ကမြောကင်းတံတားအသစ်ဆောက်ရန် ယခုဘဏ္ဍာနှစ်တွင် မြေသား စတင်စမ်းသပ်မည်

0
431

ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ကို ဆက်သွယ်မည့် ကမြောကင်း တံတားအသစ်တစ်စီး တည်ဆောက်ရန် အတွက် မြေသားစမ်းသပ်မှုလုပ်ငန်းကို ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်း ဒေသကြီးဦးစီးမှူးက ပြောသည်။

လက်ရှိကမြောကင်းတံတားနှင့် ကပ်လျက်နေရာတွင် တည်ဆောက်မည့် တံတားအတွက် မြေသားစမ်းသပ်မှုကို ၂၀၁၈ ဘဏ္ဍာနှစ် (၆လဘတ်ဂျက်နှစ်)တွင် စတင်လုပ်ဆောင်မည်ဖြစ်ပြီး တည် ဆောက်ရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်မည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ဆိုသည်။
“မြေစမ်းသပ်မှုကို အခု မီနီဘတ် ဂျက်မှာပဲ စမ်းသပ်မှုတွေ လုပ်ပါ့မယ်၊ မြေစမ်းသပ်ပြီးမှ ဒီဇိုင်းထွက်မယ်”ဟု ဦးဝင်းမင်းထွဋ်က ပြောသည်။

လက်ရှိတံတားနှင့် DDPC ဈေး ဝယ်စင်တာကြားတွင် တည်ဆောက်ရန် ရည်မှန်းထားပြီး သံကူကွန်ကရစ် အမျိုး အစားဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတံတားမှာ နှစ်လမ်းသွား ဖြစ်သည့်အတွက် ကျဉ်းသည်ဟု မပြော နိုင်ဘဲ တံတားအသစ်ဆောက်မည့် ကုန်ကျငွေကို အမှန်တစ်ကယ်လိုအပ် သည့် နေရာတွင်သာ အသုံးပြုသင့် ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက်နေ ကိုလှသိန်းက ပြောသည်။

“လက်ရှိတံတားက သက်တမ်းကုန် နေပြီဆိုရင်တော့ ဆောက်သင့်တယ်”ဟု ကိုလှသိန်းက ဆိုသည်။
ယာဉ်သွားလာမှု များပြားလာသည့် အတွက် ကမြောကင်းတံတားအသစ် တစ်စီးကို ဆောက်လုပ်သင့်သည်ဟု ပြောဆိုသူများ လည်းရှိသည်။
အသစ် ဆောက်မည့်တံတားအကျယ် မှာ လေးလမ်းသွား(သို့)နှစ် လမ်းသွား ဖြစ်မည်ကိုမူ ဒီဇိုင်းပုံစံထွက်ပြီးမှသာ ပြောနိုင်မည်ဖြစ်ကြောင်း ဦးဝင်းမင်းထွဋ် က ဆိုသည်။
တံတားအသစ်ကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် မျှော်မှန်း ထားပြီး တည်ဆောက်မှုကုန်ကျစရိတ်မှာ ငွေကျပ် လေးဘီလီယံအထက် ရှိမည် ဖြစ်ကာ တည်ဆောက်ရေးကာလက အချိန် သုံးနှစ်ခန့်ကြာနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအသုံးပြုနေသည့် ကမြော ကင်းတံတားကို ၁၉၇၅ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး တံတားအရှည်မှာ ပေ ၁၁၀၀ ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။