မိသားစုအတွက် အချိန်တွေပေးပါ

၁။
အမှတ်အရဆုံးက ကျွန်တော် ခြောက်တန်း၊ ကျွန်တော့်ညီအလတ်က လေးတန်း၊ နွေရာသီ ကျောင်းပိတ်တော့ နွေကျောင်းပိတ်ရက်အတွက် ကျွန်တော် တို့ကို အဖေက လမ်းနှစ်သွယ် ရွေးခိုင်း တယ်။ စက်ပြင်ဝပ်ရှော့နဲ့ တရုတ်ကုန်စုံ ဆိုင် ကြိုက်တာရွေးတဲ့။ ကုန်စုံဆိုင် အရောင်းစာရေးဝန်ထမ်းအနေနဲ့ နွေရာသီ မှာ အလုပ်လုပ်မလား၊ စက်ပစ္စည်းပြင်တဲ့ ဝပ်ရှော့မှာ စက်ပြင်ပညာ သင်မလား ရွေးခိုင်းတာပဲ ဖြစ်တယ်။ အမှန်က အဖေ့ဆိုင် မှာ ဈေးကူရောင်းဖို့ ခေါ်ရင်လည်းဖြစ်ပေမဲ့ သူတစ်ပါးအလုပ် လုပ်ဖူးအောင်၊ လုပ် တတ်အောင် အလုပ်လုပ်ခိုင်းတာလို့ ပြော ပြတယ်။ ကျွန်တော်တို့အဖို့က အဲသည် အချိန်က အတွေးဝင်္ကဘာမှာ အဖေ ရက်စက်လိုက်တာလို့တော့ တွေးမိသပေါ့ လေ။

အဖေ့မိတ်ဆွေဆိုင်မှာ အပ်ပေးတာ သက်သာခိုဖို့ မဟုတ်ဘူး။ အလုပ်ကို အ လုပ်လို လေးစားတတ်၊ တန်ဖိုးထားတတ် အောင် ပညာပေးတာပဲဖြစ်တယ်။ အဖေ့ ဘက်က ငါ့သားသမီးကို အခွင့်အရေးပေး ပါ၊ ပါစားပေးပါလို့ သူ့သူငယ်ချင်းကို မတောင်းဆိုပါဘူး။ စည်းကမ်းနဲ့ သူ များဆီမှာ အလုပ်လုပ်တတ်တဲ့ အလေ့ အကျင့်ရဖို့ကိုပဲ အဖေတောင်းဆိုခဲ့ပါ တယ်။ သိပ်မကြာပါဘူး။ ဆိုင်ရှင်က ကျွန်တော်တို့ကို မနက်ဆို အစောကြီး ဆိုင်သော့ကိုအပ်လို့ ဆိုင်ရှင်တွေ၊ ဝပ် ရှော့ဆရာတွေရဲ့ စိတ်ချယုံကြည်မှုကို ကျွန်တော်တို့ ရခဲ့ကြတယ်။ အဲသည် နွေ ကျောင်းပိတ်ရက်တွေကရခဲ့တဲ့ ကျွန်တော် တို့တွေရဲ့ ချွေးနည်းစာနဲ့ လုပ်အားခက အတော် ချိုမြိန်တာပဲပေါ့လေ။

အဲသည် ကျောင်းပိတ်လေတိုင်း အလုပ်လုပ်ခဲ့ရတဲ့ အကျိုးကျေးဇူးက များလှ ပါတယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ အလုပ်ကို တန်ဖိုးထားတတ်ရုံမက အောက်ခြေ အလုပ်သမားတွေရဲ့စိတ်နဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာနာတတ်တဲ့ အလေ့ပါ ရသွားခဲ့ပါတယ်။
ပြီးလျှင် မပြောမဖြစ်တဲ့ ပရော်ဖက် ရှင်နယ်စိတ်ဓာတ်ကို အဲသည်အလုပ်က ရိုက်သွင်းသွားတယ်။ ကိုယ့်အတွက် အတော်ခက်ခဲတဲ့အလုပ်ဖြစ်စေကာမူ ရေ သာခို အချောင်လိုက်လို့ ကိုယ့်ဘာသာ ကိုယ်နားဖို့ရာ အခွင့်အရေး မယူခိုင်း တတ်ဘူး။ မလွဲသာမရှောင်သာ နေမကောင်း မှသာ ခွင့်ယူခိုင်းတတ်သလို အလုပ် အပေါ်လည်း သစ္စာရှိဖို့ အဖေ အမြဲ မှာ တတ်တယ်။ နဂိုရ်ကတည်းကိုက တာဝန် ကျေလိုစိတ်နဲ့ အလုပ်ကို လေးစားတတ် တဲ့အတွက် ကျွန်တော်တို့ညီအစ်ကိုတွေ ခွင့်မယူဘဲ၊ မခိုဘဲမကပ်ဘဲ အလုပ်ကို အလုပ်လို လေးလေးစားစား လုပ်တတ် တဲ့အလေ့ အဲသည်အချိန်ကနေ ရသွား ခဲ့တယ်။

