ကော့သောင်းနာရီစင် ပြင်ဆင်ရန် တိုင်းအစိုးရထံ တင်ပြမည်

0
476

ကော့သောင်းမြို့နယ် အဏ္ဏဝါရပ်ကွက်ရှိ နာရီစင်ကြီးမှာ ဟောင်းနွမ်းဆွေး မြေ့နေသည့်အတွက် အသစ်ပြန်လည် တည်ဆောက်ရန်အတွက် တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။

နာရီစင်တွင် ကပ်ထားသည့် လေးဘက်လေးတန် နာရီများ အချိန်မမှန်တော့သည့်အပြင် အပေါ်တက်မည့် အတွင်းပိုင်းနေရာတွင် ဆွေးမြည့်နေခြင်းကြောင့် အန္တရာယ်ရှိ အဆောက်အအုံ ဖြစ်နေကြောင်း မြို့နယ်စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။
“ဘယ်အချိန်မှာ ဆောက်ဖြစ်မလဲ ဆိုတာကတော့ အင်ဂျင်နီယာဘက်က ဒီဇိုင်းနဲ့ ကုန်ကျငွေကို တွက်ချက်ပြီးရင် တိုင်းအစိုးရမှာ ခွင့်ပြုချက်တောင်းရဦးမယ်”ဟု ကော့သောင်းမြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က ဆိုသည်။

အဆိုပါနာရီစင်ကြီးကို နယ်စပ် ဖြတ်သန်းခမှ တစ်ဆယ်ရာခိုင်နှုန်းရရှိ သည့် မြို့ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပြုပြင်နိုင်ရန် တိုင်းအစိုးရထံ အရေးကြီး လုပ်ငန်းအဖြစ် အမြန်ဆုံး အကောင် အထည် ဖော်ရေးတင်ပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းနာရီစင်ကို ၁၉၈၉ ခုနှစ်က စတင်တည် ဆောက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။