မောလဲဘုရားတွင် ရုပ်ပွားတော်ခိုးသူ မိပြီ

0
493

ထားဝယ်မြို့ ဥဿရံရပ်ကွက်ရှိ မော လဲဘုရားတွင် စကျင်ကျောက်ရုပ်ပွား တော်ခုနှစ်ဆူ ခိုးယူသူကို ခိုးရာပါပစ္စည်း အမျိုးအမည် ငါးဆယ်ကျော်နှင့်အတူ မေလ ၃ရက်က ဖမ်းမိခဲ့ကြောင်း ထားဝယ် မြို့မရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။
မတ်လ ၁၅ ရက်ညက အနောက် ရွှေဘုံသာဘုရား (မောလဲဘုရား) ဝင်း အတွင်း ဥာဏ်တော်အမြင့်တစ်ပေ ကျော် ရှိ စကျင် ကျောက်ဘုရားဆင်းတုတော် ခုနှစ်ဆူ ပျောက်ဆုံးခဲ့ပြီးနောက် တလိုင်း မရပ်ကွက်ရှိ ခိုးယူသူနေထိုင်သည့် အိမ် တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မေလ ၂ ရက်က ထားဝယ်မြစ် အတွင်းရှိ လှေတစ်စီးတွင် လှေမောင်း နှင်သည့် စက်တစ်လုံး ပျောက်ဆုံးသွား ခဲ့ပြီး ခိုးယူသူဟု ယူဆရသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားက လှေမောင်း နှင်သည့် စက်ကိုထမ်းကာ အိမ်ထဲဝင် သွားကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ဦးက လာပြောခဲ့ကြောင်း တလိုင်း ထိန်/တလိုင်းမရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးက ဆိုသည်။
၎င်းနေအိမ်ကို ရှာဖွေဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ယူနေချိန်တွင် အဆိုပါ အမျိုးသားက ထွက်ပြေးသွား ခဲ့ပြီး နေအိမ် အတွင်းဝင်ရောက်ရှာဖွေရာ ဘုရား ဆင်းတုတော်များ အပါအဝင် အခြား ပစ္စည်းအမျိုးအမည်ပေါင်း ငါးဆယ် ကျော်ကို တွေ့ရကြောင်း ဦးကြည်ဌေးက ပြောသည်။

“အိမ်ထဲမှာက ပစ္စည်းထားတဲ့ ဂိုဒေါင်ကြီးတစ်လုံးလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
နေအိမ်အတွင်း စကျင်ကျောက် ဘုရားဆင်းတု ၇ ဆူ၊ ဂဟေဆော်စက်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ မီးသတ် ဆေးဘူးအလုံး ၃၀ ကျော်၊ လော်စပီကာများ၊ လျှပ်စစ်မီတာ၊ နိုင်ငံတော် အလံတိုင်နှင့် နိုင်ငံတော်အလံများ၊ ဂက်စ်အိုး၊ နာရေးအသင်းထိုင်ခုံများ စသည့်ပစ္စည်း အမျိုးအမည် ၅၀ ကျော် ခန့်ကိုတွေ့ရကြောင်း ဦးကြည်ဌေးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ထား ဝယ်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် နိုင်ငံတော်အလံတိုင်နှင့် နိုင်ငံတော် အလံများ ပျောက်ဆုံးမှုများ ရှိခဲ့သည်။

ခိုးယူသည်ဟု ယူဆရသူ အမျိုး သားကို ရဲတပ်ဖွဲ့နှင့်အတူ ဆက်လက် စုံစမ်းရာ မေလ ၃ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ထားဝယ်မြို့ ကမ်းနားဈေး အနီးရှိ အာဇာနည်လမ်းသွယ်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် ယခင်က လှေစက်ဆရာလုပ်ခဲ့ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရသည့်အတွက် စိတ်ပုံမှန် မဟုတ်ကြောင်း တလိုင်းထိန် / တလိုင်းမ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးက ဆိုသည်။

လက်ရှိတွင် ခိုးရာပါပစ္စည်းအချို့ ကို ပိုင်ရှင် ၉ ဦးထံ ပြန်လည်ပေးအပ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးသည့် ပစ္စည်းများကို မြို့မရဲစခန်းတွင် အပ်နှံထားကြောင်း တလိုင်းထိန်/တလိုင်းမရပ်ကွက် အုပ်ချုပ် ရေးမှူးထံမှ သိရသည်။