ဒိုင်နိုဆော၊ ပွန်ပီမြို့သားနှင့် အငှားဆိုင်များသို့ အလွမ်း

အလုပ်ကပြန်လာတဲ့ အဖေ့လွယ် အိတ်ထဲ စားစရာ ဘာတွေများပါမလဲ စပ်စုပြီး နှိုက်လိုက်ဖွလိုက်တော့ ဆေး ပေါ့လိပ်စည်း၊ ဦးလွယ်မီးခြစ်နဲ့ ဝတ္ထု စာအုပ်တစ်အုပ်ပဲ တွေ့တယ်။ အဲဒီတုန်း က အဖေက ထားဝယ်၊ ကော့သောင်း ကုန် သယ်တဲ့စက်လှေမှာ ပဲ့နင်း လုပ်နေတော့ နေ့လယ်နေ့ခင်းအားရင် အပျင်းပြေဖတ်ဖို့ ထည့်ထားတာနေမှာပေါ့။
စာအုပ်ကို မြည်းကြည့်တော့ ဖရီး မေဆင်ဂိုဏ်း၊ ဘလက်ဘရားသားတွေ၊ အဆောင်လက်ဖွဲ့၊ စွန့်စားခန်းတွေနဲ့ ဆ ရာကြီးမင်းသိင်္ခရဲ့ စနေမောင်မောင်ဝတ္ထု ဖြစ်နေတာမို့ စိတ်ဝင်တစားနဲ့ လက်က မချနိင်ဖြစ်ပြီး
ဆက်တိုက်ဖတ်သွားလိုက် တာ ဇာတ်သိမ်းခန်းလည်းအရောက် စာ အုပ်ကို ဘယ်သူလက်က မြင်းထားမှန်း မသိ၊ နောက်ဆုံးစာမျက်နှာ လေးငါးရွက် က ပါမလာတော့ ဒုက္ခနဲ့လှလှတွေ့ပါလေ ရော။ အဲဒါနဲ့ ဆန့်တငန့်ငန့်၊ ဟတ်ကော့ ကြီးဖြစ်နေတဲ့ ကျွန်တော့်ဒုက္ခကိုငြိမ်းဖို့ စာအုပ်အငှားဆိုင်ဆီ ပြေးရတော့တာ ပေါ့ဗျာ။

ငယ်ငယ်က စာအုပ်စငှားဖူးတာက သင်္ဘောဆိပ်အမက(၁)အနားက မွတ်ဆ လင်လူမျိုး မအေးသက်တို့ ညီအစ်မတွေ ဖွင့်ထားတဲ့ဆိုင်။ မအေးသက်တို့က ဈေး ထဲမှာ ငှက်ပျောသီးရောင်းတော့ ဆိုင် နာမည်ရှိပေမယ့်လည်း ကျွန်တော်တို့ကို ဘယ်သွားမလဲ အိမ်ကမေးရင် ငှက်ပျော သီးအိမ် စာအုပ်သွားငှားမယ် ဖြေလိုက် တာပဲ။ ရတဲ့မုန့်ဖိုးက ဆယ်ပြားတစ်မတ်၊ ဖတ်ချင်တာက ခပ်များများဆိုတော့ သူ တို့ညီအစ်မတွေကို ကပ်ချွဲပြီး စာအုပ်တစ် အုပ်ကို နာရီဝက်တစ်နာရီအတွင်း ကုန် အောင်ဖတ်၊ နောက်တစ်အုပ်ထပ်ဆွဲပြီး လျှော့ဈေးနဲ့ များများဖတ်ရအောင် လုပ်ရ တယ်။ စာအုပ်ရွေးသလိုလိုနဲ့ ဆိုင်မှာတင် တစ်အုပ်လောက် ကတိုက်ကရိုက်ဖတ်ပြီး လူလည်ကျဥာဏ်များခဲ့ဖူးသေးတာပေါ့။

