ အာဇာနည်လမ်း ဈေးကြီးတဝိုက်မှာ “တေးရိပ်သာ”၊ “ညိုညို” ၊ ညောင် ပင်ကြီးလမ်းမှာ “New wave”၊ လေယာဉ်ရုံးရှေ့ (အခု ပထမ ပုဂ္ဂလိကဘဏ်)ရှေ့မှာ “စပယ်ဦး”၊ နိဗ္ဗာန်လမ်းက “ဆောင်းသဇင်” နဲ့ မှတ်ဥာဏ်ထဲပြန်ပေါ် မလာတော့တဲ့ ဆိုင်များ။ ဟိုခွေ ဒီခွေတွေထဲက ကိုယ်ကြိုက်တဲ့သီချင်းတွေ စုပြီး ရွေးကူးတာမျိုးကိုလည်း တချို့တေးသံ သွင်းဆိုင်တွေက လုပ်ပေးတယ်။ အခွေ နှစ်ခွေထည့်လို့ရတဲ့ဗိ ကက်ဆက်ထဲ ဟိုဘက်တစ်ခွေ ဒီဘက်တစ်ခွေထည့် အမြန်ရစ်ပြီးလည်း ကက်ဆက်ရှိတဲ့ သူငယ်ချင်းဆီမှာ ဆိုင်ကငှားလာတဲ့ အခွေကို ပွားကူးပြီးလည်း နားထောင်ခဲ့ ကြတယ်။ မူရင်းခွေလိုတော့ အသံအရည် အသွေး မပြည့်ဘူးပေါ့။

စီခြောက်ဆယ်တိပ် အလွတ်တစ် ခွေဝယ်၊ ကက်ဆက်ထဲထည့်၊ ဂစ်တာ အသေအချာကိုင်၊ လည်ချောင်းတွေဘာ တွေရှင်း၊ ရီကော့ဒင်းခလုတ်အနီနဲ့ ပလေး ခလုတ်တွဲနှိပ်ပြီး စိုင်းထီးဆိုင်ရဲ့”အချစ် အတွက်တဖန်မွေးဖွားခြင်း”သီချင်းကို ဆိုတီးလေးလုပ် အသံသွင်းကြည့်ဖူးတယ်။ စကားပြောသံတွေ၊ ငရုတ်ဆုံထောင်းသံ တွေ၊ တဟေ့ဟေ့ တဟဲ့ဟဲ့ ငေါက်သံငန်း သံတွေပါမှာစိုးလို့ အိမ်ကလူကြီးတွေ နေ့လယ်နေ့ခင်း တရေးတမောအိပ်ချိန် လေးရွေးသွင်းတာ။ ပြန်လည်းဖွင့်နား ထောင်ကြည့်ရော “နေမင်းရဲ့ အလင်း ရောင်သည်လည်း . .(အောက်အီးအီး အွတ်) . . မနေ့ကနဲ့မတူ(ညောင် . . ညောင် . . )မနေ့ကလို မပူတော့ပြီ (ဝုတ်ဝုတ် . . ဝုတ်ဝုတ်) အားသစ်အင် သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ ငါသည် (ဟဲ့ခွေးရှူး သွားသွား) အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ(ကိန် . . ကိန် . . အိုင်) “ဆိုပြီး ကြက်တွန်သံ၊ ကြောင်အော်သံ၊ ခွေးဟောင်သံခွေးမောင်းသံ၊ ခဲနဲ့အထုခံရ လို့ တကိန်ကိန်အော်ပြေးတဲ့ ခွေးသံတွေနဲ့ ရီစရာဖြစ်ခဲ့ရဖူးတယ်။

လူပျိုပေါက်အရွယ်တုန်းက လက် ဖက်ရည်ဆိုင် ဖင်ကျောက်ချထိုင်ကြတယ် ဆိုတာ လက်ဖက်ရည် တကယ်ကြိုက်တဲ့ သူကနည်းနည်း၊ ဆိုင်က အမ်ပလီဖိုင် ယာတွေ၊ ဆောင်းဘောက်ကြီးတွေနဲ့ ကြည်ကြည်လင်လင် မြိုင်မြိုင်ဆိုင်ဆိုင် ကြားရတဲ့ သီချင်းတွေ နားထောင်ရင်း အချိန်ဖြုန်းချင်ကြတာက အများစု။ အဲဒီ တုန်းက နာမည်ကျော်လူကြိုက်များကြတဲ့ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ခင်ဝမ်းစတဲ့ အဆိုတော်တွေရဲ့ စီးရီးသစ် တွေထွက်ထွက်ချင်း ဖွင့်ပေးနိုင်တဲ့ ဆိုင် ဆို ငွေရေးကြေးရေးအရ အမြတ်များများ ရမရတော့မသိ၊ လူကတော့ကျပြီးသားပဲ။

ရပ်တော်မူဘုရားနားက ကိုငွေသိန်း ရဲ3K ၊ ရွှေတောင်စားဘုရားလမ်းက ကိုမိုးရဲ့လဝန်းန္ဒီ၊ ဆန်းချီထဲက ကိုသားလေးတို့မိသားစုဆိုင် စသဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင် ရွှေ့ထိုင်ပြီး သီ ချင်းတွေ နားထောင်ကြတယ်။ ကိုယ် နားထောင်ချင်တဲ့ သီချင်းနားရောက် အောင် ရေးနိုးဘောပင်လေးနဲ့ တိပ်ခွေကို ရစ်ထားပြီး ဖွင့်ခိုင်းခဲ့ကြဖူးသလို လွတ် လပ်ဖြူစင်တဲ့ ငယ်ဘ၀ပြန်ရောက်အောင် ပစ္စုပ္ပန်တိတ်သားကို အခုလိုပြန်ရစ်ပြီး အတိတ်မြက်ခင်းစိမ်းဆီ ပြန်သွားဖို့
“ဘ၀နုပျိုစဉ် အချိန်ကာလများ
ကွင်းပြင်ကျယ်တွေ ငါဟာဖြတ် သန်းရင်းကြားတယ်
ရေဒီယိုသီချင်းလေးတစ်ပုဒ်ကို …
အလင်းရောင်တွေကို ချည်နှောင် တဲ့ကြိုး
ကောင်းကင်ပြာဆီ အတောင်ပံခတ် တုန်းကြားတယ်
ရေဒီယိုသီချင်းလေးတစ်ပုဒ်ကို . .
လမ်းတွေထက် ပူလောင်မြိုက်ရင်း
အားအင်အတွက် ဒီသီချင်းပဲ
အခုထိအလွတ်ရနေတော့လည်း ရင် မှာ အသည်းကွဲရေဒီယိုသီချင်းလေးရှိ တယ်”လို့ ကိုညီထွဋ်ရဲ့ “အသည်းကွဲ ရေဒီယို”သီချင်းလို ရေဒီယိုနေ့များနဲ့ ချောကလက်ရောင်တိပ်သားများကို လွမ်း ဆွတ်လိုက်ပါရဲ့။ ။