ဆလုံ နတ်ဆရာအို၏ နေညိုချိန်

သူသည် ဆလုံတို့၏ ထုံးစံအတိုင်း မိမိအသက် မည်မျှရှိပြီကို မသိပါ။ သူသိ သည်က သူနှင့်ရွယ်တူတို့ သေဆုံးကုန် ကြလေပြီ။
တွန့်ရွနေသော သူ့ပါးရေနားရေ များကြားရှိ စိုစွတ်စွတ် ရီဝေဝေ မျက် လုံးများက စူးစူး စိုက်ကြည့်နိုင်ဆဲ။ သူ့နားနှစ်ဖက်ကြားစေရန်ကား အတော် ပင် အော်ပြောနေရပြီ။

သူသည် ဆလုံတစ်စု၏ ခေါင်း ဆောင်ဖြစ်သည်။ တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံတစ်ဝှမ်း ပြန့်ကျဲနေသော ဆလုံမျိုးနွယ်စုများထဲမှ ဘုတ်ပြင်းမြို့ နယ် ခင်ပြည့်စုံကျွန်းနှင့် ဗိုလ်ချိုကျွန်း တစ်ဝိုက်ရှိ ဆလုံတစ်စု၏ ခေါင်းဆောင်။ သူ့ အမည်က ကာရှား။ ဆလုံလူမျိုးစု တစ်ခုလုံး၏ နောက်ဆုံးနတ်ဆရာ ဖြစ် လာဖွယ်ရှိသူ နတ်ဆရာအိုကြီး ကာရှား။

ဘ၀၏ အပျော်ရွှင်ရဆုံးအချိန် များက တစ်နှစ်တစ်ခါ နတ်ကသည့် တဒင်္ဂဟု ဖွင့်ဟလေသူ နတ်ဆရာအိုကြီး ကာရှားတွင် မသေမီ ပြုလုပ်သွားလိုသည့် အိပ်မက်တစ်ခု ရှိသည်။ ယင်းအိပ်မက် ကား သူ မူလနေထိုင်ခဲ့ရာ ပုလဲကျွန်းတွင် ပြန်ခေါင်းချရန်။
‘အသက်ကလည်း ကြီးပြီလေ..၊ ငါနေခဲ့တဲ့ ပုလဲကျွန်းကို ပြန်ပြောင်းချင် ပြီ..’
ပုလဲကျွန်းကား ကာရှား၏မွေးရပ်။ သူ၏ မိဘဘိုးဘွားဆွေမျိုးများ အစဉ် တစိုက်နေထိုင်ခဲ့သည့် ကျွန်း။ ယခု သူနေ ထိုင်သည့် ဘုတ်ပြင်းမြို့နယ် မကြုံက လက်ရွာ(ဗိုလ်ချိုကျွန်း)မှ မြောက်ဘက်သို့ စက်လှေငယ်ဖြင့် တစ်နေ့ခရီးမျှ ဆန်တက် ရသည့်ကျွန်း။

ကာရှားငယ်စဉ်က ပုလဲကျွန်းတွင် တစ်နေ့စားရန် တစ်နေ့ရှာရင်း မိသားစု အရိပ်၊ လူမျိုးစုအရိပ်တွင် ပူပင်ကင်းစွာ ကြီပြင်းခွင့် ရခဲ့သည်။ သိတတ်စ အရွယ် တွင် မိဘများက မြိတ်သား ထောင်ကယ် (သူဌေး)ထံတွင် ‘စားရိတ်ထုတ် ပစ္စည်း ပြန်သွင’စနစ်ဖြင့် အေးချမ်းစွာ လုပ်ကိုင် ခဲ့သည်။ ပုလဲကျွန်းတစ်ဝိုက် ပင်လယ် တွင် စေတီခရု၊ မျှော့၊ ငါးရှာဖွေ ကျက် စားသည်။ ကျွန်းများပေါ်တွင် ပျား၊ တောဝက်စသည်တို့ကို ရှာဖွေရင်း ကြီး ပြင်းခဲ့သည်။ အရွယ်ရလာသောအခါ ကာရှားကလည်း ချစ်သည့်၊ မိဘများ ကလည်း သဘောတူသည့် ဆလုံမလေး မာကြည်ကို တောင်းရမ်းခဲ့သည်။ တင်တောင်းခဲ့သည့် ပစ္စည်းက ယခု သူဝတ်ဆင်ထားသည့် ငွေလက်ကောက် လေးတစ်ကွင်း။ သူ့ချစ်သူအား တောင်း ယူခဲ့စဉ်က သူ့တွင် ရွှေ၊ ငွေတို့မရှိ။ သို့ကြောင့် ထိုငွေလက်ကောက်လေး ဖြင့် တင်တောင်းခဲ့သည်ဟု ဆိုသည်။

