ရေသွန်းပွဲတော်မှ သရော်ကြသူများ

0
861

မြန်မာ့ ဆယ်နှစ်လရာသီပွဲတော် များထဲက တစ်ခုဖြစ်သော ညောင်ရေ သွန်းပွဲတော်ကို လူတိုင်းနီးနီး ဆင်နွှဲ ဖူးကြပေလိမ့်မည်။ ဗုဒ္ဓဘုရားရှင်၏ အသုံးအဆောင် ပရိဘောဂစေတီ ဗောဓိညောင်ရေ သွန်းလောင်းပွဲက အရပ်ဒေသအသီးသီးတွင် ဆင်နွှဲသည့် ပွဲတော် ဖြစ်၏။
ကဆုန်လပြည့်နေ့တိုင်း ဘုရားနှင့် ညောင်ပင်အား ရေသွန်းကြသည်က ရာစုနှစ်ချီခဲ့ပြီ။ အချို့က သူ့အရပ်နှင့် သူ့ဇာတ်ပျော်ပွဲ၊ ရွှင်ပွဲများ ထည့်သွင်း ကျင်းကြသည်။ အချို့ရပ်ရွာများတွင် ကား မိမိတို့ ရပ်ရွာ၏ ရာဇဝင်များ၊ ရိုးရာဓလေ့များကို ပုံဖော်ကြ၊ ကပြဖျော် ဖြေကြတတ်သည်။

ညောင်ရေသွန်းပွဲများအနက် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတော် ကျင်းပပုံက လည်း တမူထူးပါသည်။ ယနေ့ခေတ် အဖြစ်ပျက်များကို ထင်ဟပ်စေသည့် ပြကွက်များ လှည့်လည်ပြသ သရော် သည့်ဓလေ့က ညင်းမော်ရွာ ညောင်ရေ သွန်းပွဲ၏ ထူးခြားမှုဟု ဆိုရမည်။
ခေတ်စနစ်၏ ဘဝင်မကျစရာ အဖြစ်အပျက်များကို ထော်လာဂျီများ ပေါ်တွင် ဆိုင်ဘုတ်များထောင်၊ လူကိုယ် တိုင် သဏ္ဍန်လုပ် ဟာသနှောကာ သရော်တော်တော် တင်ဆက်ကြသည်။

ထိုသို့တင်ဆက်ရာတွင် ရွာသား အဖွဲ့များက တစ်ဖွဲ့နှင့်တစ်ဖွဲ့ ခေါင်းစဉ် မတူ။
ထားဝယ်ခရိုင်အတွင်း ၂၄ နာရီ လျှပ်စစ်မီးများ ရရှိနေပြီဖြစ်သော်လည်း မိမိတို့ကျေးရွာတွင် ယခုချိန်အထိ ၂၄ နာရီ လျှပ်စစ်မီး မရရှိသေးသည်ကို သရော်ကြပုံမှာ ဤသို့။
ထော်လာဂျီများပေါ် တီဗွီများတင်၊ စလောင်းခွက်များထောင်ကာ လူတွေက မှိင်တွေမျှော်ငေးနေဟန်ဖြင့် လိုက်ပါ။ ဝါးလုံးကို ဆေးဖြူသုတ်ကာ ဓါတ်တိုင် ကဲ့သို့ ပြုလုပ်၊ လူတွေက မီးလိုင်းဆင်နေ ဟန်လိုက်ပါ။ “လာလဲလာဟမ်းမား ၂၄ မီး ၊ ” (မလာတော့ပါလား ၂၄ နာရီမီး)၊ “လာတော့မယ်ဆို”၊ “မျှော်ရင်းနဲ့ပဲ”၊ စသော ဆိုင်းဘုတ်များ ထောင်ကြသည်။

နောက်ဆုံးတစ်စီးပေါ်တွင် အဖွား အိုအဖြင့် သရုပ်ဆောင်သူတစ်ဦးက မီးပုံထွန်းကာ လိုက်ပါလာသည်ကို သရုပ်ဖော်ထားပြီး “အဖွားကတော့ ဒီအတိုင်းပဲ”ဟု ဆိုင်းဘုတ်ထောင်ထား သည်။
ယင်းသို့ လှည့်လည်သည်ကို ရွာသား တို့က ပွဲဇံထွက်သည်ဟု ခေါ်ဆိုကြ သည်။
“အစိုးရက ၂၄ နာရီမီးရအောင် လုပ်ပေးမယ်ပြောပြီး အခုထိ ကျွန်တော် တို့ရွာကို ရောက်လာအောင် မလုပ်ပေး သေးတာကို ထုတ်ဖော်တဲ့အနေနဲ့ ဒီပွဲဇံထွက်ဖြစ်တာပါ”ဟု ညင်းမော် ရွာသား ကိုလေးလေးက ပြောသည်။
အချို့က လူနေမှုပုံစံများကို ပုံဖော်ကာ တင်ဆက်ကြသည်။

စက်ချုပ်နေသူ အမျိုးသမီးတစ်ဦး အား ယောက်ျားဖြစ်သူက မနားတမ်း နှိပ်ပေးနေရသည့် မြင်ကွင်းဖြင့် ပုံဖော် ထားသည့် “အပ်ချုပ်သမားလင်” ပွဲဇံ ကိုလည်း တွေ့ရပေမည်။
“မနှစ်ကတော့ ဆရာမလင်ပေါ့၊ ဒီနှစ် အပ်ချုပ်သမားလင် ဆိုပြီးထွက် ဖြစ်တယ်။ လူတိုင်းတော့ ကျွန်တော် ပြသလို ဖြစ်ချင်မှ ဖြစ်မှာပေါ့။ တချို့ ကျတော့လဲ လက်တွေ့တကယ်ရှိနေတာ ရှိတယ်” ဟု ကိုဖိုးလပြည့်က ဆိုသည်။
ထော်လာဂျီတစ်ခုပေါ် ဆိုင်ကယ် အသစ်တစ်စီးတင်ထားပြီး ကောင်မလေး တစ်ဦးက အတင်းကပ်နေဟန်ပြုကာ ဆိုင်ဘုတ်တွင် “Clicke မှ လိုက်ဟို့”(ဆိုင်ကယ်အကောင်းစားနဲ့မှ လိုက်မယ်)ဟု ရေးသားကာ ခုခတ်မိန်းကလေးများ ငွေမျက်နှာကြည့်ပုံကို သရော်ထားသည် ကိုလည်း တွေ့နိုင်ငါသည်။

