နှစ် ၁၅၀ သက်တမ်းရှိ မြေတိုက်ကျောင်းဆောင် မီးလောင်၊ စာချွန်တော်နှင့် ရှေးဟောင်းပစ္စည်းအချို့ မီးထဲပါ

0
348

ထားဝယ်မြို့ ကညုံရပ်ကွက်ရှိ မြေတိုက်ကျောင်းဝင်းအတွင်း နှစ် ၁၅၀ သက်တမ်းရှိပြီဖြစ်သော ပင်မကျောင်း ဆောင်တစ်ဆောင် မေလ ၁၁ ရက် ညက မီးလောင်ကျွမ်းခဲ့ရာ ဂဏဝိမုတ် စာချွန် တော်နှစ်ခုနှင့် အခြားရှေးဟောင်း ပစ္စည်း များ မီးထဲပါသွားကြောင်း ယင်းကျောင်း တိုက်မှ ဆရာတော်များထံမှ သိရသည်။

မီးထဲပါသွားသည့် စာချွန်တော် နှစ်ခုမှာ ထားဝယ်ခရိုင်အတွင်း ထင်ရှား ကျော်ကြားသော ဂဏဝိမုတ် ကူးတို့ ဂိုဏ်း ပထမဂိုဏ်းချုပ် ဆရာတော်အား ဂဏဝိမုတ် အရာထားတော်မူသည့် စာချွန်တော်နှင့် ကူးတို့ဂိုဏ်းအား အသိအမှတ်ပြုကြောင်း မြန်မာသက္ကရာဇ် ၁၂၅၈ (ခရစ်နှစ် ၁၈၉၆)ခုနှစ်တွင် အတုမရှိတိုက် သမ္မုတိသာသနာပိုင် ပုခန်းဆရာတော်က အမိန့်တော်ရှိသည့် စာချွန်တော်များ ဖြစ်ကြောင်း မှတ်တမ်း များအရ သိရသည်။
မီးလောင်သည့် သစ်သား ကျောင်း ဆောင်မှာ မြန်မာသက္ကရာဇ် ၁၂၂၉ (ခရစ်နှစ် ၁၈၆၇)ခုနှစ်တွင် စတင်တည် ဆောက်ခဲ့သည့် အလျား ၁၄၀ ပေ၊ အနံ ၁၀၀ ပေ၊ အမြင့် ၃၀ ပေရှိ ခြေတံရှည် တစ်ထပ် သစ်သားကျောင်းဆောင် ဖြစ် သည်။

ကျောင်းပေါ်တွင် ရှေးဟောင်း ရွှေပုရပိုက်များ၊ ပေစာများ၊ ကျမ်းစာအုပ် များနှင့် အခြားရှားပါး စာအုပ်စာတမ်း များနှင့် ရှေးဟောင်း ပစ္စည်းတို့ ထားရှိရာ ပစ္စည်းအားလုံး မီးထဲပါသွား ကြောင်း ကျောင်းထိုင်ဆရာတော် သဒ္ဓမ္မ ဇောတိက ဓဇ ဦးကလျာဏက မိန့်ကြားသည်။
“(နှမြောဆုံးကတော့) စာချွန်တော် ပဲကွယ်။ ဒီပစ္စည်းနဲ့ လုံးထုပ်ပြီးနေလာ ရတာ ၈၁ နှစ်(အရွယ်ရောက်ပြီ)။ ၉ နှစ်သား ကတည်းက နေလာရတာ”ဟု ကျောင်းထိုင်ဆရာတော်က မိန့်သည်။

ဆရာတော်မှာ ယင်းကျောင်းပေါ် တွင် တစ်ပါးတည်း သီတင်းသုံးပြီး မီးလောင်နေသည်ကို မသိဘဲ ကျောင်း ဝင်းအတွင်း ကျောင်းဆောင်တစ်ခုတွင် သီတင်းသုံးသည့် ရဟန်းငယ်တစ်ပါးက အော်ဟစ်၊ ကျောင်းဆောင်အား ကျောက်ခဲများဖြင့် ပစ်မှ နိုးလာပြီး ယင်းရဟန်းငယ် ထောင်ပေးသည့် လှေကားဖြင့် ပြတင်းပေါက်မှ ဆင်းခဲ့ ရကြောင်း ဆရာတော်က မိန့်ကြားသည်
ကျောင်းဆောင်၏ မည်သည့် နေရာက စတင်လောင်ကျွမ်းသည်ကို မသိရဘဲ မီးလောင်သည့် အသံမျိုး ကြားသဖြင့် ထကြည့်ရာမှ အမြင့်ဆုံး ပြဿဒ်ဘုံဆင့်အတွင်း မီးခိုးလုံးများ ထွက်နေသည်ကိုသာည ၁၂ နာရီကျော်တွင် စမြင်ခဲ့ရာမှ ဆရာတော်ကိုသာ အဓိက ထား ကယ်တင်ခဲ့ကြောင်း အထက်ပါ ရဟန်းငယ်က မိန့်သည်။
“မိနစ် ၂၀ အတွင်းမှာ တစ် ကျောင်းလုံး ပြာကျသွားတယ်၊ မီးသတ် သမားတွေ မီးသတ်ချိန်မှာ နှစ်နာရီ လောက် သတ်လိုက်ရတယ်”ဟု အဆိုပါ ရဟန်းငယ်က မိန့်သည်။

ကျောင်းပေါ်တွင် အခြား လျှပ်စစ် ပစ္စည်း အသုံးအဆောင်များလည်း မီးထဲပါသွားပြီး ကျောင်းအောက်ရှိ ကား တစ်စီးကိုမူ ဝိုင်းဆွဲထုတ်ကြရာ မီးထဲပါ မသွားသော်လည်း အတော်ပင် ပျက်စီး ခဲ့ကြောင်း ရဟန်းငယ်ထံမှ သိရသည်။
ရှေးဟောင်းကျောင်းဆောင် မီးလောင် ရခြင်းနှင့် ကူးတို့ဂိုဏ်း စတင်ဖြစ်ပေါ် လာသည့် စာချွန်တော်များ မီးထဲ ပါ သွားခြင်းသည် တန်ဖိုး မဖြတ်နိုင်သော ဆုံးရှုံးမှုဖြစ်ကြောင်း ထားဝယ်သား စာရေးဆရာတစ်ဦးဖြစ်သည့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန် ကြီးဟောင်း မောင်သန်းဆွေ(ထားဝယ်)က ပြောသည်။
“တလောကပဲ လုပ်သေးတယ် (မြေတိုက်ကျောင်း)နှစ် ၁၅၀ ပြည့်၊ ခုလို မီးထဲပါသွားတော့ အစားထိုး မရနိုင် ဘူးပေါ့ဗျာ”ဟု မောင်သန်းဆွေ (ထားဝယ်) က ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ မျက်နှာကျက်တွင်ရှိသည့် ဝါယာကြိုး များ ဟောင်းနွမ်းဆွေးမြေ့ပြီး အပူလွန်ကဲ ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့၏ မှတ် တမ်းများအရ သိရသည်။