သူ့ဘ၀တစ်လျှောက်လုံးတွင် ပင် လယ်ထဲမှ ထူးခြားသည့် အဖိုးတန်ပစ္စည်း ကြီးကြီးမားမား မရခဲ့ဖူးဟု ဆိုသည်။ ထူးထူးခြားခြား စုမိဆောင်းမိသည်လည်း မရှိ။ လှေပြုလုပ်ရန် သစ်မဝယ်နိုင်သဖြင့် ရင်ငန်းသားကို လှေလုပ်ကာ ပင်လယ် တွင် ငါးရှာခဲ့ရသည်။ ထိုစဉ်က ဆလုံ အမျိုးသားတစ်ဦးတွင် လုံချည် ၁ ထည် အင်္ကျီတစ်ထည်၊ ဆလုံအမျိုးသမီးတစ်ဦး တွင် လုံချည် ၂ ထည်၊ အင်္ကျီ ၂ ထည် ခန့်မျှဖြင့် ဘ၀ကို ဖြတ်သန်းခဲ့ရသည်။ ၂ စုံ ရှိသူက ပင်လယ်တွင် တစ်စုံဝတ်၊ အိမ်တွင် တစ်စုံထား။ သို့သော် မွေးရပ် ပုလဲကျွန်းတွင် လွတ်လပ်လုံခြုံ ပျော်ပါးစွာ။
သူ့ဖခင် ဆုံးပါးသောအခါ ဖခင် နတ်ဝိညာဉ်က သူ့ကို ရွေးချယ်ပူးကပ် ရာမှ သူ နတ်ဆရာ ဖြစ်လာသည်။ နတ်ဆရာ ဖြစ်လာသည်နှင့် ဆလုံတို့ ထုံးစံအတိုင်း သူက ယင်းဒေသတစ်ဝိုက် ၏ ဆလုံခေါင်းဆောင် ဖြစ်လာသည်။ ငါးဖမ်းရာသီကုန် (ဖေဖော်ဝါရီနှင့် မတ်လ ကြား)တိုင်း နတ်ကကြသည်။ ဘိုးဘေး နတ်များကို ပင့်ဖိတ်ပူဇော် ကြသည်။ အိုးခွက်တို့ကို ဗုံလုပ်တီးကာ တပျော် တပါး ကခုန်ကြသည်။ ပုလဲကျွန်း (ဆလုံ အခေါ် ဂျာအိ)တဝိုက်ကား သူတို့ ဆလုံ များအတွက် နတ်ပဒေသာပင်များ ရှိ သည့် နိဗ္ဗာန်ဘုံ။

နောက်တွင် ပုလဲကျွန်းသို့ သူတို့ နှင့် မရင်းနှီးသော လူစိမ်းများ အလုံး အရင်းဖြင့် ဝင်ရောက်ခြေကုပ်ယူလာ ကြခြင်းက သူတို့ နိဗ္ဗာန်ဘုံအား စွန့်ခွာ ရတော့မည့် အခင်းအကျင်း ဖြစ်လာ သည်။ ပုလဲကျွန်းတွင် လူစိမ်းတို့ တစစ များပြားလာသည်။ အဓိက ပုလဲမွေး ကြသည်။ ပထမတွင် ဆလုံနေမြဲ၊ ဗမာ နေမြဲ။ နေရင်း ဆလုံတို့ အခြေမပျက် သေး။ ဆလုံအချို့က မုတ်ကောင်ငုပ် လုပ်သားအဖြစ် ဝင်လုပ်ကြသည်။