အချို့က လူနာများ၊ ဆရာဝန်ရှား သော ပြည်သူ့ဆေးရုံများ၏ ဝန်နှင့်အား မမျှမှုကို မီးမောင်းထိုးပြကြသည်။
ထိုအဖွဲ့တွင် ဆရာဝန်အဖြစ် ဂျူတီ ကုတ်ဝတ်ဆင်ကာ သရုပ်ဆောင်သူ တစ်ဦး၊ သူနာပြုအဖြစ် သရုပ်ဆောင် သူတစ်ဦးနှင့် လူနာအဖြစ်သရုပ်ဆောင် သူ သုံးဦးတို့ဖြင့် အလုအယက် ဆေးကု သမှု ခံယူနေရသည်ကို ပုံဖော်တင်ဆင် သည်။
“ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ဆန္ဒတော့မပါဘူး။ ပြည်သူတွေ ခံစားနေရတာကို တင်ပြချင်တာ တစ်ခုပါပဲ” ဟု ‘ ပြည်သူ့ဆေးရုံ’ပွဲ ဇံ အဖွဲ့ခေါင်းဆောင် ကိုလင်းမြတ်ကျော်က ဆိုသည်။

ညင်းမော်ကျေးရွာ ညောင်ရေသွန်း ပွဲတွင် ယခုကဲ့သို့ ခေတ်အခြေအနေ အဖြစ် အပျက်များကို သရုပ်ဖော်လာခဲ့သည်မှာ ဆယ်စုနှစ် ချီခဲ့ပြီ။
ညင်းမော်ကျေးရွာ ကဆုန်ညောင် ရေသွန်းပွဲတွင် ပွဲဇံဖြစ်လာသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က နွားလှည်းဖြင့် ရေပုံများတင်ဆောင်ကာ ဗောဓိပင်ကို သွန်းလောင်းရာမှ စတင် ခဲ့သည်ဟု ဦးမြင့်ဆွေလေးကပြောသည်။ ညောင်ရေသွန်းပွဲလာ ပရိသတ်ကို ဗုဒ္ဓဝင်ပြကွက်များ ပြသနိုင်ရန် ပြုလုပ် ရာမှ ယနေ့အခြေအနေအထိ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

သာဖွားပေးမည့် အရပ်ဆေးဆရာ တစ်ဦးကို အားကိုးပြီး ကလေးမွေးဖွားခဲ့ရ သည့်ပုံများ၊ ထမင်းဖြစ်လာအောင် စပါးကို ကြိတ်ဆုံဖြင့် ကိုယ်တိုင် ကြိတ်နေသည့်ပုံများဖြင့် တင်ဆက်ဖျော် ဖြေခဲ့ဖူးသည်ဟု ညင်းမော်ကျေးရွာ အသက်ကြီး ဝါကြီးများက ပြောသည်။
“အခုခေတ်လိုပစ္စည်းအတုတွေ မသုံးဘူး၊ အစစ်တွေကို လှည်းပေါ် တင်ပြီး ထွက်ကြတာ”ဟု အသက် ၇၀ အရွယ် ဦးမြင့်ဆွေလေးက ဆိုသည်။
လူထုဆန္ဒများကို ပြောဆိုပြသခွင့် လုံးဝနီပါးမရှိသော ခေတ်ဆိုးတွင်ပင် ဇာတ်လမ်း၊ ဇတ်ကွက်များဖြင့် သရုပ် ဖော်လာခဲ့ခြင်း ဖြစ်သည်။

“အဲဒီခေတ်ကတော့ နည်းနည်း တော့ ကြောက်ရတာပေါ့။ ကိုယ့်ဇာတ် လမ်းကို ကိုယ်ပြန်ရှင်းပြနိုင်ရင်တော့ ဘာမှမဖြစ်ပါဘူး” ဟု အသက် ၆၄ နှစ်အရွယ် ဦးသိန်းအောင်က ဆိုသည်။
ထိုခေတ်ကတော့ ယခုခေတ်လို ထော်လာဂျီများဖြင့်မဟုတ်။ နွား လှည်များဖြင့် သရုပ်ဖော်ကာ လှည့်လှည် ခဲ့ကြသည်။
ယခုကား ထော်လာဂျီများပေါ်က သရော်ချက်များပါသည့် ပွဲဇံကို ညင်း မော်ညောင်ရေသွန်းပွဲတွင် နှစ်တိုင်းတွေ့ နေရပြီ ဖြစ်သည်။ နောင်နှစ်ခါများတွင် လည်း ခေတ်ကိုသရော်သည့် ပြကွက် များကတော့ ညင်းမော်ညောင် ရေသွန်းပွဲတွင် ရှိနေဦးမည်ဖြစ်သည်။

“ကျွန်တော်တို့ ရွာမှာရှိနေဦး မယ်ဆိုရင်တော့ နှစ်တိုင်း ထွက်ဖြစ် နေမှာပါ” ဟု ညင်းမော်ရွာသား ကိုလင်းမြတ်ကျော်က ဆိုလေသည်။