၂။
ညနေ ထမင်းဝိုင်းကို အဖေတခုတ် တရအချိန်မီအောင် ပြန်လာတတ်ပါ တယ်။ ဘယ်လောက်ပဲ အလုပ်တွေများ များ အဲသည် မိသားစု ထမင်းဝိုင်းလေးကို သိုက်ဝန်းအောင် ဖန်တီးတတ်တယ်။ အဲ သည်ထမင်းဝိုင်းမှာ ကျွန်တော်တို့ မစား တတ်တဲ့ ဟင်းဆိုတာ မရှိရအောင် အကုန် စားဖို့ သင်ခိုင်းတတ်တယ်။ စစ်ဖြစ်လာ လို့ ရှားပါးရင် ထမင်းမငတ်အောင် ဘာ အစားအစာဖြစ်ဖြစ် စားတတ်ဖို့ အဖေ သင်ပေးတတ်ပါတယ်။ နောက် ထမင်း စားရင်း ထမင်းနဲ့ဟင်း ဖိတ်တာမျိုးကို အဖေမကြိုက်ပါဘူး။ ဆန်ဆိုတာ တစ်စေ့ ချင်းရလာဖို့ လယ်သမားဦးကြီးတွေ လယ်ထဲမယ် ဘယ်လောက်အထိ ရုန်း ကန်ကြိုးစားရလဲဆိုတဲ့ ဆုံးမစကားတွေနဲ့ ကျွန်တော်တို့ကို ပဲ့ပြင်ဆုံးမတတ်ပါတယ်။ ပြီးတော့ အဲသည် ထမင်းဝိုင်းမှာ အဖေ သူ့ကိုယ်တွေ့တွေကစလို့ သူ့အတွေး အခေါ်နဲ့ ခံယူချက်၊ သူ့ဘ၀ဇာတ်ကြောင်း တွေကို ပြောပြဆုံးမတတ်တယ်။
မှတ်မှတ်ရရ အဖေ့တရား မနာချင် ပါဘူးဆိုတဲ့ အဒေါ်ငယ်တွေက ဗျစ် တောက်ဗျစ်တောက်လုပ်သလောက် ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင် လောက်တဲ့ ဗဟုသုတ ဟင်းအိုးကြီးသဖွယ် အဖေ့မိသားစုထမင်းဝိုင်းလေးကို လေး လေးစားစား တောင့်တမိတတ်သလို သည်နေ့အထိလည်း တမ်းတမိပါတယ်။

နောက် ထမင်းစားရင်း စာအုပ်ဖတ် တာတို့ အခြားအလုပ်လုပ်တာတို့ အဖေ မကြိုက်ပါဘူး။ သည်နေ့ရော သည်လို မိသားစုလက်ဆုံစားကြတဲ့ ထမင်းဝိုင်း တွေ ရှိကြတုန်းပဲလား။ ခေတ်နဲ့စနစ်အ ပြောင်း မိသားစုလေးငါးယောက်မျက်နှာ ချင်းဆိုင် ဆုံကြဖို့ မလွယ်တဲ့ကြား ထမင်း စားတဲ့အခိုက်လေးမှာသော်မှ ဖုန်းတွေ ပွတ်လို့ နေကြပြီလား။ တွေးစရာရယ်။