မွေးရပ်မြေ ပုလဲကျွန်းက ထွက်ခွာ လာကြသည်မှာ အတင်းအဓမ္မ နှင်ထုတ် ခံရခြင်းတော့မဟုတ်။ သို့သော် ထိုကျွန်း တွင် ကာရှားတို့ ဆလုံများ ဆက်နေ ထိုင်ရန် မဖြစ်နိုင်တော့သော အခင်း အကျင်းများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ သည်။ အဆိုးဆုံးမှာ လောဘနည်း၍ လူစိမ်းကြောက်သော ဆလုံများအား သူခိုး ယိုးစွပ်ခြင်း ဖြစ်သည်။ မွေးထား သော မုတ်ကောင်များကို သူခိုးတို့ ခိုးကြသည်။ ခိုးသူတို့က ဆလုံတို့လက်စွဲ ငါးထိုးမှိန်းတံကို အသုံးပြု ခိုးယူကြ သည်။ မုတ်ကောင်ခြင်းများကို မှိန်းတံ ဖြင့် ချိတ်ယူကြရာ အချို့ မှိန်းတံများ မုတ်ကောင်ခြင်းတွင် ညှိကျန်ခဲ့သည်။
ထိုမှိန်းတံများကို ပုလဲမွေးသူတို့ တွေ့သောအခါ..၊ ‘သူခိုးဆလုံ’ဟု စွပ်စွဲက ဆလုံတို့အား ရိုက်နှက်ညှင်းပန်း ကြသည်။ ထိုသို့ သူခိုးယိုးစွပ် ရိုက် နှက်နှိပ်စက်ခံရခြင်းက တစ်ကြိမ် နှစ် ကြိမ်မဟုတ်။ ကြာသော် မခံနိုင်တော့။ မွေးရပ်ကို မခွာလိုသော်လည်း ဥပဒေ နားမလည်သော လူနည်းစု ဆလုံတို့ ဆုံးဖြတ်ကြရတော့သည်။
‘ဗမာတွေနဲ့ ဝေးရာ ငါတို့ပြောင်း ကြစို့..’

ပုလဲကျွန်းကို စွန့်ခွာလာခဲ့ရသည့် ကာရှားတို့ ဆလုံတစ်စုက တောင်ဘက် သို့ စုန်ဆင်းခဲ့ပြီး ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တစ်ဝိုက် ကျွန်းများ တွင် ပြောင်းရွှေ့နေထိုင် ကျက်စားကြ သည်။ လူတို့ ခြေရာလက်ရာတွေ့သော အချို့ကျွန်းများသို့ သူတို့ မကပ်ရဲ။ အချို့ကျွန်းများတွင် မိမိတို့လူမျိုးစုများနှင့် တွေ့ရှိက အတူတူ နေထိုင်ကြသည်။ “အဆင်ပြေတဲ့ရွာမှာ နေမယ်၊ အဆင် မပြေရင် ပြောင်းမယ်ပေါ့၊ အရင်ခတ်က ဗမာနည်းတယ်လေ၊ ပင်လယ်ပစ္စည်းတွေ တအားများတယ်၊ ခုက ဗမာများတယ်၊ ဗမာများတော့ ပင်လယ်ပစ္စည်းတွေ ကုန်ပြီ..” ဟု ကာရှားက ဆိုသည်။

