တရားမဝင် ခရီးသွားလုပ်ငန်းများ တားဆီးထိန်းချုပ်ပေးရန် ခရီးသွားအသင်း တောင်းဆို

0
457

ထားဝယ်ခရိုင်အတွင်း တရားမဝင် ခရီးသွားလုပ်ငန်းများ တားဆီးထိန်းချုပ် ပေးရန် ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက မေလ ၇ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနထံ တင်ပြ တောင်းဆိုလိုက်သည်။
ခရိုင်အတွင်း တရားမဝင်လုပ်ကိုင် နေသည့် ဆိုင်ကယ်ငှားရမ်းသည့်လုပ်ငန်း များ၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ ကို ထိရောက်သည့် ပြစ်ဒဏ်များ၊ ညွှန် ကြားမှုများ ထုတ်ပြန်၍ တားဆီးပေးရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ဒေသကို လာရောက်လည် ပတ်သည့် နိုင်ငံခြားသားအများစုက ခရီး သွားကုမ္ပဏီများနှင့် မချိတ်ဘဲ ဆိုင်ကယ် ငှားရမ်းကာ ကိုယ်တိုင်မောင်းနှင်သွားလာနေကြကြောင်း တင်ပြထားသည့် စာအရ သိရသည်။
ယင်းကဲ့သို့ သွားလာလည်ပတ်နေ မှုများကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွား လာခြင်း၊ လူသူမရှိသည့် ပင်လယ်ကမ်း ခြေများနှင့် တောတောင်များတွင် ရွက် ဖျင်တဲများဖြင့် ညအိပ်ခြင်းများရှိသဖြင့် မလိုလားအပ်သည့် မှုခင်းများဖြစ်ပွား လာပါက ဒေသခရီးသွား ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

ထို့အပြင် ကားပိုင်ရှင်များ၊ ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်ပိုင်ရှင် အချို့ကလည်း လာရောက်လည်ပတ် ကြသည့် ခရီးသွားများကို ဧည့်လမ်းညွှန် ခေါ်ပေးခြင်း၊ ခရီးစဉ်စီစဉ်ပေးခြင်းများ လုပ်ကိုင်နေသည့်အတွက် တရားဝင်ခရီး သွားကုမ္ပဏီများ အခက်ခဲကြုံတွေ့ ရကြောင်း အထက်ပါစာအရ သိရသည်။
“အခုက တရားဝင်လိုင်စင်မရှိသူ တွေက ခရီးသွားလုပ်ငန်းတွေလုပ်နေ ကြတော့ ခရီးသွားကုမ္ပဏီတွေ အရမ်းနစ် နာနေတယ်” ဟု ထားဝယ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုး သူက ပြောသည်။

ခရိုင်အတွင်း ခရီးသွားကုမ္ပဏီ ၃၀ ကျော် ရှိသော်လည်း ခရီးသည်ရရှိမှုနည်း ပါးကာ လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီက ၁၀ ခုပင်မပြည့်ကြောင်း ၎င်း က ဆိုသည်။
တင်ပြတိုင်ကြားစာကို မေလ ၇ ရက်က ပေးပိုးထားပြီး လက်ရှိအချိန်ထိ အကြောင်းပြန်ကြားလာခြင်း မရှိသေး ကြောင်း ဒေါ်မိုးမိုးသူက ပြောသည်။
တင်ပြတိုင်ကြားစာကို တိုင်းဒေသ ကြီး ဟိုတယ်/ခရီးဌာနကို လိပ်မူပေးပို့ ကာ တိုင်းအစိုးရအဖွဲ့၊ တိုင်းအုပ်ချုပ်ရေး မှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း အစရှိသည့် ဌာနများကို မိတ္တူ ပေးပို့ထားသည်။