စာစဖတ်တဲ့ကလေးတွေ ထုံးစံအ တိုင်း သမိန်ပေါသွပ်၊ အာဖျံကွီး၊ အလ ကားကျော်စွာ၊ အာတာလွတ်စားကြီး၊ ဦးအာလူး၊ ရှင်ဂွမ်းဂွိဇာတ်ကောင်တွေနဲ့ ကာတွန်းမောင်ဝဏ္ဏရုပ်ပြတွေ။
မောင်တီထွင်ဇာတ်ကောင်နဲ့ ကာ တွန်းသစ်ထွဏ်း၊ ရှံစား၊ ဒိန်းဒေါင်၊ ဦးစိတ်တို မျောက်ညို၊ ဇာတ်ကောင်အတွဲ တွေနဲ့ ကာတွန်းဦးအောင်ရှိန်၊ ကာတွန်း ပိုးဇာရဲ့ လေးမွန်ထွေးမွန်အမြွာညီအစ်မနဲ့ လူပျိုကြီးမောင်မောင်ဇာ၊၊ ကာတွန်း သော်ကရဲ့ အရိုင်း၊ ကာတွန်းအောင်အောင် ရဲ့ ရွှေဂေါင်းပြောင်၊ ကာတွန်းတင်အောင်နီ ရဲ့ ကိုထူးဆန်း၊ ခင်ချောစွိ၊ ပြာဂလောင် ပြာလချောင်၊ ပြာလောင် ကိုလေးပွဇာတ် ကောင်တွေပါတဲ့ ကာတွန်းစာအုပ်တွေ။
ကာတွန်းမောင်လွင်ရဲ့ငတက်ပြား၊ ကာတွန်းမောင်မောင်ရဲ့ မုဆိုးကျော်ဖိုး ထော်၊ ကာတွန်းသန့်ဇင်ရဲ့ ငုံးဥ စတာ တွေနဲ့ ပျော်ခဲ့ကြရတာပေါ့။

အဲဒီနောက်အိမ်နားက တစ်ဝမ်းကွဲ အစ်မတွေ ငှားဖတ်တဲ့ ကာတွန်းဝင်းမောင် ရဲ့ မိမော်မေမ၊ ပန်းချီလေးဝင်း၊ ပန်းချီ မြိတ်ဝင်းထိန်၊ နေကျောက်ခဲ စတဲ့အော့ဖ် ဆက်ဖလင်နဲ့ရိုက်တဲ့ အချစ်ရုပ်ပြတွေကို သူတို့ဖတ်တာစောင့်ပြီး တောင်းဖတ်ရ တယ်။ ဖတ်နေတုန်း ပုခုံးပေါ်ကကျော်ပြီး မအောင့်မအည်းနိုင် ဝင်ဖတ်ရင်တော့ မျက်စောင်းတရှဲရှဲနဲ့တိုးပြီး စာအုပ်ပါ အဝှက်ခံရတာမို့ ခိုင်းတာလုပ်ပေးပြီး ဖော်လံဖားရပါသေးတယ်။
ကျောင်းသွားကျောင်းပြန်လမ်းမှာ မြူနီစီပယ်ဈေးသစ်က ကြီးပွားရေးနဲ့ စန္ဒာစာအုပ်ဆိုင်တွေထဲ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းဂျာနယ်တွေ ဝင်ဝင်ဖတ် တော့ ဆိုင်မှာလူကျလို့ တစ်ဆိုင်က မောင်းထုတ်ရင် နောက်တစ်ဆိုင်မယောင် မလည်နဲ့ကူးပြီး ဇာတ်လမ်းဆုံးအောင် ဖတ်ခဲ့ဖူးတာတွေ သတိရသေးတော့တယ်။

အဲဒီတုန်းက ရွှေသွေးဂျာနယ်၊ တေ ဇစာစောင်တွေမှာ လက်စွမ်းပြခဲ့ကြတဲ့ ပန်းချီဦးဘကြည်၊ ကာတွန်းဘထွေး၊ ကာတွန်းသန်းကြွယ်၊ ကာတွန်းမောင်စိန်၊ ကာတွန်းအောင်ရှိန်၊ ကာတွန်းအကိန်း၊ ကာတွန်းငွေကြည်၊ ကာတွန်းမြေဇာ၊ ကာ တွန်းကျော်ထွဏ်းစသဖြင့် ဆရာကြီး တွေရဲ့လက်ရာတွေဆို ပန်းချီဆရာ၊ ကာ တွန်းဆရာ လက်မှတ်ကိုဖုံးထားပြီး ဘယ် သူ့လက်ရာလဲမေးရင်တောင် မှန်အောင် ဖြေနိုင်ကြတဲ့အထိ လူငယ်တွေ စွဲလန်းနှစ် သက်ခဲ့ကြတာပါ။ အပတ်စဉ် စနေနေ့ တိုင်း အသစ်ထွက်တဲ့ ရွှေသွေးဂျာနယ်ကို ခရီးလမ်းပန်းဆက်သွယ်ရေး မကောင်း သေးတဲ့ထားဝယ်မှာ ဒီနေ့လာမှာလား၊ မနက်ဖြန်ရောက်မှာလား ဗျာများပြီး သစ် ကုလားအုတ်လည်ပင်းဖြစ်အောင် မျှော်ခဲ့ ကြရဖူးတာပေါ့။