နေရာတစ်ခုတွင် အတည်တကျ တာရှည်နေထိုင်ခွင့် မရခဲ့။ ကာရှားတို့က ဓားပြဟု ခေါ်တွင်သူတို့၏ လုယက်နှိပ် စက်မှုများကြောင့် တောင်ဘက်သို့ ဆက် လက်စုန်ဆင်း အသိုက်ပြောင်းခဲ့ကြ ရပြန်သည်။
(၁၉၉၉ ခုနှစ်ခန့်မှစ) ယခု ကာရှားတို့ အခြေချနေထိုင်သည့် မကြုံကလက်သို့ ရောက်လာချိန်တွင် ဤကျွန်းတွင် မူရင်းဆလုံအိမ် အနည်း ငယ်မှအပ ဗမာအပါအဝင် အခြားလူမျိုး တို့အိမ် တစ်အိမ်မျှ မရှိသေး။
“ခုတော့ မကြုံကလက်မှာလည်း ဗမာတွေများလာတော့ စိတ်ထဲတစ်မျိုးပဲ။ ပြောင်းဖို့လည်း နေရာမရှိတော့ပြီလေ”}ဟု ကာရှားက ပြောသည်။

(မှတ်ချက်။ ။ ကာရှားပြော သည့် ဗမာဟူသည့် အသုံးသည် ဆလုံ မဟုတ်သည့် အခြားလူမျိုးများကို ဆိုလိုခြင်း ဖြစ်သည်။ ဆလုံကျွန်းများတွင် ဗမာအပါအဝင် အခြားတိုင်းရင်းသား များလည်း လာရောက် အခြေချ နေထိုင် လျက်ရှိသည်။)
ကြားထဲတွင် ကာရှား၌ သား ၂ ဦး၊ သမီး ၅ ဦး ထွန်းကားခဲ့သည်။ သူ၏ သားသမီး မြေးများ ဆလုံမဟုတ်သူ များနှင့် အိမ်ထောင်ပြုမည်ကို ကာရှား က မလိုလား မနှစ်သက်ပေ။ သို့သော် သူတားနိုင်မည်မဟုတ်။ အတင်းအကျပ် တားမြစ်လိမ့်မည်လည်း မဟုတ်။”ကိုယ့် စိတ်နဲ့ သမီးတွေ၊ မြေးတွေစိတ်နဲ့က မတူဘူးလေ၊ သူယူရင် ကိုယ်ပြောလို့ မရဘူးပေါ့..”

သူ့လူမျိုး ဆလုံအမျိုးသမီးများ လူမျိုးခြားနှင့် အိမ်ထောင်ကျပြီး အခိုင်း အစေကဲ့သို့ ဆက်ဆံရမည်ကို သူစိုးရွံ့ သည်။
“ခု ကြည့်ပါလား၊ အခြားအမျိုး သားနဲ့ အိမ်ထောင်ကျတဲ့ မော်ကင်း (ဆလုံ)အမျိုးသမီးတွေက လှေလှော် နေရတယ်။ လင်က အိမ်မှာထိုင်နေ တယ်” ပြောရင်း ကာရှားက လှေလှော် ဟန် လုပ်ပြသည်။
ဆလုံယောက်ျm;များက အလုပ်လုပ် ကြပြီး လူမျိုးခြား အမျိုးသမီးများက ထိုင်စားကြသည်မျိုးလည်း မနှစ်သက်ဟု သူက ဆိုသည်။

သူ့ချစ်သူ မာကြည်သည်လည်း ဆုံးရှာပြီ။ သူပိုင်ပစ္စည်းတစ်ဝက်ကို ခွဲ ပေးကာ သူ့အိမ်နောက်တွင် မြှုပ်နှံ သဂြုØဟ်ထားသည်။ သူတင်တောင်း ခဲ့ဖူးသည့် ငွေလက်ကောက်လေးကိုမူ သူ၏ ကြေးနီရောင်ထနေသော လက် ကြမ်းကြီးတွင် ဝတ်ဆင်ထားသည်။ သူ့ အိမ်ပတ်လည်တွင် မိသားစုအိမ်များ၊ ဆွေမျိုးစုအိမ်များဖြင့် တစည်းတလုံးဖြင့် သိုက်သိုက်ဝန်းဝန်း။

