စုဘူး မလိုတော့ဘူးလား

0
503

ခေတ်ပေါ် ဘဏ်ကြီးများ ဟီးထအောင်ခမ်းနားနေသော်လည်း ဈေးဆိုင်အချို့တွင် စုဘူးလေးများ ရောင်းချနေဆဲ ဖြစ်သည်။
စုဘူးလေးများ ရောင်းချနေသည် ကို တွေ့ရသူတိုင်း ငယ်ငယ်က ရည်ရွယ် ချက် တစ်စုံတစ်ခုဖြင့် ငွေစုဖူးသည်ကို သတိပြန်ရတတ်ကြသည်။ ယင်းသို့ ကြုံတိုင်း (အချိန်ရပါက) မိမိပိုင်ဆိုင် ခဲ့ဖူးသော စုဘူးလေး(များ)အကြောင်း ပြန်တွေးမိတတ်မည် ဖြစ်သည်။
တစ်ချို့က စုလေးတွင် စာရေးထား တတ်သည်။

“. . . . .”ဝယ်ရန်၊ ” . . . . . .” သို့ခရီးသွားရန်.. စသဖြင့်။
ယခုခေတ်တွင်စုဘူးလေးများကို ရိုးရိုးမြေအိုးမှအစ၊ ကြွေထည်၊ သံထည်၊ ပလပ်စတစ်စသဖြင့်၊ အရုပ်ပုံ ဒီဇိုင်း မျိုးစုံ အရွယ်စုံ ဝယ်ယူနိုင်သော်လည်း ရှေးခေတ်ငွေစုသူတို့ ယင်းစုဘူးတို့ ဝယ်ရန် မလွယ်ခဲ့ပါ။
လက်ရှိကော့သောင်းမြို့တွင် နေထိုင်သည့် အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်မေသည်လည်း ငယ်စဉ်က ဇာတိ ရွာတွင် အလှူလုပ်ရန်နှင့် ရွှေတိုရွှေစ လေးများ ဝယ်ရန် ငွေစုဖူးပါသည်။
ဒေါ်ခင်မေ၏ စုဘူးက ဝါးကျည် တောက်။

“ဝါးကျည်တောက်လေးတွေ ဖြတ် ပြီး အပေါက်ဖောက်ထည့်တာ။ ဝယ် စရာမလိုဘူး၊ ရွာမှာဝါးပေါတယ်လေ။ပြီးရင်ခွဲ၊ ရှင်ပြုတွေအလှူတွေ လုပ်ကြ ပေါ့”ဟု ဒေါ်ခင်မေက ငယ်ဘ၀ကို ပြန်ပြောပြသည်။
ဝါးကျည်တောက်စုဘူးကား ရှေးခေတ်က အိမ်တွင်း ဘဏ်တစ်ခုဖြစ် ခဲ့ဖူးသည်ကို သိမီသူတိုင်း ငြင်းမည် မဟုတ်ပါ။
အိမ်တွင်း ဘဏ်နောက်တစ်မျိုး ကို ပြပါဆိုလျှင် မြေအိုးစု ဘူးလေးများ ကို သတိရကြလိမ့်မည် ဖြစ်သည်။

ထားဝယ်မြို့ကျောက်မော်ရပ် ကွက်နေ အသက် ၃၀ နှစ်အရွယ် ကိုမျိုးစည်သူသည်လည်း ပဉ္စမတန်း အရွယ်မှအစ မြေအိုးဖြင့်ငွေစုဖူးခဲ့ကြောင်း ပြောပါသည်။
“မြေအိုးစုဘူးကို အမေက ပိုက်ဆံ စုလို့ရအောင်ဆိုပြီး ဝယ်လာပေးရင်း စုဖြစ်သွားတယ်။ ကိုယ်ရတဲ့မုန့်ဖိုးလေး ထဲကနေပြီး ကိုယ်ထည့်ချင်သလောက် ထည့်ထည့်ပြီး ထားတယ်။ စုဘူး မဖောက်ခင်ကတည်းက ကိုယ်ဘာတွေ ဝယ်မလဲဆိုတာ ကြိုးစဉ်စားထားတယ်။ ကျွန်တော်က စုဘူးလေးကို နှမြော လို့ စုဘူးထဲမှာပြည့်မှ ခွဲတာ”ဟု ကိုမျိုးစည်သူက ပြောသည်။
တစ်ချို့စုဘူးများ၏ ရည်ရွယ် ချက်က မိမိချစ်ခင်သူတစ်ဦးဦးအတွက် ဖြစ်နေတတ်သေးသည်။
“သမီးလေး ကိုယ်ဝန်ရှိတဲ့အချိန်မှာ စုဘူးလေးဝယ်ပြီး စစုဖြစ်တယ်။ တစ်နေ့ နဲနဲပေါ့၊ သမီးလေးမွေးလာရင် ရွှေဆွဲ ကြိုးလေးလုပ်ပေးမယ်ဆိုတဲ့ စိတ်ကူး နဲ့ စုဖြစ်တာပါ”ဟု သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာမှ ဒေါ်ခင်စန္ဒာဦးက ပြောသည်။

တစ်ချို့ကလည်း တစ်စုံတစ်ရာ ဝယ်ရန် ညီအစ်ကိုမောင်နှမများ အပြိုင်စုတတ်ကြသည်။ ထိုသို့အပြိုင် စုပြီး စုဘူးဖောက်ချိန် ငွေရေကြလျှင် အရများသူက ဂုဏ်ယူဝင့်ကြွား အောင်ပွဲ ခံမြဲ။
ညီအစ်အချင်းချင်း အပြိုင်စုလျှင် သတိထားရမည့် အချက်တွေရှိတတ် ပါသည်။
“ငယ်ဘ၀ဆိုတော့ အစ်ကိုစုဘူးထဲ က ပိုက်ဆံအကြွေစေ့လေးတွေကို ဇာဂနာနဲ့ညှပ်ပြီး ကိုယ့်ဘူးထဲပြောင်း ထည့်တာလည်း ရှိဖူးတယ်၊ ရင်ခုန် စရာပေါ့”ဟု ကော့သောင်းမှအသက် ၄၀ အရွယ် ဦးဇော်က ပြောသည်။