၃။
ကိုးတန်းရောက်လာတော့ အရပ်ထဲ က ကာလသား၊ ကာလသမီးအနေနဲ့ အရပ်အလုပ်တွေ အရပ်အလှူတွေမှာ ကူညီကြရပါတယ်။ အများနဲ့လုပ်တတ်တဲ့ အလေ့ရဖို့ အဖေကိုယ်တိုင်ကပဲ အဲသည် အလုပ်တွေ လုပ်ခိုင်းတယ်။ ရပ်ကွက်ထဲ ကာလသား၊ ကာလသမီးတွေ ပူးပေါင်း အလုပ်လုပ်တတ်တဲ့ အလေ့အကျင့်ကို အဲသည်အလှူပွဲတွေမှာ ကူရင်းက ရခဲ့သ လို၊ ကိုယ့်ဘက်ကလည်း ကိုယ့်အလုပ် ကိုယ့်တာဝန်ကို “ရှိန်မနေပါဘဲ ကြွပါ ခင်ဗျ”၊ “သုံးဆောင်ပါခင်ဗျ”၊ ဘာလိုအပ် ပါသေးလဲခင်ဗျကစလို့ ချိုသာတဲ့စကား ပြုံးလျက် စေတနာထားတဲ့ စိတ်ဓာတ်တွေ နဲ့ဝန်ဆောင်မှု ပေးလာတတ်ဖို့ အဲသည် ပွဲတွေကနေ အသိနဲ့ပညာကို ရပါတယ်။

Service Provider အဖြစ် ဝန် ဆောင်မှုပေးရင်လည်း ပီပီပြင်ပြင် မာန်မာနကို ခဝါချလို့ “မင်းဘာကောင် ငါဘာကောင်”ဆိုတာမေ့ပြီး ရိုင်းပင်း စိတ်နဲ့ အလုပ်လုပ်တတ်တဲ့ အလေ့ကို အဲသည်က ရပါတယ်။ အပိုးကျိုးဖို့ အဖေ ဆုံးမတယ်။
“ငါ့သား၊ အရပ်အလုပ်ဆိုတာက ပရဟိတအလုပ်ပါပဲ။ အတ္တဟိတ အလုပ် တာဝန်တွေပြီးပါမှ တာဝန်ကျေပြီးပါမှ အဲသည် ပရဟိတအလုပ်ဆိုတာ အဓိပ္ပာယ် ရှိတယ်ကွယ့်။ မင်းအိမ်က ဆန်အိုးမှာ ဆန်မပြည့်ဘဲ အဲသည် အရပ်အလုပ်တွေ ချည်း လုပ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ဆိုတာ မမေ့နဲ့။ ကိုယ့်ဝမ်းဝ ခါးလှအောင် အလုပ်ကိုလုပ်ပါ၊ အချိန်ရရင် ပရဟိတ အလုပ်ကို လုပ်ပါကွယ်”လို့ အဖေက ဆို တယ်။

ဆိုလိုတာက ပရဟိတအလုပ်ကနေ ရစေလိုတဲ့ အလေ့အကျင့်တွေ ရအောင် သင်ပြီး ဖြစ်သင့်တာကို ဆိုဆုံးမဖို့ရာ အဖေ မပျက်ကွက်ခဲ့ပါဘူး ။ မိမိအသက် မွေးဝမ်းကျောင်းအလုပ်နဲ့ အရပ်အလုပ်မှာ အရေးကြီးတာကို ရွေးတတ်ဖို့ အဖေဆုံး မဖို့ရာ မပျက်ကွက်တတ်ပါဘူး ။ မိမိရဲ့ အသက်ကိုမွေးပြီးဝမ်းကိုကျောင်းတဲ့ အလုပ်အပေါ် တာဝန်ကျေတတ်ဖို့ အဖေ ဆုံးမပါတယ်။

၎။
နောက် အရာရာတိုင်းမှာ လေ့လာ သင်ယူတတ်တဲ့ စိတ်ဓာတ်ရှိဖို့ အဖေ ရိုက်သွင်းခဲ့တယ်။ ကျွန်တော်တို့ ငယ် ငယ်က အရပ်ရေတွင်းမှာ ရေဆင်းချိုးကြ ရတယ်။ ရေချိုးဖို့သွားတဲ့လမ်းတစ် လျှောက်က ခြေတန်ရှည်အိမ်တွေရဲ့ အိမ် တိုင်လေးတွေကို ရေတွက်ရင်း အဖေ ဂဏန်းသင်္ချာကို သင်ပေးတတ်တယ်။ ကျွန်တော်လေးနှစ်အရွယ် မူကြိုမနေရ သေးပေမဲ့ သူငယ်တန်းဖတ်စာအုပ်ကို ကျွန်တော် အစအဆုံး ကျေညက်နေသည် အထိ အဖေကျွန်တော့်ကို အချိန်ပေးခဲ့ တယ်။ နောက် မူလတန်းရောက်လာတော့ ပန်းကမ္ဘာစက်ဘီးလေးနဲ့ ဈေးလမ်းက စန်းမာလာစာပေကို အပတ်တိုင်းသွား ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ တို့ ကျောင်းသားစာစောင်လေးတွေ ဝယ်ဖတ် ဖို့ အဖေမပျက်မကွက် စာအုပ်ဖိုးပေးပြီး စာဖတ်ဝါသနာကို သွင်းပေးခဲ့တယ်။ စာ ဖတ်တတ်လာတဲ့အခါမတော့ စာကို အစွဲ ထားပြီး မနားမနေဖတ်တာထက် အချိန်နဲ့ ဖတ်တတ်ဖို့ တစ်ဖန်အဖေပြန်ဆုံးမပြန်ပါ တယ်။