ဖျော်ဖြေရေးမီဒီယာတွေကလည်း အခုလို ကျယ်ကျယ်ပြန့်ပြန့် ဆန်းဆန်း ပြားပြား ဘာမှမရှိသေးဘဲ၊ လူတော် တော်များများ စာဖတ်ကြတဲ့ခေတ်မို့ မြို့ ပေါ်ရပ်ကွက်တိုင်းလိုလို စာအုပ်အငှားဆိုင်လေးတွေရှိခဲ့တယ်။ စီးပွားဖြစ် သတ် သတ်မှတ်မှတ်စိုက်လိုက်မတ်တပ်လုပ် သူတွေ လုပ်ကြသလို၊ ဝါသနာအရင်းခံနဲ့ တနိုင်တပိုင်လုပ်ကြတဲ့ ဆိုင်ငယ်၊ ဆိုင် သေးလေးတွေလည်း ရှိရဲ့။”ကြီးပွားရေး” နဲ့”စန္ဒာ”စာအုပ်ဆိုင်ကြီးတွေကတော့ အငှားမပါဘဲ ရောင်းဝယ်ဖြန့် သီးသန့် လုပ်ပြီး၊ ဈေးကြီးနားက “ရွှေပြည်ညွန့်”၊ အနောက်မြို့တွင်းထဲက “အောင်စာပေ”ဆိုင်တွေက အငှားရောဖြန့်ချိတာပါ တွဲ လုပ်တယ်။

“စိန်ဓာတ်ပုံနှင့် စာအုပ်အငှားဆိုင်”ဆိုလည်း ကျွန်တော်တို့ငယ်ငယ်ကတည်း ကနေ အငှားဆိုင်တွေ ကျဆုံးချိန်အထိ သံမဏိသက်ရှည်ရှည်နဲ့ ရပ်တည်နိုင်ခဲ့တဲ့ နာမည်ရစာအုပ်အငှားဆိုင်ကြီးပါ။ ကရပ် ပြင်မြောက် ရွှေတောင်စားဘုရားလမ်းမှာ “ပါရမီ”စာပေအမည်နဲ့ ဘာသာရေးစာပေ ချည်း သီးသန့်ငှားတဲ့ဆိုင်နဲ့ အိုးလုပ်ရပ် နိဗ္ဗာန်လမ်း ပန်းချီကရဝိက်ဦးလှရွှေအိမ် မှာ “ဒူကရ”စာပေဆိုပြီး ဓာတ်ပုံပန်းချီ ပြည်စိုးထွန်းရဲ့ အစ်ကိုတစ်ယောက်လား မသိ ဖွင့်ခဲ့ဖူးသေးတာ ခပ်ရေးရေးမှတ်မိနေ သေးတယ်။

မြောင်းပုလဲအဝင်လမ်း အခု “ဟိုင်ဖိုင်”ရုံးနေရာမှာ “နဂါးနီ”စာပေ၊ တလိုင်းထိန်ရပ် ရတနာလမ်း ရွှေကျား ဆေးပေါ့လိပ်အိမ်ရှေ့မှာ”ရွှေအိုး”စာပေ၊ အာဇာနည်လမ်းတလျှောက်မှာက ကမ်း နားဈေးအနီး “ယဉ်ယဉ်”စာပေ၊ ကရပ်ပြင် လမ်းဆုံမှာ “ယုဝေနု”နဲ့ “မင်း”စာပေ၊ ဦးအကောက်အိမ်က “သစ်လွင်”၊ “ဖိုးလမင်း”စာပေ၊ ရှမ္မလည်ဆွဲ ဟိန္ဒဘု ရားကျောင်းအလွန်မှာ “သီဟ”စာပေ၊ ကျောက်မော်ရပ် မြိတ်လမ်းမှာ “လပြည့်ဝန်း”၊ ဆေးရုံကြီးရှေ့”တံခွန်” စာပေ၊ ဥတ္တံတားကြီးလမ်းဆုံက”ချိုဝင်း”စာပေ “မလိခ”စာပေ၊ မြောက်ရွာရပ် ဆေးရုံလမ်းမှာ”ဝတ်ရည်စမ်း”၊ သီရိလမ်း မှာ “ပပဝင်း”နဲ့ ရွာလယ်ဇရပ်နားက မောင်မောင်မြင့်တို့အိမ်မှာ တစ်ဆိုင်၊ ဇရစ် ရပ် ပိတောက်ရွှေဝါလမ်းမှာ “ရတနာမွန်”၊ ကညုံရပ် ဒါနလမ်းမှာ “မြနှောင်းညို”၊ ဝဲကျွန်းရပ်က “လဲ့လဲ့ စာပေ”၊ ကြက်စား ပြင်ရပ် ရွာလယ်လမ်းက “မြစာပေ” ဘုမ္မော်ရပ်အထက(၂)ကျောင်းဘေး လမ်းက”ကြူကြူ”နဲ့ နာမည် မမှတ်မိ တော့တဲ့ တောင်ခွလမ်းဆုံ ပန်းချီ ဦးဘထွန်းတင်၊ ပန်းချီကိုအောင်ဆင့်တို့ အိမ်ကဆိုင်၊ တံငါရပ် မင်္ဂလာလမ်းက ကျွန်တော်တို့နဲ့ ကျောင်းနေဖက် သီတာအေး၊ ထွန်းထွန်းရှိန်တို့မောင်နှမ အိမ်ကဆိုင်၊ ဈေးတောင်ဖက်လမ်း ဆောက်လုပ်ရေးရုံးရှေ့ကဆိုင်၊ ကညုံရပ် ဆက်သွယ်ရေးရုံးရှေ့ကဆိုင်စသဖြင့် ဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ်နဲ့ စည် စည်ပင်ပင်ထွန်းကားခဲ့တဲ့ စာအုပ်အငှား ယဉ်ကျေးမှုက တကယ့်လွမ်းစရာ။

