ကျောက်မီးသွေးထုတ်လုပ်မှု လုံးဝရပ်ဆိုင်းပေးရန် ဘန်းချောင်းဒေသခံများ သမ္မတထံ တိုင်ကြား

0
398

ဘန်းချောင်းဒေသ ကွမ်းချောင်း ကြီးကျေးရွာတွင် တူးဖော်နေသည့် ကျောက်မီးသွေးထုတ်လုပ်မှုကို လုံးဝ ရပ်ဆိုင်းပေးရန် ဒေသခံ ၅၀၀ ကျော်က လက်မှတ်ထိုးကာ နိုင်ငံတော်သမ္မတထံ သို့ မေလ ၅ ရက် ရက်စွဲဖြင့် စာပို့ တိုင်ကြားလိုက်ကြောင်း ဒေသခံများထံ မှ သိရသည်။

ယင်းကျောက်မီးသွေး ထုတ်လုပ် ခွင့်ကို East Star Mining ကုမ္ပဏီက တူးဖော်နေခြင်းဖြစ်ပြီး ၎င်းဒေသရှိ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး များ ထိခိုက်မှုရှိသည်ဟု တိုင်ကြားသဖြင့် တိုင်းအစိုးရက ၂၀၁၇ ခုနှစ် မတ်လတွင် ယာယီရပ်နားထားရန် ညွှန်ကြားထား သည်။

ကုမ္ပဏီဘက်မှ ကျောက်မီးသွေး ဆက်လက်ထုတ်လုပ်ခွင့်ရရှိရန် ဒေသခံ များ၊ တိုင်းအစိုးရတာဝန်ရှိသူများနှင့် ကုမ္ပဏီ တာဝန်ရှိသူများ၂၀၁၇ ခုနှစ် မေလတွင် တွေ့ဆုံကာ စည်းဝေး ညှိနှိုင်း ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအစည်းအဝေးတွင် ဘန်း ချောင်းဒေသခံများက စွန့်ပစ်မြေစာပုံ မီးအဆက်မပြတ် လောင်ကျွမ်းနေမှု ကြောင့် အနံ့ဆိုးများ ထွက်ပေါ်နေမှုကို စနစ်တကျလုပ်ဆောင်ပေးရန် အပါ အဝင် အချက် ၁၁ ချက်ကို လုပ်ဆောင် ပေးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကွမ်းချောင်ကြီး ကျေးရွာတာဝန်ခံ စောနွေလက ပြောသည်။

သဘောတူညီမှုရရှိထားသော တောင်းဆိုချက်များအနက် အချက် ၈ ချက်ကို လုပ်ဆောင်ပေးခြင်း မရှိသေး ကြောင်း သမ္မတထံ တိုင်ကြားစာတွင် ဖော်ပြထားသည်။
“အခု ကုမ္ပဏီဘက်က တောင်းဆို ချက်တွေကို လုပ်ပေးပြီးတဲ့ပုံစံနဲ့ ဒေသခံ တွေဆီမှာ လက်မှတ်လိုက်ထိုးခိုင်းနေ တာတွေ ရှိလာနေတယ်”ဟု ကျောက် မီးသွေး ကိစ္စနှင့်ပတ်သက်၍ ဒေသခံများ အား အကူအညီပေးနေသည့် တာကပေါ လူငယ်အဖွဲ့ စီမံကိန်းတာဝန်ခံ နော်ဆေး အယ်မူးက ဆိုသည်။

ယင်းကြောင့် ဒေသခံများက အဆိုပါ စီမံကိန်း ပြန်လုပ်မည်ကို စိုးရိမ်သဖြင့် သမ္မတထံ တင်ပြတိုင်ကြားရခြင်း ဖြစ် ကြောင်း နော်ဆေးအယ်မူးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်ကလည်း အမျိုးသားလွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ နှင့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ကော်မတီမှ ကိုယ်စားလှယ် နှစ်ဦး ကွမ်းချောင်းကြီးကျေးရွာရှိ ကျောက်မီးသွေး လုပ်ကွက်ကို လာရောက် စစ်ဆေးခဲ့သည်။

“ဒေသခံတွေမှာ ဘယ်လို ဘေး ထွက်ဆိုးကျိုးတွေ ရှိနေတယ်ဆိုတာ တွေ ဒီစီမံကိန်းကို မလိုချင်ဘူးဆိုတာတွေ ဒေသခံတွေရဲ့ အသံကို အစီရင်ခံစာမှာ ထည့်ရေးရမှာပေါ့” ဟု အမျိုးသားလွှတ် တော်သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးဟန်ဝင်းသိန်းက ဆိုသည်။

ဘန်းချောင်းဖျားဒေသတွင် ကျေး ရွာပေါင်း ၁၀ ရွာရှိပြီး လူဦးရေ ခန့်မှန်း ခြောက်ထောင်ကျော်ခန့် နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။