၅။
ခု အဖေဆုံးခဲ့တာ ငါးနှစ်ရှိခဲ့ပြီ ဖြစ် ပေမဲ့ အဖေရဲ့ဆုံးမစကားနဲ့ စည်းကမ်း တွေကြောင့် ကျွန်တော်ဘယ်နေရာ ရောက်ရောက် မျက်နှာမငယ်ရ အောက် မကျို့ရပါဘူး။ အစိုးရအမှုထမ်းသက် ဆယ်နှစ်ကျော်ကျော်မှာ အချိုးကွေ့နဲ့ အလုပ်တာဝန်တွေ၊ နေရာဒေသတွေ အစုံအလင်ရောက်ခဲ့သလို မတူကွဲပြားတဲ့ အလုပ်တာဝန်ပေါင်းစုံကို ထမ်းဆောင် ရပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘာအလုပ်ပဲလုပ်လုပ် အလုပ်ကိုအလုပ်နဲ့ တူအောင်လုပ်နိုင်တဲ့ အလေ့အကျင့်တွေ အဖေ့ဆီက ရခဲ့လေတော့ ဘယ်အလုပ်မှာ မဆို လူလိုသူလိုလုပ်ဆောင်တာဝန်ယူ နိုင်ခဲ့တာချည်းပါပဲ။

အဲသည်လို လုပ်ဆောင်တတ်တဲ့ အလေ့အကျင့်နဲ့ တာဝန်ယူတာဝန်ခံ တတ်တဲ့ စိတ်ဓာတ်ကို ဟိုးငယ်စဉ်က တည်းကိုက ရိုက်သွင်းပေးခဲ့တဲ့ အဖေ့ရဲ့ ဆုံးမသွန်သင်ပဲ့ပြင်မှုတွေကြောင့်ရယ် လို့ ဆိုရပါမယ်။
မိတ်ဆွေရော၊ မိသားစုစိတ်ဓာတ် လေးနဲ့ အချိန်လေးပေးပြီး မိမိတို့ရဲ့ အလုပ်ချိန်တွေ၊ ဖိစီးမှုတွေအကြားက မိမိတို့ ရဲ့ရင်သွေးအပေါ် အချိန်ပေး ပဲ့ပြင်ဖို့ မပျက်မကွက် လုပ်ဖြစ်ကြပါရဲ့ လား။ မိမိတို့ရဲ့ သားသမီးရင်သွေးတွေ အပေါ် အလိုတွေလိုက်မိရင်း ကိုယ့်သား သမီးတွေကို လူလုံးမလှသည်အထိ မိမိ တို့ပျက်ကွက် နေမိကြတုန်းလား။ မိသားစု အတွက် ငွေဆိုတာ ရှာပေးရုံကာမျှဖြင့် တာဝန်မကျေပါဘူး။

မိခင်၊ ဖခင်ဆိုတာ လက်ဦးဆရာ တွေဖြစ်ကြပါတယ်။ လက်ဦးဆရာမည် ထိုက်စွာ၊ ပုဗ္ဗါစရိယမိနှင့်ဘလို့ ဆိုထား ကြတာကိုး။
ပရော်ဖက်ရှင်နယ် စိတ်ဓာတ်တွေ ငယ်ကတည်းကိုက အသွေးထဲအသားထဲ ပျိုးထောင်သွင်းပေးခဲ့၊ သင်ကြားပေးဖို့ လိုပါတယ်။ အဲဒါအတွက် အချိန်ပေးဖို့ လိုပါတယ်။ မိသားစုအတွက် သားသမီး အတွက် အချိန်ကိုပေးကြပါလို့ တိုက် တွန်းပါတယ်ခင်ဗျာ။

Related Posts