ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ရွေ့လျားစာကြည့်တိုက်ဖြင့် နယ်လှည့်စာအုပ်ငှားမည်

0
389

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းသည့် ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် ဇွန်လ ပထမအပတ်မှ စတင် ကာ နယ်လှည့် စာအုပ် ငှားရမ်းပေးမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထံမှ သိရသည်။

ကနဦးတွင် ထားဝယ်ခရိုင်အတွင်း ကျေးရွာများ၊ စာသင်ကျောင်းများသို့ အလှည့်ကျ သွားရောက်ကာ သုတ၊ ရသ စာအုပ်များကို ကွန်ပျူတာဖြင့် မှတ်တမ်း တင်သည့် ဘားကုတ်စနစ်ဖြင့် အခမဲ့ ငှားရမ်းပေးမည်ဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နီနီချိုက ပြောသည်။

ငှာရမ်းမှုအများဆုံး စာအုပ်အမျိုး အစား၊ စာဖတ်သူများ၏ အချက်အလက် များကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်း တင်ကာ စစ်တမ်းကောက်ယူမည်ဖြစ်ပြီး စာအုပ်ငှားရမ်းမည့် စည်းကမ်းသတ်မှတ် ချက်များ မသတ်မှတ်ရသေးကြောင်း ဒေါ်နီနီချိုက ပြောသည်။

စာအုပ်ငှားရမ်း၊ ဝယ်ယူရန် လက် လှမ်းဝေးသည့် ကျေးရွာများကို ဦးစား ပေး သွားရောက်စေလိုပြီး မသွားရောက်မီ စာဖတ်သူများကို ကြိုတင် သတင်း အချက်အလက်ပေးထားပါက ပိုမိုထိ ရောက်နိုင်ကြောင်း ထားဝယ်မြို့ သန့်ဇင် အောင်စာအုပ်ဆိုင်ပိုင်ရှင် ဦးသန့်ဇင် အောင်က ပြောသည်။