ကြွက်ဖြူလေးများ၏ ကံကြမ္မာ

0
1091

မေလ…။
နာမည်လှသလောက် မြန်မာ ပြည်သူတို့အတွက် ရက်စက်လွန်းသည့် လတစ်လ။ ပူပင်သောကတွေ ပေးတတ် လွန်းသည့်လ။ လူပေါင်းတစ်သိန်းကျော် ကို ကြွေလွင့်စေခဲ့သည့် နာဂစ်မုန်တိုင်းကို ပိုင်ဆိုင်ခဲ့ဖူးသည့်လ။ သူလာရင် အပူ ပါလာတတ်သလို မုန်တိုင်းလက်ဆောင် တွေလည်း ပါလာတတ်လေရဲ့။

နွေလများ၏ နောက်ဆုံးထွက်သက် ဖြစ်သော်ငြား အပူဓာတ်တွေ ဖောဖော သီသီ စွန့်ကြဲနေဆဲ။ ကမ္ဘာကြီး အရင် ကထက် ပိုပြီးပူနွေးနေပြီဆိုတာ သက်သေ ပြနေသည်ထင့်။ အအေးဓာတ်ပေးသည့် ပစ္စည်းများ လက်မလည်အောင် ရောင်း ကောင်းမည့်ကာလ။ သို့သော် မေလနှင့် အတူ မွေးဖွားလာတတ်သည့် ရင်တွင်း အပူမီးကိုမူ ထိုပစ္စည်းများက ငြိမ်းပေး နိုင်လိမ့်မည်ဟု မထင်မိ။ ကျောင်းဝင်း ထဲက နီရဲနေအောင် ဖူးပွင့်နေသည့် စိန် ပန်းပင်ကြီးများက မကြာခင် ကျောင်းပြန် ဖွင့်တော့မည်ဆိုသည့် ရှေ့ပြေးနိမိတ်။

ကျောင်းပြန်ဖွင့်လျှင် မိဘတွေ ပိုက်ဆံ ကုန်ရဦးတော့မည်။ ကျောင်းအပ်တာ အလကားဆိုသော်လည်း အလကားမရ သည့် အရာတွေအတွက် ပိုက်ဆံကုန်ရပေ ဦးမည်။
ကျွန်တော်တို့တိုင်း၌ ယခုနှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ စံချိန်တင် အောင် ချက်ကောင်းခဲ့သလောက် န၀မတန်းတွင် အကျအရှုံး များခဲ့သည်။ အစိုးရစစ်ဖြစ်သော အတန်းနှစ်တန်းတွင် အောင်ချက် ကောင်းသလောက် ကျောင်း တွင်းစစ်ဖြစ်သော န၀မတန်းတွင် အောင် ချက်ညံ့နေရသည့်အဖြစ်ကို နားမလည်နိုင် အောင် ဖြစ်ရသည်။ အမှန်တကယ်ဆိုလျှင် ဒသမတန်းကဲ့သို့ပင် အစိုးရစစ်ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အကျများ ရပေမည်။ သို့သော် အောင်ချက်ပိုကောင်း နေသည်။ ဘာတွေလွဲချော်နေသည်မသိ။ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများဆို လျှင်တော့ ထိုအဖြေကို ကျွန်တော်တို့ထက် ပိုသိပေလိမ့်မည်။

န၀မတန်းအကျများခြင်းက မိဘ များကို ပိုအလုပ်များစေသည်။ စိတ် သောကပို ရောက်စေသည်။ မိမိတို့ သားသမီးများ၏ အနာဂတ်အတွက် ဦးနှောက် ပိုခြောက်ကြရသည်။ န၀မတန်း ကျရကောင်းလားဆိုပြီး စိတ်လိုက်မာန် ပါဖြင့် ကျောင်းထုတ်လိုက်၍ကလည်း မဖြစ်။ ဘွဲ့ရပညာတတ်များပင်လျှင် အလုပ်လက်မဲ့ဖြစ်နေချိန်တွင် ကိုးတန်းကို ပင် မအောင်သည့်သူက ဘ၀ခရီးကို ရှေ့ဆက်ဖို့ဆိုသည်မှာ ပို၍အခက် တွေ့ပေလိမ့်မည်။ ထိုထက်ဆိုးသည်က မူးယစ်ဆေးဝါးအန္တရာယ်။ ကျောင်းတွင်း ၌ပင်လျှင် ဆေးစွဲသူက စွဲနေပြီ။ အပြင် ရောက်သွားလျှင် ပိုဆိုးသွားပေလိမ့်မည်။ မိဘများအနေဖြင့် မိမိတို့သားသမီးများ၏ ရှေ့ခရီးအတွက် အဖြေရှာမတွေ့ခင်အချိန် ထိ မေလ၏ပြင်ပအပူချိန်ထက် ရင်ထဲက အပူမီးက ဆယ်ဆကဲနေပေလိမ့်မည်။ သူတို့အတွက် အဖြေမည်သူ့ထံတွင် ရှိနေ နိုင်မည်နည်း။