သူကား ခုထိ ပင်လယ်သို့ ထွက် နေဆဲ။ သူ့သားသမီးများနှင့်အတူ ပင်လယ်သို့ထွက်သည်။ လှေငယ်လေး များကို သူ၏ ကိုယ်ပိုင် စက်လှေဖြင့် တွဲသွားကာ လုပ်ကွက်သို့ရောက်လျှင် သားသမီးများက လှေငယ်ကိုယ်စီဖြင့် ငါးရှာ၊ မျှော့၊ စေတီခရုရှာ၊ ကင်းမွန် မျှား ထွက်ကြလျှင် သူက လှေစောင့် သည်။ ဆေးတံကြီးကို တရှိုက်မက်မက် ဖွာရင်း ညနေစောင်းတွင် သူ့လှေဆီ ပြန်ရောက်လာတော့မည့် သားသမီးတို့၏ လှေငယ်လေးများကို မျှော်သည်။ ၄ ရက် ၅ ရက်ခန့်မှ ၁၀ ရက်ခန့်ထိ ကြာပြီးနောက် ရိက္ခာကုန်လျှင်(သို့) ဝမ်းစာစိုလျှင် အိမ်ပြန်ကြမည်။ ရသမျှ ကို ဈေးကောင်းသည့် ဒိုင်တွင်ရောင်းမည်။ ကာရှားတွင် ထောင်ကယ် (ငွေကြို ထုတ်ပေးထားသော လုပ်ငန်းရှင်သူဌေး)မရှိ။ စိတ်ကြိုက်ဒိုင်တွင် ရောင်းနိုင်သည်။

ကာရှားနေထိုင်သည့် ခါးစောင်း သာသာအမြင့်ရှိ အိမ်အောက်နှင့် အိမ်ပတ်လည်တွင် ဆလုံလှေငယ်နှင့် ငါးဖမ်းကိရိယာများ စုံစီနဖာ။ တိုးလိုး တွဲလောင်း။ လှေနားချိန်တွင် သူစား သောက်ရန်အတွက်မူ သူ၏ မြေးမလေး များက သူ့အိမ်ပေါ်တွင် လာရောက် ချက်ပြုတ်ပေးကြသည်။
ကာရှားအိမ်ပေါ်တွင် နတ်စင် တစ်ခုရှိပြီး နတ်စင်ပေါ်တွင် နတ်ရုပ် ငယ်များ၊ အဝတ်အထည်များလည်း တွေ့ရသည်။ ကာရှားကား အိမ်တွင် နေစဉ် ပျင်းပျင်းရှိက ဆေးတံဖွာမည်။ အိမ်ရှေ့ကမ်းခြေတွင်ဆိုက်ထားသော သူ့လှေနှင့် လှေငယ်လေးများကို ငေး မည်။ သူတို့လူမျိုးစု၏ ပင်လယ်တွင် ကျင်လည်ခဲ့သော ဆလုံမူရင်းလှေပုံစံ ငယ်လေးများ ပြုလုပ်မည်။

ဗမာဧည့်သည်များ လာရောက် သည်ကို သူ စိတ်မညစ်ပါ။ ဗမာတို့ အုပ်ချုပ်သည်ကိုလည်း စိတ်မကွက်ပါ။ သို့သော် ဗမာများနှင့် စီပွားရေးအတူ မလုပ်ချင်ဟု ကာရှားက ဆိုသည်။ သူ၏ ညီနှင့် အတော်ပင်ရင်းနှီးသည့် ဗမာ တစ်စုက သူ့ညီအား အနိုင်ကျင့်၊ လုယက် ဓားပြတိုက်ခြင်းမျိုး ကျူးလွန်ခဲ့ဖူး ကြောင်း ကာရှားက ဆိုသည်။
“သူငယ်ချင်း အချင်းချင်း၊ သူငယ် ချင်းဖြစ်ပြီးတောင် ပြန်တိုက်တယ်၊ ဒါကြောင့် မကြိုက်ဘူး။ စီးပွားရေး အတူလုပ်ရင် စိတ်မချရဘူး”