၈၈ အရေးအခင်းနောက်ပိုင်း ဇရစ် ရပ်မင်္ဂလာလမ်းမှာ ကိုယ်တိုင်က ဝါသ နာကြီးပြီး စာအုပ်အစုအဆောင်းလည်း ကောင်း၊ သူကိုယ်တိုင်လည်း တက္ကသိုလ် မောင်ယဉ်ကျေးကလောင်နဲ့ စာတွေရေးခဲ့ တဲ့ ဦးစိုးမြစ်က ကိုလိုနီခေတ်၊ ဖဆပလ ခေတ်က စာအုပ်အဟောင်းတွေ၊ ဆိုရှယ် လစ်ခေတ်မှာ အပိတ်ပင်ခံလိုက်ရတဲ့သိုက်၊ စုန်းကဝေစာအုပ်တွေ၊ နိုင်ငံရေးစာအုပ် တွေတင်ပြီး တခြားဆိုင်တွေနဲ့မတူတမူ ထူးအောင် “လောကနတ်စာပေ”ကို ပွဲ ထုတ်လာခဲ့တယ်။
စာအိုးပေအိုးတွေအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်ကြီးတစ်ခု လိုပါပဲ။ စာစုံကလောင်စုံကို တစ်နေ့တစ် မျိုးမရိုးအောင် ငှားကြဖတ်ကြရတော့တာ ပါ။ လောကနတ်ဆိုင်ကနေ ခွဲထွက်ပြီး “မြကြေးစည်သံ”ဆိုတာလည်း ခုံဝင်းဒတ် ရပ် မဉ္ဇူလမ်းမှာ ဖွင့်ခဲ့ပါသေးတယ်။

လောကနတ်စာပေမှာ အဖေ ဦးစိုးမြစ်ကအစ သားအငယ်ကိုထိုက် အဆုံး တစ်မိသားစုလုံးကွမ်းဂျပိုးဖြစ်ခဲ့ ကြတာလည်း မှတ်မိနေပါသေးရဲ့။
ခေတ်ကာလအမျိုးမျိုးကို ကြံ့ကြံ့ ခံပြီး လုပ်ငန်းတူ စာအုပ်ဆိုင်တွေ အငှား စနစ်ကို ဆက်မလုပ်နိုင်ကြတော့တဲ့အ ချိန်မှာ ပေါ်လာတဲ့အားကစားဂျာနယ်၊ သတင်းဂျာနယ်တွေ ဖက်လှည့်၊ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်ပြီး အခုလက်ရှိ အချိန်ထိ အောင်အောင်မြင်မြင်နဲ့ ရပ်တည် နေနိုင်ခဲ့တဲ့”အောင်စာပေ”ဆိုရင်လည်း တည်ထောင်သူ ဦးအောင်မင်းနဲ့ မိသားစု အတွက် ဂုဏ်ယူစရာပါ။