ယခုကား စုဘူးလေးများ မျက်နှာငယ်ရသည့် ဘဏ်ခေတ်ကြီးသို့ ရောက် နေလေပြီ။
“ခုချိန်မှာတော့ အဲလိုစုဖို့မ လိုတော့ ပါဘူး၊ ဘဏ်တွေလည်း များလာ ပြီးဆိုတော့ ဒီဓလေ့တောင် မရှိတော့ သလောက်ပါပဲ”ဟု ဦးဇော်ကဆို လာသည်။
သရက်ချောင်းမြို့နယ် ညောင်ဇင် ကျေးရွာမှ ဒေါ်ခင်စန္ဒာဦးသည်လည်း စုဘူးဖြင့် မစုတော့ပေ။
“စုဘူးနဲ့ မစုဖြစ်တော့ဘူး။ အမျိုး သားက ပို့ပေးလိုက်တဲ့ပိုက်ဆံတွေကိုဘဏ်မှာအပ်ပြီး စုထားလိုက်တယ်။ စုဘူးနဲ့ဆို အသုံးလိုလာရင် ခဏခဏ ဖောက်ပြီး ထုတ်သုံးနေလို့မစုမိဘူး။ ဘဏ်မှာစုရင်တော့ အတိုးလည်း ရတယ်။ စိတ်ချလို့လည်း ရတယ်”ဟု ဒေါ်ခင်စန္ဒာ ဦးက ပြောလာသည်။

ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် မှ ကိုမျိုးစည်သူသည်လည်း စုဘူးနေ ရာတွင် ဘဏ်စာအုပ်ကို အစားထိုးလိုက် ပြီဖြစ်သည်။
“အသက်အရွယ်က ကြီးလာပြီ ဆိုတော့ ဝင်ငွေချင်းက မတူတော့ဘူး လေ။ တစ်လကြာမှတစ်ခါထည့်တာ ဆို တော့ စုဘူးနဲ့ မစုဖြစ်တော့ဘူးလေ။ သူငယ်ချင်းတွေထဲမှာလလည်း ဘဏ်စာ အုပ်နဲ့စုတဲ့သူက ပိုများတယ်”ဟု ဆို လာသည်။
သို့ဆိုလျှင်တစ်ချိန်က အိမ်တွင်း ဘဏ်ဖြစ်ခဲ့သော စုဘူးဖြင့် သုံးငွေစုသည့် အလေ့အထ လုံးလုံး ပျောက်ကွယ်သွားပြီ လား။

ရှိပါသေးသည်။ စုဘူးလေးများဖြင့် တစ်ခုတ်တရ ငွေစုသူတို့ရှိဆဲ ဖြစ်သည်။
ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် မောင်လင်း ထိန်က ယမန်နှစ်ကျောင်းဖွင့် ရာသီ အတွင်း အိမ်ကပေးသည့်မုန့်ဖိုး ၂၀၀ ကျပ် ကိုအိမ်တွင်ရှိသည့် မုန်ပုံးအလွတ်ဖြင့် နေ့စဉ် စုခဲ့ကြောင်း ပြောသည်။

“ကိုယ်လိုချင်တာလေးတွေ ဝယ်လို့ ရအောင်စုတယ်၊ စုဘူးဖောက်တဲ့နေ့ ဆိုအရမ်းပျော်တယ်။ ရတဲ့ပိုက်ဆံတွေ ကိုဗလာစာအုပ် ဝယ်တယ်၊ ကစား စရာတွေလည်း ဝယ်တယ်၊ မေမေကို လည်း အပ်တယ်။ မေမေကိုပိုက်ဆံ အပ်ရင် ဘယ်ကရတဲ့ ပိုက်ဆံလည်းလို့ မေးတယ်။ မုန့်ဖိုးထဲကစုထားတဲ့ပိုက်ဆံလို့ပြောရင်မေမေက ရယ်ပြီးတော့ ယူလိုက်တယ်”ဟု မောင်လင်းထိန်က ပြောသည်။

ယခုကျောင်းဖွင့်လျှင် မူသူငယ်ချင်း ၅ ယောက် အတူတူစုရန်ရည် ရွယ်ထား သဖြင့် စုဘူးဖြင့် စုနိုင်တော့မည် မဟုတ် တော့ ကြောင်း မောင်လင်းထိန်က ပြောလာ သည်။
“တစ်ယောက်ကိုတစ်နေ့ ၂၀၀။ ဆယ်ရက်ကြာရင်တစ်ယောက်ယူတယ်။ အိမ်ကတစ်နေ့ကို ၂၀၀ ပဲပေးတယ်ဆို တော့ စုဘူးနဲ့စုလို့ မရတော့ဘူး။ သူငယ် ချင်းတွေနဲ့ စုလိုက်ရင် ကုန်သွားပြီ”ဟု ၎င်းကဆိုသည်။

မည်သို့ဆိုစေ ခေတ်ပေါ် ဘဏ်ကြီး များ ဟီးထအောင် ခမ်းနားနေသော် လည်း ဈေးဆိုင်အချို့တွင် စုဘူးလေးများ ရောင်းချနေဆဲ ဖြစ်သည်။ အိမ်တွင်း ဘဏ်စုဘူးလေးများခေတ် မကုန်နိုင် သေးပေ။