သူသည် မကြုံကလက်ရှိ ဗုဒ္ဓ ဆရာတော်အား ကိုးကွယ်သည်ဟု ဆိုသည်။ သို့သော် ရှိခိုးခြင်းကား မပြု။ သူနှင့် ဆရာတော်မှာ အတူတူ (ဘာသာ ရေးခေါင်းဆောင်ချင်း တန်းတူ)ဖြစ်၍ ရှိခိုးစရာမလိုဟု သူခံယူသည်။
ဆလုံတို့သည် ကျွန်းများတွင် ပြန့်ကျဲနေထိုင်ကြရာ ကျွန်းတစ်ခုနှင့်တစ်ခု နတ်မတူပေ။ မကြုံကလက် (ဗိုလ်ချို)နှင့် လငန်း (ခင်ပြည့်စုံ)ကျွန်း တို့ကို နတ်ဆရာကာရှားက အပိုင်စားရပြီး ကျန်ကျွန်းများတွင် မည်သို့ရှိသည် ကို ကာရှား လက်လှမ်းမမီပါ။ (အခြား ကျွန်းများတွင် နတ်ဆရာများ မရှိတော့ ပါ။ အချို့ကျွန်းများမှ ဆလုံလူကြီး သူမများက သူတို့နတ် သေပြီဟု ဆိုကြပြီး မကြုံကလက်ရှိ ကာရှားကို တော့ သိကြောင်း၊ ကြားဖူးကြောင်း ဆိုကြ သည်။)
လုပ်ငန်းလည်း အဆင်ပြေရန်၊ ဖိုးဘွားနတ်တို့ စောင်မမှုဖြင့် အသက် ရှင်နေထိုင်နိုင်ရန် နတ်ပူဇော်ကြခြင်း ဖြစ်သည်။

ဆလုံနတ်ကွန်းတွင် လေယာဉ်ပျံ အရုပ်များ ထားပေးထားပြီး ယင်းအရုပ် များက ဆလုံနတ်များက ဆလုံများရှိရာ နေရာတိုင်းသို့ တိုင်းခန်းလှည့်လည်ရန် အတွက်ဟု ကာရှားက ဆိုသည်။ မြွေ ရုပ်များမှာ ဆလုံတစ်ဦး တောထဲသွား ရင်း မြွေကိုက်သေသဖြင့် သူ့အတွက် မြွေရုပ် လုပ်ပေးရန် နတ်ဝင်ကာ ပြော သဖြင့် ပြုလုပ်ပေးထားကြောင်း။ လိပ်ပူဇော် ရ ခြင်းမှာ လိပ်မှာပေါ၍ အသားက ရှားသဖြင့် နတ်ပွဲလာဧည့်သည်များအား လိပ်သားဟင်းဖြင့် ကျွေးမွေးခြင်း၊ လိပ်ခေါင်းကို နတ်တင်ခြင်း ပြုလုပ်ရာမှ ဓလေ့ ထုံးတမ်းတစ်ခု ဖြစ်သွားခဲ့သည်။ ပျားမဲပူဇော်ရခြင်းမှာ တောထဲသွားသည့် ဆလုံတစ်ဦး ပျားမဲစား၍ သေဆုံးရာမှ နတ်ဝင်ကာ ပျားမဲကျွေးရန် တောင်းဆို သောကြောင့်ဟု ဆိုသည်။

