ထားဝယ်ခရိုင် ဒေသန္တရပထဝီဝင်စာအုပ် ယခုနှစ်ကျောင်းသင်ရိုးတွင် ထည့်သင်နိုင်ရန်စီစဉ်

0
458

ယခုလအတွင်း ပါရမီစာပေမှ ထုတ်ဝေဖြန့်ချိသည့် ထားဝယ်ခရိုင် ဒေသန္တရပထဝီဝင်စာအုပ်အား ထားဝယ် ခရိုင်အတွင်းရှိ ဒေသန္တရသင်ရိုးထဲ ထည့် သွင်းသင်ကြားနိုင်ရန် စီစဉ်နေကြောင်း လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။
ဒေသန္တရသင်ရိုးဆိုသည်မှာ ဒေသ အလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေး၊ ဒေသ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်း စသည်တို့ကို စာအုပ်ပြုစု တင်ပြပေးရပြီး သင်ရိုးညွှန်းတမ်းကော် မတီမှ တည်းဖြတ်အတည်ပြုပေးသည့် သင်ရိုးဖြစ်သည်။

လက်ရှိတွင် ပြည်ထောင်စု ပညာ ရေးဝန်ကြီးအား အဆိုပြုထားပြီး သင်ရိုး ညွှန်းတမ်းကော်မတီက မည်သည့် အတန်းတွင် သင်ကြားမည်နှင့် သင့် တော်ကိုက်ညီသည့် သင်ရိုးကို ပြန်လည် ရေးဆွဲရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“ဒီနှစ်ထဲ မီအောင်(သင်နိုင်အောင်)ကြိုးစားနေတယ်”ဟု ဝန်ကြီးကပြော သည်။
ယခုသင်ရိုး သင်ကြားခွင့်ရပါက တနင်္သာရီတိုင်းအတွင်း ပထမဆုံးသော ဒေသန္တရသင်ရိုး ဖြစ်လာမည် ဖြစ်သည်။
ထားဝယ်ခရိုင် ဒေသန္တရပထဝီဝင် စာအုပ်တွင် ထားဝယ်ခရိုင်၏ သဘာဝ ပထဝီဝင်၊ လူမှုရေးပထဝီဝင်၊ စီပွားရေး ပထဝီဝင်၊ ဘာသာရေးအဆောက်အအုံ များနှင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ ထားဝယ်ခရိုင်ဆိုင်ရာ အချက်အလက် အချို့ဟူ၍ အခန်း ၅ ခန်းပါဝင်သည်။

ထားဝယ်ခရိုင် ဒေသန္တရပထဝီဝင် စာအုပ်ကို ထားဝယ်တက္ကသိုလ် ပထဝီ ဝင်ဌာနမှ ဒေါက်တာမေနန်းရီ(တွဲဖက် ပါမောက္ခ)နှင့် ဒေါက်တာကျော်နိုင် (ကထိက)တို့ ရေးသားပြုစုသည့်စာတမ်း ကို အဓိကအခြေခံကာ ထားဝယ်သား စာရေးဆရာ ကျော်ဦးက ဖြည့်စွက် တည်းဖြတ်ပြီး၊ ဖိုးဇော်(ထားဝယ်)ဓာတ် ပုံများဖြင့် ထုတ်ဝေထားခြင်း ဖြစ်သည်။
မြိတ်ခရိုင် ဒေသန္တရပထဝီဝင်စာ အုပ်ကိုလည်း ရေးသားပြုစုရန် မေတ္တာ ရပ်ခံထားကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။