ထားဝယ်တိုင်းရင်းဆေးရုံ ဧပြီအကုန် အတွင်းလူနာ လက်ခံမည်

0
475

ထားဝယ်မြို့ရှိ ၁၆ ကုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ပြင်ပလူနာများသာ လက်ခံကုသနေသော်လည်း ဧပြီလ ကုန် မှစ၍ အတွင်းလူနာများ စတင် ကုသ သွားမည်ဖြစ်ကြောင်း ဆေးရုံ ဒုတိယ ဆေးရုံအုပ်ထံမှ သိရသည်။
ထားဝယ်မြို့ ကမ်းနားလမ်းအနီး စိန်ပန်းပြာလမ်းသွယ်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာအနီးတွင် ဖွင့်လှစ်ထားသည့် အဆိုပါ ဆေးရုံတွင် ကျီးပေါင်းရောဂါ၊ လေဖြန်းခြင်း၊ အကြောရောဂါ၊ သွေးတိုး နှင့် ဆီးချို အစရှိသည့် လူနာများ လာရောက် ကုသကြကြောင်း တိုင်းရင်းဆေးရုံ ဒုဆေးရုံအုပ် ဒေါ်ခင်သန်းနုက ဆိုသည်။

“ထားဝယ်ဒေသက လူနာတွေ လာပြကြတာ၊ အခမဲ့ကုပေးနေပါတယ်”ဟု ဒေါ်ခင်သန်းနုက ပြောသည်။
အတွင်းလူနာအဖြစ် မီးယပ်ရောဂါ များလည်း လာရောက်ကုသနိုင်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်မြို့ရှိ တိုင်းရင်းဆေးရုံကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်ဖွင့် လှစ် ခဲ့ပြီး တိုင်းရင်းဆေးဆရာ^ဆရာမ ၃ ဦးဖြင့် ကုသပေးနေသည်။

ကုသမှုခံယူသူ ပျမ်းမျှ တစ်ရက် လျှင် လူနာ ၄၀ ဦးခန့်ရှိကြောင်း အဆိုပါ ဆေးရုံထံမှ သိရသည်။
ပြင်ပလူနာများကို စနေနေ့နှင့် တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များတွင် မနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီ အထိ၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီ ခွဲအထိ လာရောက်ကုသနိုင်ကြောင်း အထက်ပါဆေးရုံထံမှ သိရသည်။

မြိတ်မြို့တွင် ၂၅ ကုတင်ဆံ့ တိုင်း ရင်းဆေးရုံတစ်ခုရှိပြီး တစ်လလျှင် အတွင်းလူနာ ၃၀ ဦးခန့်နှင့် ပြင်ပလူနာ တစ်ရက်လျှင် ၅၀ ဦးခန့် လာရောက် ကုသကြကြောင်း မြိတ်မြို့ တိုင်းရင်းဆေး ရုံအုပ်ထံမှ သိရသည်။