နောက်မျိုးဆက်များအား ယင်းနတ် ပူဇော်သည့်အလေ့အထ အမွေပေးခဲ့ရန် အခက်တွေ့နေသည်က သီးခြားသင်ပေး ရန် မဖြစ်နိုင်ခြင်း၊ ယခုခေတ်ဆလုံမျိုး ဆက်များမှာ ပညာရပ်ကို မဆည်းပူးလို ခြင်းမှာ အဓိကကျပြီး နတ်သည်လည်း မည်သူ့ကို ရွေးချယ်မည်ကို မသိ ကြောင်း ကာရှားက ပြောသည်။ သူမရှိ သည့်နောက်အတွက် မည်သူက ခေါင်း ဆောင်ဖြစ်လာမည်ကို သူမခန့်မှန်း နိုင်ပေ။ သူ့တွင် သတ်မှတ်ခွင့် မရှိပေ။ အကယ်၍ သူသတ်မှတ်ခဲ့ပါက ဘက် လိုက်ခြင်းသာဖြစ်ပြီး ယင်းသတ်မှတ် ခဲ့သူနှင့် ဆလုံမျိုးနွယ်စုကြား မသင့် မမြတ်ဖြစ်မည်ကို သူမလိုလားပေ။ အကယ်၍ သူသေဆုံးပြီး ခေတ်အခြေ အနေအရ သူ့ကိုအားကိုး အမှတ်ရသူ မရှိတော့ပါက နတ်ဆရာ မပေါ်လာနိုင် တော့ဟု သူက ဆိုသည်။

“ငါသေလို့ ငါ့ကို ဂရုမစိုက်တော့ ဘူးဆိုရင် နတ်ပြန်မဝင်တော့ဘူးပေါ့၊ လူငယ်တွေရဲ့ သဘောပဲလေ” ယခင်က နေမကောင်းဖြစ်ပါက ဆေးမထိုး၊ ဆေးမစားပါ။ ထိုးစရာ ဆေးဆရာ၊ စား စရာဆေးတို့ ဆေးတို့ မရှိပါ။ သူ၏ နတ်ဘုရားတွင် ဆုတောင်း၏။
“ကျွန်ုပ် လူကောင်းတစ်ယောက် ဖြစ်တယ်၊ လူကောင်းဖြစ်၍ ပြန်ထ နိုင်စေ၊ လူကောင်းမဟုတ်ကသေ” ဟု သစ္စာဆို ဆုတောင်းကြောင်း ကာရှားက ဆုတောင်းပုံကို လက်အုပ်ချီဟန်ဖြင့် လုပ်ပြသည်။
သူ လူကောင်းဖြစ်၍ ပြန်ထနိုင်ခဲ့ သည်ချည်းသာ။ ကျန်ဆွေမျိုးသားချင်း များကိုလည်း သူ၏နတ်တွင် တောင်းပန် ကာ ဆေးကုပေးသည်။

“ဒီမှာ အရင်က ဆရာဝန်မရှိဘူး၊ နေမကောင်းဖြစ်ရင် သူ့(ကားရှား)နတ် အရင်ခေါ်တယ်၊ သူ မကုနိုင်ရင် သေပေါ့” မကြုံကလက်ရွာသူ ဆလုံအမျိုးသမီး ဒေါ်မာလိက ပြောသည်။
ယခုအချိန်တွင်လည်း နေမကောင်း ဖြစ်က ခေတ်ပေါ်ဆေးဝါးများနှင့် ကုသကာ မသက်သာပါက နတ်ဆရာ ကာရှား၏ ကုသမှုကို ခံယူကာ ပျောက် ကင်းသွားသည်မျိုးလည်း ရှိသေးကြောင်း ဒေါ်မာလိက ပြောသည်။
ဆလုံလူငယ်တစ်ဦးဖြစ်သည့် ကိုရေအေးကတော့ လက်ရှိတွင် အခက် အခဲရှိ၍ တစ်စုံတစ်ရာတိုင်ပင်လိုပါက ကာရှား၏တပည့် နတ်သမီးများ (နတ် ဝင်သည့် ဆလုံအမျိုးသမီးကြီးများ)အား တိုင်ပင်ကြောင်း ပြောသည်။
“တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆောင်ပုဒ်ကိုင်စွဲကာ ကျွန်းများတွင် လှည့်ပတ်နေထိုင်ခဲ့သော နတ်ဆရာ ကာရှားနှင့် ဆလုံမျိုးနွယ်စုများထဲမှ အချို့က “နိုင်ငံမပြောင်း သူကောင်း မဖြစ်” ခံယူကာ ထိုင်းနိုင်ငံဘက်ထွက် ခွာသွားကြသည်ကို ကာရှားသိနေသည်။ ထိုင်းဘက်ပြောင်းလျှင် ထိုင်းနိုင်ငံမှ နေစရာနေရာ၊ လုပ်ကိုင်စရာအခွင့် အလမ်း၊ ဝတ်စရာအဝတ်အထည်များ ထောက်ပံ့ ပေးမည်ကိုလည်း ကာရှား သိနေသည်။

