နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိ မဟာစည်ရိပ်သာမုခ်ပေါက် စတင်ပြုပြင်

0
392

မြိတ်မြို့ ကန်ဖျားရပ်ကွက်တွင် နှစ်ပေါင်း ခြောက်ဆယ်ကျော်သက်တမ်း ရှိ မဟာစည် ဗုဒ္ဓသာသနာ့ရိပ်သာ မုခ် ပေါက်အား စတင်ပြုပြင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
မေလ ၂ ရက်မှစတင်ပြုပြင်လျက် ရှိပြီး မူလလက်ရာမပျက်စေရန် လုပ် ဆောင်မည်ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

လက်ရှိ မုခ်ပေါက် အကျယ်မှာ ၁၅ ပေ၊ ၈ လက်မနှင့် အမြင့် ၁၂ ပေ ရှိပြီး အသစ်ပြုလုပ်မည့်မုခ်ပေါက်ကို အကျယ် ၂၄ ပေ၊ အမြင့် ၁၆ ပေ ပြုလုပ်သွားမည် ဖြစ်ကြောင်း စည်ပင်ကော်မတီထံမှ သိရ သည်။
“ဒေါင်းရုပ်တွေနဲ့ အလယ်မှာရှိတဲ့ ပန်းကနုတ်လည်း ပြန်သုံးမယ် အရင် အလှူရှင်ကမ္ပည်းတွေကို ဖြတ်ထုတ်ပြီး ပြန်ထားမယ်”ဟု ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

အဆိုပါ မုခ်ပေါက်အတွင်းဘက် တွင် ရပ်ကွက်ကြီးတစ်ခုတည်ရှိပြီး မုခ် ပေါက်ကျဉ်းမြောင်းသဖြင့် မီးသတ် ယာဉ်များ ဝင်ထွက်ရန် အဆင်မပြေသည့် အတွက် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါ စိုးရိမ်နေရကြောင်း ဦးမြတ်ကိုကိုက ပြောပြသည်။
မုခ်ပေါက်ရော လမ်းပါ ကျဉ်းမြောင်း နေသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှု များရှိနေကြောင်း မုခ်ပေါက်အနီးနေသူ တို့က ဆိုသည်။

ထို့ပြင် မုခ်ပေါက်မှ မဟာစည်ဗုဒ္ဓ သာသနာ့ရိပ်သာ ထိပ်အထိ အရှည် ပေ ၄၀၀ ဝန်းကျင်ခန့်အား အကျယ် ၂၄ ပေရှိ ကွန်ကရစ်လမ်း ခင်းကျင်းမည်ဖြစ် ကြောင်း ကော်မတီမှ သိရသည်။

အဆိုပါ မုခ်ပေါက်နှင့် ကွန်ကရစ် လမ်းခင်းကျင်းခြင်းကို မြိတ်မြို့နယ် စည်ပင်ကော်မတီနှင့် ILBC ကျောင်း တို့မှ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး အချိန်တစ်လခန့်ကြာနိုင်ကြောင်း စည် ပင်ကော်မတီမှ သိရသည်။
အဆိုပါမုခ်ပေါက်ကို ၁၉၅၂ ခုနှစ် က တည်ဆောက်ခဲ့သည်။