မြိတ် လူမှုငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ရက် စဖွဲ့

0
453

မြိတ်တွင် လူမှုငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကွန်ရက်တစ်ခုကို မေလ ၇ ရက်နေ့က စတင်ဖွဲ့စည်း ခဲ့ကြောင်း မြိတ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် မေတ္တာလက်ကမ်းအဖွဲ့မှ သိရသည်။

မြိတ်ဒေသအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်အား မေလ ၇ ရက်နေ့က Green Eyes Hotel တွင် ပြုလုပ်ခဲ့ပြီး ယင်းကွန်ရက်အား စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
“ဘာသာရေးကိစ္စတစ်ခုတည်း မဟုတ်ဘဲနဲ့ ဒေသနဲ့သက်ဆိုင်တဲ့ ဒေသကို မငြိမ်းမချမ်းဖြစ်တဲ့ ဘယ်ကိစ္စမဆို ကွန်ရက်ကနေ ပူပေါင်းပြီး လုပ်ဆောင်သွားမယ်”ဟု မေတ္တာလက်ကမ်းအဖွဲ့မှ ဒါရိုက်တာ ဦးအာကာဦးက ပြောသည်။

အဖွဲ့အစည်းပေါင်းစုံပါဝင်ခြင်းကြောင့် အရေးအကြောင်းကြုံလာပါက ပူးပေါင်းလုပ်ကိုင်နိုင်သည့် အင်အားတစ်ရပ်ပေါ်လာပြီး ယင်းအင်အားဖြင့် ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်သည်ဟု မြိတ်အခြေစိုက် ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူအချို့က ဆိုသည်။
မြိတ်ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ကွန်ရက်ငယ်များကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ပြီး ကွန်ရက်ကို ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးအာကာဦးက ပြောပြသည်။

လက်ရှိတွင် ကွန်ရက်ကို တာဝန်ခံ ၄၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ကွန်ရက်ရုံးခန်းအဖြစ် မေတ္တာ လက်ကမ်းရုံးတွင် သတ်မှတ်ထားကြောင်း ယင်းရုံးမှ သိရသည်။