သို့သော် သူက ဤနိုင်ငံမှ ပြောင်း ရွှေ့မည်မဟုတ်ဟု ဆိုသည်။ ယခု သူနေ ထိုင်ရာနိုင်ငံသည် ဘိုးဘွားတို့ နေထိုင် ခဲ့သောအရပ်ဖြစ်ပြီး ဘိုးဘွား မိဘတို့ ကလည်း ဤနိုင်ငံမှ မစွန့်ခွာသွား ရန် မှာကြားခဲ့ကြောင်း ကာရှားက ဆိုသည်။
“အဖိုးအဖွားက မှာခဲ့တယ်၊ မှတ် ထား၊ ဒီရွာ ဒီမြေက နင် မပြောင်းနဲ့။ နင် သေလည်း ဒီမှာပဲမြှုပ်မယ်၊ နင်မသေ လည်း ဒီမှာပဲနေ၊ တခြားနေရာကို မပြောင်းနဲ့ မှာခဲ့တယ်။ ဒါကြောင့် ဒီ(နိုင်ငံ)မှာပဲ နေတာ” ဟု ကာရှားက ပြောသည်။

မြန်မာနိုင်ငံသား ကာရှားဘ၀ တစ်သက်တာတွင် ပင်လယ်တစ်လျှောက် ထားဝယ်ဘက်ရောက်ခြင်း၊ မြိတ်သို့ လက်ခတ် လှေငယ်ဖြင့် ပင်လယ်ထွက် ပစ္စည်းများ သွားရောက် ရောင်းချခြင်း မှအပ မြို့ကြီးပြကြီးများသို့ မရောက်ဖူး။ ရောက်ဖူးရန်လည်း ကာရှား မမျှော်လင့် ပါ။
သို့သော် သူ့တွင် ကြီးစွာသော အာသီသ တစ်ခု ရှိပါသည်။ ယင်းက မွေးရပ်ပြန်ကာ ခေါင်းချလိုခြင်း ဖြစ်ပါ သည်။
ကာရှားပြန်လိုသည့် ပုလဲကျွန်း၏ လက်ရှိအခြေအနေကိုကား ကာရှားမသိ။ ပုလဲမွေးမြူရေး လုပ်နေဆဲဖြစ်ပြီး သာမန် အရပ်သားတို့ ယင်းကျွန်းသို့ ကပ်ခွင့် မရတော့သည်ကို ကားရှားမသိ။

ကာရှားသိသည်ကား သူ့ဘ၀ နေ ညိုပြီ။ သူချစ်သော မွေးရပ်ကျွန်းသို့ သူမသေမီ ပြန်လိုသည်။
အကယ်၍ ‘တင်မိုး’၏ အောက် ဖော်ပြပါ “ဧည့်သည်ကြီး” ကဗျာကို ကာရှားသာ အလွတ်ရနေခဲ့လျှင် တွန့်ရွ နေပြီဖြစ်သော နှုတ်ခမ်းတို့ဖြင့် အကြိမ် ကြိမ် ရွတ်ဆိုနေမည် ထင်ပါသည်။
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။ ။

Related Posts