“နင့်အဖေက သိပ်အမြော်အမြင်ကြီး တာကွ၊ သားယောက်ျားချည်း ခြောက် ယောက်မွေးထားတော့ သူ့သားတွေဝေး ဝေးလံလံသွားစရာမလိုပဲ ဆိုင်လာတဲ့ ကောင်မလေးတွေကို ပိုးလို့ရအောင် စာအုပ်ဆိုင်ဖွင့်ပေးထားတာသာကြည့်”ဆိုပြီး ကျောင်းနေဖက်သူငယ်ချင်း အေးမင်းအောင်ကို စတော့ နှုတ်ခမ်းလှုပ်ရုံ ဆဲပြီးစိတ်ဆိုးပြတယ်။
ကျောင်းသွားကျောင်းပြန်၊ ပွဲလမ်း သဘင်နဲ့အကြောင်းခြင်းရာ မယ်မယ်ရရ မရှိဘဲ လမ်းထွက်လမ်းလည်တာမျိုး လည်း သိပ်မရှိကြသေးတဲ့ ခေတ်အနေ အထားမို့ တချို့သမီးရည်းစားတွေဆို ညနေစောင်းမှာ စာအုပ်ငှားဖို့ ပြန်အပ်ဖို့ အကြောင်းပြပြီး စာအုပ်ဆိုင်မှာ အချိန်း အချက်လုပ်၊ အကြည့်တွေ အပြုံးတွေ ဖလှယ်၊ ရည်းစားစာကို စာအုပ်ကြား ညှပ်ပြီး အပေးအယူ လုပ်ခဲ့ကြတာမျိုး တွေကို ဖြတ်သန်းဖူးသူတွေတော့ သတိရ နေကြမှာပါပဲ။

ဈေးကြီးထဲမှာ ဆိုင်ထိုင်တဲ့သူတွေ ကို စာအုပ်တွေ ခြင်းထဲထည့်ဆွဲပြီး ငှားတဲ့ လက်ပွေ့စာအုပ်အငှား၊ ရွေ့လျား စာအုပ် အငှားသည်တွေလည်း ရှိခဲ့ဖူး သေးတယ်။ အထည်တန်း၊ အခြောက် အခြမ်းရောင်းတဲ့ အတန်းတွေမှာသာ အတွေ့ရများပြီး၊ သားစိမ်းငါးစိမ်းတန်း တွေကျတော “ရေစိုစုတ်ပြဲပျက်စီးလျှင် စာအုပ်တန်ဖိုးပေး လျော်ရမည်”ဆိုတဲ့ မူနဲ့သိပ်မကိုက်လို့ ခြေဦးမလှည့်ကြတာ ဖြစ်မှာ။ အငှားစာ ရင်းမှတ်တဲ့စာအုပ်ကြား ထဲမှာ သုညသုံးလုံးကစ ကိုးသုံးလုံးအထိ ပါတဲ့ ချဲထီစာ အုပ်လေးညှပ်၊ ရုပ်ပြ စာအုပ်တွေ ဝတ္ထုတွေကို အကာ အကွယ်ယူပြီး ချဲဒိုင်ကိုင်၊ ချဲကော်မရှင် စားရောင်းတဲ့သူတွေလည်း ရှိခဲ့ကြဖူး တယ်။

အခုနောက်ပိုင်းမှာ အနုပညာရှင် တွေဘက်ကလည်း ရသစာပေဖန်တီး နိုင်မှု ကျဆင်းလာ၊ ဒစ်ဂျစ်တယ်မီဒီယာ တွေက ပုံနှိပ်မီဒီယာတွေထက် ကျယ် ကျယ်ပြန့် ပြန့်ထိုးဖောက်နိုင်လာ၊ ရမ်ဘိုဂိမ်း၊ မာရီ ယိုဂိမ်းကနေစပြီး ပီအက်စ်ဝမ်း၊ ပီအက်စ် တူးဂိမ်းတွေကို လူငယ်တွေ စိတ်ဝင်စား မှုမြင့်တက်လာ တော့ စာအုပ်ဆိုင်တွေအစား ဂိမ်းဆိုင် လေးတွေ အလျှိုလျှိုပေါ်လာ၊ စာဖတ်မယ် ကဗျာဖတ်မယ်ထက် ဒိုတာခုတ်မယ်၊ ဖုန်းလေးတကိုင်ကိုင်နဲ့ အားအားရှိ မိုဘိုင်းလီဂယ်ဂိမ်းဆော့မယ်ဆိုတာ တွေပဲ အတွေ့ရများလာပြီး စာအုပ် ဖတ်တဲ့ အလေ့အထဟာ ကမ္ဘာဦးက ဒိုင်နိုဆော တွေလို၊ မီးတောင်ချော် ရည်အောက်ရောက် သွားတဲ့ ပွန်ပီမြို့လို ပျောက်ကွယ်သွားတော့မလား စိတ် မသက်မသာနဲ့ တွေးပူ မိပါရဲ့ဗျာ။

Related Posts