အရင်အစိုးရ အဆက်ဆက် ပညာရေးစနစ်ကို အကြိမ်မည်မျှ ပြောင်းခဲ့ ပြောင်းခဲ့ ရလဒ်မှာ ကောင်း၍မလာ။ သာ၍သာဆိုးသွားသည်ထင်၏။ ထိုအစမ်းသပ်ခံ ပညာရေးစနစ်များ၏ သားကောင်များအဖြစ် မျိုးဆက်တစ် ဆက်ပြီး တစ်ဆက် အသုံးတော်ခံခဲ့ ကြရပြီးပြီဖြစ်သကဲ့သို့ နောက်ထပ် မျိုးဆက်မည်မျှ ထပ်ပြီး အစမ်းသပ် ခံကြရဦးမည်ဆိုသည်ကိုလည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ အတိအကျ ပြောနိုင်လိမ့်မည်မထင်။ ပညာရေးစနစ် မည်မျှပြောင်းပြောင်း အောင်မြင်မှုမရခြင်း ၏ အကြောင်းရင်းကို သိအောင် လုပ်သင့် ပြီထင်သည်။ မြေစမ်း ခရမ်းပျိုးလုပ်နေ သမျှ ကျောင်းသားပေါင်းများစွာ၊ မျိုး ဆက်သစ်လူငယ်ပေါင်းများစွာ စတေးခံ နေကြရပေဦးမည်။ ကျွန်တော်တို့ အရွယ် လူလတ်ပိုင်းများမှအစ လူငယ် လူရွယ် ပေါင်းများစွာသည် ပညာရေးစနစ် သစ်များ၏စမ်းသပ်မှုကို ခံခဲ့ကြဖူးခဲ့ ပေပြီ။ မြန်မာပြည်ရှိ ကျောင်းသားလူ ငယ်များ၏ဘ၀သည် သုတေသနစမ်း သပ်ခန်းထဲက ကြွက်ဖြူလေးများ၏ ဘ၀နှင့် မခြားနားလှ။

အကောင်အကြီး အသေးသာကွာသည် အစမ်းသပ်ခံနေရ ခြင်းကတော့ အတူတူ။
ယခုတစ်ကြိမ်တွင်လည်း တက္ကသိုလ် ဝင်တန်းမေးခွန်းများ ပုံစံပြောင်းပြီး မေးတော့မည်။ စဉ်းစားတွေးခေါ်မှုကို အသားပေးသည့် မေးခွန်းဟု ပြောသည်။ ဤနေရာတွင် စဉ်းစားတွေးခေါ်မှုကို အသားပေးသည့် သင်ရိုးညွှန်းတမ်းကို အရင်မရေးဆွဲဘဲ စဉ်းစားတွေးခေါ်မှုကို အသားပေးသည့် မေးခွန်းမေး၍ အောင်မြင်မှုရ မရဆိုသည်မှာ စဉ်းစား စရာကောင်းသည့် အချက်တစ်ချက်ဟု ထင်မိသည်။ ဤမေးခွန်းပုံစံဖြင့် ကျောင်းသားဦးရေ မည်မျှကို စမ်းသပ် ဖြေဆိုခိုင်းပြီး၍ ရလဒ်မည်သို့ ထွက်ခဲ့ သည်ဆိုသည့် လုပ်ဆောင်ချက်မျိုး ရှိ မရှိ ဆိုသည်ကိုလည်း မသိနိုင်။ ထို့အပြင် ဤပြောင်းလဲစစ်ဆေးမည့် မေးခွန်း ပုံစံ ပေါ်ထွက်လာစေရန်အတွက် ဆရာ၊ ဆရာမဦးရေမည်မျှက ဆွေးနွေးအဖြေရှာ ခဲ့သည်ဆိုသည်ကိုလည်း မသိရပေ။

တစ်စုံတစ်ဦး၏ ညွှန်ကြားချက်ကို တစ်စုံ တစ်ယောက်က စဉ်းစား အကောင် အထည်ဖော်ပေးခဲ့ရသည်ဆိုလျှင်တော့ ရလဒ်အတွက် ရင်လေးစရာပင်။ သုတေ သနမပါသည့် ပညာရေးစနစ်မျိုးဖြင့် ကျောင်းသား လူငယ်များကို ထပ်မံမစမ်း သပ်ကြဖို့ တိုက်တွန်းလိုပါသည်။
ပုံတူကူးချသည့် ပညာရေးစနစ် မျိုးဖြင့်လည်း အံဝင်လိမ့်မည်မထင်။ နောက်မျိုး ဆက်သစ်လူငယ်လေးများကို ပညာရေးစနစ်၏ အစမ်းသပ်ခံ ကြွက်ဖြူ လေးများ မဖြစ်စေလိုတော့ပါ။ ကျွန်တော် သည် ပညာရေးနှင့်ပတ်သက်ပြီး ကျွမ်းကျင် ပညာရှင်တစ်ယောက် မဟုတ်ပါ။ သို့သော် ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ် ကောင်းမွန်ပြီး အောင်မြင်မှုရသည်ကို တော့ မြင်တွေ့ချင်သည့် ဆန္ဒချဉ်ခြင်း တက်မိသည်။ ယခုတော့ လာမည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမည့် ကျောင်းသားလူငယ်လေး များအနေဖြင့် ကံကောင်းကြပါစေဟု ဆု တောင်းနေရုံသာ ရှိတော့သည်။
မြန်မာ့ပညာရေးစနစ် အမြန်ဆုံး ကျန်းမာလာပါစေ။